ရတနာပုံ၏ နိဒါန်းနှင့် နိဂုံး

ရတနာပုံ၏ နိဒါန်းနှင့် နိဂုံး

ယမန်နေ့မှ အဆက်

ယခုကဲ့သို့ တစ်မျက်နှာတည်းမှ တိုက်နေလျှင် နေ့ရက်ကြန့်ကြာ၍ အရေးမပြီးနိုင်ပြီ။ သို့ဖြစ်၍ တပ်အချို့က စစ်ရေးမြှူစေပြီးလျှင် တပ်အချို့က အရှေ့ဘက် ရတနာနဒီမြစ်ရိုးမှ   ပန်း၍ တောရိပ်ခိုပြီးလျှင် အရှေ့ဘက်မျက်နှာက  ရုတ်တရက် ဝင်ရောက်တိုက်ခိုက်မှ သင့်မည်ဟု ညှိနှိုင်းဆွေးနွေးကြရာ သဘောတူညီကြသောကြောင့်...

ရွှေလှံဗိုလ်တပ်၊   ညောင်ရွှေစော်ဘွားကြီး၊ ရပ်စောက်စော်ဘွားကြီးတို့ တပ်များက အရှေ့ရတနာနဒီမြစ်ရိုးက ကွေ့၍စောင့်ပြီး၊ တောချုံတို့ကို မြင်း ၅ဝ နှင့် တိုးဝှေ့ဝင်ရောက်နေစေပြီးလျှင် ဗိုလ်ချုပ်ရှေ့ဝင်းတော်မှူးတပ်က စစ်ရေးမြှူစေသည်။ ဤတွင် သူပုန်တို့တပ်မှ လူ ၅၅ဝ ကျော်ခန့် ထွက်၍တိုက်သည်တွင် တောတန်းမှ အသင့်ရှိသော ရွှေလှံဗိုလ်နှင့်  ညောင်ရွှေစော်ဘွားကြီး၊   ရပ်စောက်စော်ဘွားကြီးတို့    တပ်များသည် နောက်ထပ်ပိုး၍ ဝင်ရောက်တိုက်ခိုက်ကြရာ သူပုန်တို့တပ်နှင့် ဓားချင်းလှံချင်း အထွေးထွေး ရှိကြလေသည်။

နောက်ဆုံးတွင် သူပုန်တို့သည် မခံမရပ်နိုင်ဘဲ တပ်ဦးပျက်သွားရာ တပ်မကြီးပါ ပျက်ပြားဆုတ်ခွာ ထွက်ပြေးကြလေသည်။

ဤအခါတွင် ညောင်ရွှေစော်ဘွားကြီး၊ ရပ်စောက် စော်ဘွားကြီးနှင့် ရွှေလှံဗိုလ်တို့ စွဲကိုင်ထားသော  အလွန်ကောင်းသည့် ဓားများသည် လူ၏ဦးခေါင်းတွေကို အကြိမ်များစွာ ထိုးခုတ်ပိုင်းဖြတ်ရသည့် အတွက် ဓားသွားများမှာ လွှသွားကဲ့သို့ဖြစ်လျက် တွေ့ရပြီးလျှင် လူများမှာလည်း လက်မထူနိုင်အောင် ပင်ပန်းကြသည်ဟူ၏။ သူပုန်တို့လည်း အများအပြား သေဆုံးကြလေသည်။

သို့ကြောင့်မတ္တရာကျော်စည်တစ်လွှားကို အောင်တော်မူလေသည်။ ဗိုလ်ချုပ်ရှေ့ဝင်းမှူး မင်းကြီး မဟာမင်းခေါင်ကျော်စွာသည် တပ်ကို ရှေ့ဆက်ချီတက်ပြီးလျှင် မတ္တရာမြို့အရောက်တွင် တပ်စွဲ၍ အခိုင်အမာနေကြလေသည်။

မတ္တရာအနီး စက်ထိပ်ဘုရားတွင် သူပုန်တို့တပ်ရှိနေသည်ကို ညောင်ရွှေစော်ဘွားကြီးတပ်တစ်တပ်၊ရွှေလှံဗိုလ်တပ်တစ်တပ်၊ နတ်ရှင်ရွေးဗိုလ်တပ်တစ်တပ်၊ ဤတပ်သုံးတပ်က မဆုတ်မဆိုင်း တိုက်ဖျက်ရမည်ဟု ဗိုလ်ချုပ်ရှေ့တော်ဝင်းမှူးက အမိန့်ဆင့်ဆိုချက်အရ ထိုတပ်သုံးတပ်က အပြင်းထွက်၍ တိုက်ရာ သူပုန်တို့တပ်များ   ပျက်သောကြောင့် ထိုနတ်စက်ထိပ်ဘုရားကုန်းကို တပ်မတော်က ရရှိလိုက်လေသည်။

ဤသို့လျှင် မတ္တရာကြောင်း၌ အောင်ပွဲရလေပြီ။

အခြားနေရာမှ တပ်များမှာလည်း သူပုန်တို့နှင့် နေရာအသီးသီးတွင် ရင်ဆိုင်ရလေသည်။ တောင်ဒဝယ်ဗိုလ်တပ်၊ လကျ်ာကြောင်း ဗိုလ်တပ်နှင့် ရွှေပြည်ဗိုလ် တပ် ၃ တပ်သည် စကားပင်ဥမှင်ရွာနှင့် ရေနံ့သာမြို့ရှိ သူပုန်တို့တပ်ဘက်က ဆီးကြိုခုခံသော တပ်တို့ကိုတွေ့ရာတွေ့ရာတိုင်း တိုက်ဖျက်အနိုင်ရပြီး ငစဉ့်ကူးမြို့အရောက် ဆက်လက်ချီတက် တပ်စွဲထားကြလေသည်။

ဤအရေးအခင်းတွင် မင်းတုန်းမင်းတရားကြီး သားတော်   သုံးဆယ်မင်းသားကြီးအား လည်း လက်နက်လူသူ အများပေးအပ်၍  အင်းဝမြို့မှာ တပ်စွဲရပ်နေစေသည်။ သားတော်မက္ခရာမင်းသားကြီးကိုလည်း  လက်နက်လူသူ  အများပေးအပ်၍ အမရပူရမြို့မှာ တပ်စွဲရပ်နေစေသည်။ သားတော် ညောင်ရမ်းမင်းသားကြီးကိုလည်း လက်နက်လူသူ အများပေးအပ်၍ မြို့တော်အနောက် ဧရာဝတီမြစ်ဆိပ်ကရပ်နေ တပ်စွဲထားစေရသည်။

အားလုံးအရပ်ရပ် အခြေအနေမှာ တပ်မတော်ကြီးမှ အရေးသာလျက် ရှိနေသည်က များလေသည်။

မင်းတုန်းမင်းတရားကြီးသည် ဤအခြေအနေကို သိမြင်တော်မူသည်။ တိုင်းနေပြည်သူ ရှင်လူအများတို့ကိုလည်း    ငြိမ်းချမ်းသာယာစွာ ရှိနေစေလိုသည်။

ထို့ကြောင့် ...

အိမ်ရှေ့မင်း အတွင်းဝန်ဦးဘဲ၊ ဦးငြိမ်း၊ အိမ်ရှေ့သံတောင်ဆင့် မောင်ဘိုးမင်း၊ မောင်ဘိုးမောင်၊ အိမ်ရှေ့မင်း ကိုယ်လုပ်တော် ခင်သိုက်၊ ကျီဝန် မဟာမင်းလှကျော်ထင်၊ သစ်တောဝန် မင်းကျော်ဘိသေက ပညာတို့နှင့် ဆရာတော် သံဃာတော်တို့ကို တူတော် သူပုန်ပန်းတိမ်း မင်းသားထံစေလွှတ်၍ လိုက်ပါလာလျှင် သူကောင်းပြုတော်မူမြဲ ပြုတော်မူမည်ဟု အမိန့်တော်ရှိသော်လည်း   ပန်းတိမ်းမင်းသားက လိုက်ပါခြင်းမရှိဘဲ ခိုင်မာစွာ ရပ်တည်မြဲရှိခဲ့သည်။

နောက်ထပ်၍လည်း  သိမ်းသွင်းတော်မူလျက် ရှိခဲ့သည်။ ယခုအခါ၌   ပန်းတိမ်းမင်းသားဘက်မှ    ကျောက်ဆည်ဝန် မောင်မှုံနှင့် ၎င်း၏သား ဗိုလ်ချုပ်ပြုလုပ်သူ မောင်တင်၊ မိုးကောင်းဗိုလ်မောင်သဲ၊ ဒေါင်းကြဗိုလ် မောင်ကုလားတို့သည် တောင်ဘက်ကိုးခရိုင်နယ်မြေမှ လက်နက်လူသူ စုရုံးချီတက်ရောက်လာ၍ ငစဉ့်ကိုင်ရွာအနီးတွင် တပ်စွဲရပ်နေပြီးလျှင် ဗိုလ်ချုပ်မောင်တင်က အရှေ့ရွာသစ်ရွာနေ  ဗိုလ်ခေါ်ခံ မောင်ငြိမ်းကို စေလွှတ်၍ ပန်းတိမ်းမင်းသားဘက်မှ အမှုထမ်းရန်  မြို့ကရုသူကြီး မောင်ဘိုးမြစ်၊ ပုလိပ်ကျေးရွာနေ မောင်ဘိုးကြီးတို့ကို စာချွန်ပေးအပ် ဆင့်ဆိုသည်။ သို့ကြောင့် မောင်ဘိုးမြစ်၊ မောင်ဘိုးကြီးတို့က  လက်နက်လူသူစည်းကြပ်၍ မောင်တင်တပ်နှင့် ပေါင်းစပ်ပြီး သူပုန်တို့ဘက် ခိုဝင်ကြသည်။

ဆိုခဲ့သည့်အတိုင်း ကျောက်ဆည်ဝန်မောင်မှုံ၊ သားဖြစ်သူ ဗိုလ်ချုပ်မောင်တင်တို့ သူပုန်အဖွဲ့သို့ ပုလိပ်ရွာနေ   မောင်ဘိုးကြီးတို့  အသိုက်အဝန်း ဝင်ရောက်ပူးပေါင်းလျက် သူပုန်တပ်ကြီးစွဲနေစဉ် အတွင်း၌    တောင်ဘက်  ငစဉ့်ကိုင်ရွာအနီး ညောင်ပင်ကြီးစခန်းတွင် မင်းတုန်းမင်းတရားကြီး ဘက်တော်မှ မိုင်းစိပ်စော်ဘွားကြီးတပ်က တိုက်ဖျက် ချေမှုန်းလိုက်သောကြောင့် သူပုန်တပ်များမှာ ပျက်ပြား ထွက်ပြေးကြရလေသည်။ မြို့ကရုသူကြီး မောင်ဘိုးမြစ်မှာ မြင်းနှင့်ကိုယ်လွတ် ထွက်ခွာပြေးပြီးလျှင်   အင်းဝနယ်၌ရှိနေသော   သူပုန်ငတောက်တဲ့၏ တပ်တွင်းသို့ ခိုဝင်သွားပြန်သည်။

တပ်ပျက်၍ ပြေးလာသော သူပုန်ဗိုလ်မောင်တင်နှင့်အဖ ကျောက်ဆည်ဝန်မောင်မှုံ၊ ပုလိပ်ရွာမှ မောင်ဘိုးကြီးတို့ကို သိုထန်ရွာသို့ရောက်လာ၍ သိုထန်သူကြီးက ဖမ်းဆီးရမိလိုက်သောကြောင့် ယင်းသူပုန်မောင်တင်နှင့် အဖမောင်မှုံတို့အား အဆုံးစီရင် ကွပ်မျက်လိုက်လေသည်။

ထို့နောက်  သူပုန်တို့ဘက်မှ  ဗိုလ်ခေါ်ခံသူ မောင်နု၊ မောင်ရွှေယုံ၊ မောင်ရွှေအုံး၊ မောင်ငြိမ်းတို့ တပ်တစ်တပ်သည်လည်း   ဆီဆုံရွာအနီးတွင် ဘုရင်ဘက်တော်မှ ရပ်စောက်နှစ်မြို့ဝန်၏ တပ်ဦးနှင့်တွေ့ဆုံ၍ တိုက်ပွဲဖြစ်ပွားရာ သူပုန်တို့တပ်ပျက်သွားပြန်လေသည်။  မင်းတုန်းမင်း တရားကြီး၏ ဘက်တော်မှ အဆိုပါ ရပ်စောက်နှစ်မြို့ဝန်မောင် အောင်တိုးသည်     ရှမ်းအမျိုးသားတပ်သား လက်နက်ကိုင်   လူတစ်ထောင်ကျော်နှင့်အတူ ပုလိပ်ရွာ အရှေ့ဘက်၌တပ်စွဲ၍  အခိုင်အမာနေလေသည်။

ထိုအချိန်တွင် သားတော် မက္ခရာမင်းသားကြီးက ကိုယ်ရံတော်သူရဲကောင်း လူနှစ်ရာကျော်နှင့် မြို့ပြင်ကြီးရွာအရပ်တွင် တပ်စွဲ၍ အခိုင်အမာနေလေသည်။

တစ်ဖန်    သူပုန်ပန်းတိမ်းမင်းသားဘက်မှ တောင်တွင်းသား မောင်မိတ်က ဗိုလ်ချုပ်ပြုလုပ်၍ ဗိုလ်ခေါ်ခံ မောင်စပယ်နှင့် ဗိုလ်ပေါင်း ၅ဝ ကျော်၊ လက်နက်ကိုင် လူတစ်သောင်းကျော်တို့နှင့် ချီတက်လာပြန်လေသည်။ ၎င်းတို့ တဘက်ဆွဲအရပ်သို့ ရောက်လာလျှင် ဘုရင့်ဘက်တော်မှ  ပုဏ္ဏားဝန် မင်းလှမင်းတင် ရာဇတပ်နှင့် ရင်ဆိုင်တိုက်ပွဲဖြစ်ကြလေသည်။ သို့ရာတွင် သူပုန်တို့ဘက်မှ လူအားကောင်း၍ ပုဏ္ဏားဝန်ဘက်မှ လူနှင့်မမျှတသောကြောင့် တပ်တော်ရွေ့လျောရလေသည်။ သို့ကြောင့် သူပုန်မောင်မိတ်တို့တပ်သည် ပုလိပ်ရွာနှင့်တကွ ဒုဋ္ဌာဝတီ(မြစ်ငယ်) မြစ်တောင်ဘက် ကမ်းခြေတစ်လျှောက်၌ တပ်စွဲ၍ အခိုင်အမာနေကြလေသည်။

ထိုနေရာတွင် ရပ်စောက်နှစ်မြို့ဝန်တပ်နှင့် သူပုန်တို့ တိုက်ပွဲဖြစ်ကြပြန်သည်။ နေ့ညဉ့်မပြတ် တိုက်ပွဲဖြစ်ပွား ပြင်းထန်လျက်ရှိသည်။

သို့ရာတွင် နှစ်မြို့ဝန်တပ်က လူတစ်ထောင်ကျော်သာ ရှိ၍ သူပုန်တို့ဘက်မှ လူတစ်သောင်းကျော်ဖြစ်ပြီး အင်အားချင်း မမျှမတဖြစ်၍  တပ်ခြကြွတော့မည်  ရှိနေဆဲအချိန်တွင် ရွှေလှံဗိုလ်မဟာမင်းလှစည်သူတပ်က ရွှေလှံအမှုထမ်း  သေနတ်ကိုင်သူရဲ   လူ ၅ဝဝ ဆိုက်ရောက်လာပြီးလျှင် ပုလိပ်ရွာအရှေ့ဘက် အင်းစောက်တွင် လူ ၄ စုခွဲ၍ ခုခံပေးနေလေသည်။

ထိုအတောအတွင်းမှာပင် ရှမ်းလူမျိုး လက်နက်ကိုင် တပ်သား နှစ်ထောင်၊ ဗိုလ်မှူးတပ်မှူး အစုံနှင့် သီပေါစော်ဘွားကြီး ကိုယ်တိုင် အုပ်ချုပ်၍ ချီတက် ဆိုက်ရောက်လာသောကြောင့် သူပုန်တို့သည် ရှေ့သို့မတိုးဝံ့ဘဲ ရှိလေတော့သည်။

ဆက်လက်ဖော်ပြပါမည်။