ဘောလုံးကန်ပြီးလျှင်လည်း ကျောင်းဘေးမှာ ကွေ့ဝိုက်စီးဆင်းနေသော ရေနီမြောင်းတွင် ရေချိုး၊ ကျွမ်းထိုး၊ ရေကူးဆော့ကစားကြသည်။ ကျောင်းမှာချိုးလိုလျှင်လည်း ရေတွင်းရေကန်ရှိသည်။
ကျောင်းပိတ်ရက်စနေ၊ တနင်္ဂနွေမှာတော့ သန့်ရှင်းရေး၊ စိုက်ပျိုးရေးလုပ်ပြီးသည်နှင့် ဘော်ဒါဆောင်ဘေးမှ ညောင်ပင်များပေါ်မှာ စိန်လိုက်တမ်း ကစားရသည်ကို မောင်ငြိမ်းချမ်းအလွန်သဘောကျသည်။ ညောင်ကိုင်းများမှာ ရှည်လျားစွာကိုင်းညွတ်၍ တစ်ပင်နှင့်တစ်ပင်ကိုင်းချင်းယှက်နေသည်။ ကိုင်းများပေါ်မှာ တစ်ကိုင်းမှတစ်ကိုင်း၊ တစ်ပင်မှတစ်ပင် ကူးသွားနိုင်ပါသည်။
လိုက်သူက ကမ်းမိလျှင်ရှုံးပါသည်။ အောက်မှမြေကြီးပေါ်သို့ ဆင်းလျှင်လည်းရှုံးပါသည်။ ညောင်ကိုင်းများမှာ မြေပြင်နှင့်နီးကပ်စွာ ကိုင်းညွတ်နေသောကြောင့် အန္တရာယ်မရှိပါ။ မြင့်သောကိုင်းများကို တက်သွားမိလျှင် ကူးစရာမရှိ၍ အမိခံရတတ်ပါသည်။ တောသားဖြစ်၍ သစ်ပင်တက်ကျွမ်းသော မောင်ငြိမ်းချမ်းအတွက် အလွန်ပျော်စရာ ကောင်းသော ကစားနည်းဖြစ်သည်။
မောင်ငြိမ်းချမ်းတို့လို ငယ်သောကလေးများမှာ ဂျင်ပေါက်ခြင်းနှင့် ကျောက်ဒိုးရိုက်ခြင်းကိုလည်း ကစားကြသည်။
စနေ၊ တနင်္ဂနွေကျောင်းပိတ်ရက်တို့တွင် ကျောင်းသားကြီးများနှင့်အတူ မြို့ထဲသွားခွင့်ရသည်။ ဗထူးကွင်းသို့ သွား၍ ဘောလုံးပွဲကြည့်နိုင်သည်။ သွားရသည်ကတော့ ခြေကျင်ဖြစ်သည်။ မြင်းဆွဲရထားလုံးများတွင် မောင်းသူမသိအောင် နောက်ဘက်မှ ခိုကပ်စီးရသည်က ပျော်စရာ။
ရထားလုံးမောင်းသူသည် ခေါင်မိုးပေါ်တွင် ထိုင်မောင်း၍ စီးသူက ရထားလုံးအတွင်းမှ ထိုင်ခုံတွင် ထိုင်စီးရသည်။ ရထားလုံး၏ နောက်ဘက်တွင် ကလေးတစ်ယောက် ခိုကပ်စီးနင်းလိုက်ပါလျှင် မသိနိုင်ပါ။ သိလျှင်တော့ ကြာပွတ်ရှည်နှင့် လှမ်းရိုက်ပါသည်။ ထိလျှင်အလွန်နာသည်။ နောက်မှခုန်တက်ရာတွင် မညင်သာလျှင် မောင်းသူသိပါသည်။ ပါးနပ်လိမ္မာစွာ အတက်ညင်သာလျှင် မောင်းသူမသိပါ။ ခရီးအဝေးကြီးအထိ ပိုက်ဆံမကုန် အရိုက်မခံရဘဲ လိုက်ပါခွင့်ရလျှင် ပျော်စရာကောင်းပါသည်။ ကိုယ်ဆင်းချင်သည့်နေရာရောက်မှ အသာကလေးဆင်းကျန်ရစ်သည်။
မောင်ငြိမ်းချမ်းတို့ မိဘမဲ့ကျောင်းသားများအတွက် ဆော့ကစားနည်းတစ်မျိုးပင်ဖြစ်သည်။
_ _ _ _ _
မယုံနိုင်ဖွယ်ကြောက်စရာမြင်ကွင်း
မိဘမဲ့ကျောင်းဘော်ဒါဆောင်သို့ မောင်ငြိမ်းချမ်းရောက်သည်မှာ တစ်လခန့်ရှိသွားပြီ။ နေထိုင်ရသည်မှာလည်း အစစအရာရာနေသား တကျရှိသွားပါပြီ။
တစ်ရက်တွင် မောင်ငြိမ်းချမ်းအိပ်ရာမှ စောစောနိုး၍ မျက်နှာသစ်ရန် အများသုံးမျက်နှာသစ်ရေကန်ရှိရာသို့ သွားသည်။
ဘော်ဒါဆောင် အပေါ်ထပ်မှာ အာဂန္တု(ဧည့်သည်)အဖြစ်ရောက်ရှိနေထိုင်သော ဘုန်းကြီးအိုကြီးကို တွေ့ရသည်။ ဆေးကုရန်ရောက်နေခြင်းဖြစ်သည်။ ရက် ၂၀ ခန့်ရှိပြီ။ ဘုန်းကြီးအိုကြီးက ရေကန်ဘေးမှာထိုင်၍ သွားတိုက်နေသည်။
“ဟင်...အမယ်လေး...ကြောက်စရာကြီး”
မောင်ငြိမ်းချမ်း၏ လှမ်းနေသောခြေထောက်ရပ်သွားသည်။ သွားတိုက်နေပုံကထူးဆန်းလွန်းသည်။ မောင်ငြိမ်းချမ်း ဤသွားတိုက်ပုံမျိုး တစ်ခါမျှမမြင်ဖူးပါ။ ပါးစပ်ထဲမှသွားကို သွားပွတ်တံနှင့်တိုက်နေခြင်းမဟုတ်။ သွားများကို ခွေလိုက်ချွတ်၍ လက်ထဲမှာ ကိုင်ထားပြီး သွားပွတ်တံနှင့် တိုက်နေခြင်း ဖြစ်သည်။ ဘုန်းတော်ကြီးက ရေပါချိုးမည်ဖြစ်ဟန်တူသည်။ အောက်ပိုင်းတွင် သင်းပိုင်ဝတ်ထားသော်လည်း အပေါ်ပိုင်းမှာ သင်္ကန်းမရှိပါ။ ပိန်လည်းအလွန်ပိန်၍ နံရိုးအပြိုင်းပြိုင်းဖြစ်နေသည်။ ဘုန်းတော်ကြီး၏ ပကတိပုံကပင် ကြောက်စရာကောင်းနေသည်။ လက်ထဲမှာ သွားခွေကြီးကိုင်ပြီး သွားပွတ်တံနှင့် တိုက်နေသောအခါ မောင်ငြိမ်းချမ်းမှာ မမြင်ဖူးသော အထူးအဆန်းလည်း ဖြစ်၍ ရှေ့ဆက်မတိုးဝံ့တော့ပါ။ ကြောက်ရွံ့အံ့သြစွာ ကြည့်ရင်း နောက်သို့တဖြည်းဖြည်း ဆုတ်လာမိသည်။
ရွာမှာနေခဲ့စဉ်က ညအခါများတွင် စပါးတလင်းထဲမှ ကောက်ပြန့်ပေါ်မှာ သရဲတစ္ဆေ၊ စုန်းကဝေပုံပြင်များကြားခဲ့ရသည်။ ပုံပြင်တစ်ခုတွင် စုန်းမကြီးသည် သူ၏ဦးခေါင်းခွံကိုချွတ်ခွာ၍ ခေါင်းပေါ်မှသန်းများကို ရှာနေကြောင်းကြားရစဉ်က လွန်စွာကြောက်ခဲ့သည်။ ယခုမြင်ရသည်ကလည်း ထိုပုံပြင်နှင့်တူနေသည်။ သွားများကို ခွေလိုက်ချွတ်ပြီး သွားတိုက်နေခြင်းဖြစ်သည်။
မောင်ငြိမ်းချမ်း မျက်နှာမသစ်ဝံ့တော့ပါ။ ရွာပြန်ရောက်လျှင် ညအမှောင်မှာ ကြောက်စရာပုံပြင်များ ပြောကြသည့်အခါ ကိုယ်တွေ့မျက်မြင်အဖြစ် ဤမြင်ကွင်းကိုပြန်ပြောမည်ဟုလည်း မှတ်ထားလိုက်သည်။
သို့သော် မောင်ငြိမ်းချမ်း နောက်ကြောင်းပြန်လှည့်သောအခါ သူ့နောက်မှနိုးလာသူများ မျက်နှာသစ်ရန်၊ ရေချိုးရန် ရေကန်ဆီသို့သွားနေကြသည်။ မောင်ငြိမ်းချမ်း တစ်နေရာမှ ရပ်စောင့်ကြည့်သည်။ ဘာမျှပြဿနာမရှိကြ။ ဘုန်းကြီးအိုကြီးနှင့်အတူ မျက်နှာသစ်ကြ၊ ရေချိုးကြသည်။ မောင်ငြိမ်းချမ်းကတော့ ဘုန်းကြီးအိုကြီးမရှိတော့မှ ရေကန်သို့ပြန်သွားရ၏။
ဆရာဦးစံလှိုင်နှင့် တွေ့မှပြောပြသောအခါ ဆရာဦးစံလှိုင် အားပါးတရရယ်ပါသည်။ ပြီးမှအံကပ်သွားတုဖြစ်ကြောင်း မောင်ငြိမ်းချမ်းကိုရှင်းပြသည်။
ထိုအခါကျမှ အံကပ်သွားတုရှိကြောင်း မောင်ငြိမ်းချမ်းနားလည်ရသည်။ ဘုန်းကြီးအိုကြီးကို မသင့်မလျော်ထင်မိ သည့်အတွက်လည်း စိတ်မကောင်းဖြစ်ရသည်။ ကြောက်သောစိတ်များ ပြေပျောက်သွားပါပြီ။ အံ့သြစရာ အထူးအဆန်း အတွေ့အကြုံ ဖြစ်ပါ၏။
လယ်တွင်းသားစောချစ်