ရတနာပုံ၏နိဒါန်းနှင့်နိဂုံး အမှတ်စဉ်(၁၀၉)

အဆိုပါ သီပေါစော်ဘွားကြီးတပ်သည် ပုလိပ်ရွာ၏ မြောက်ဘက်မြေ ဘုရားကုန်းပေါ်တွင် တပ်စွဲနေလေသည်။

ရွှေလှံဗိုလ် မဟာမင်းလှကျော်သူတပ်က ပုလိပ်ရွာ အရှေ့ကျောင်းဝိုင်းက တပ်စွဲနေလေသည်။ ဤသို့လျှင်  စစ်မျက်နှာဆိုင်ပြိုင်နေကြရသည့် သူပုန်တို့၏ အင်အားက ကြီးမားလှသည်။ အိမ်ရှေ့ မင်းသားကြီး၏ မျက်နှာကြောင့် သားတော်ပန်းတိမ်းမင်းသားကို လူအင်အား အများက အထောက်အကူပြု လျက်ရှိကြောင်း သိရှိနိုင် လေသည်။

သို့ရာတွင် မင်းတရားကြီးဘက်တော်မှ နောက်ထပ်ရောက်လာသော စစ်ကူများမှာ တောင်မာရဘင်ဗိုလ် ခေါင်တုန်မြို့စား မဟာမင်းခေါင်နော်ရထာနှင့် မာရဘင် အမှုထမ်း သေနတ်ကိုင်တပ်တစ်တပ်။

ရွှေပြည်မှန်ကင်းဗိုလ် ညောင်ရွှေစော်ဘွားကြီး တပ်တစ်တပ်၊ ဗိုလ်မင်နှင့် သူကောင်ထမ်းတပ်တစ်တပ်။ ထိုတပ်ကြီး သုံးတပ်သည် အိုးထိန်းတောင်အရပ်ကနေ၍ ဒုဋ္ဌာဝတီမြစ်ကို ကူးလာကြရာ ပုလိပ်ရွာနှင့် ဒုဋ္ဌာဝတီ မြစ်၏ တောင်ဘက် ကမ်းခြေတစ်လျှောက်၌ရှိနေသော သူပုန်တို့တပ်များက ထိုသတင်းကို  ကြားသည်နှင့် တစ်ပြိုင်နက်တည်း အဆီးအတားမရ တပ်သားတို့ ကိုယ်လွတ်ရှောင်ရှား၍ ထွက်ပြေးသွားကြလေသည်။

ယင်းသို့ သူပုန်တပ်ကြီး ခြေအကြွတွင် ရပ်စောက်နှစ်မြို့ဝန်တပ်မှ ရှမ်းလူမျိုးသူရဲတို့သည် ၎င်းတို့နောက်မှ ထက်ကြပ်လိုက်၍ တိုက်ခိုက်ကြပြန်ရာ သူပုန်အမြောက်အမြားတို့ ဓားဦးလှံဦးတွင် သေကြရလေသည်။ အချို့သူပုန်တို့မှာ ကြောက်ရွံ့ခြင်း ပြင်းစွာဖြစ်၍ ပုလိပ်ရွာ အနောက် ဂျုံးဂျုံးကျချောင်းကို ဖြတ်ကူးပြေးပြန်ရာ လူအများ ရေတွင်နစ်၍ သေဆုံးကြပြန်လေသည်။ ဤတွင် သူပုန်တို့၏ အင်အားကြီးမားလှသည် ဆိုသော တောင်တွင်းတပ်ကြီးမှာ ပျက်စီးဆုံးခန်းတိုင် ရောက်လေ တော့သည်။

ထိုအချိန်မှာပင် မင်းတုန်းမင်းတရားကြီး၏သားတော် သုံးဆယ်မင်းသားကြီးတွင် လက်နက်ကိုင် လူသူအများနှင့် ရတနာပူရအင်းဝမြို့ နန်းတော်ရာ အရှေ့ဘက်၌ အခိုင်အမာ တပ်စွဲနေလေသည်။

ဘုရင့်ဘက်တော်မှ မူးသာဗိုလ်၊ သံပြာဗိုလ်၊ တောင် တစ်ရာ့ငါးဆယ်ဗိုလ်၊ မင်းတင်၊ မင်းကျော်တင်တို့၏ တပ်တစ်တပ်သည် တပါယ်မြို့ လေးမျက်နှာဘုရားတွင် သူပုန်တပ်များဖြစ်သော ဗိုလ်ခေါ်ခံ မောင်ပြားတပ်နှင့် တွေ့ဆုံတိုက်ပွဲဖြစ်ကြရာ သူပုန်ဗိုလ်မောင်ပြားမှာ ကျည်သင့်၍ သေဆုံးလေသည်။

မူးသာဗိုလ်တို့တပ်သည် ဆင်ထဲ ရွှေချောင်းရပ်တွင် တစ်ကြိမ်၊ သင်ပန်းရွာတောင်ကြွေးငြိမ်းဘုရားမှာ တစ်ကြိမ်၊ အခြားသူပုန်တို့တပ်များနှင့် ထပ်မံတွေ့ဆုံ တိုက်ပွဲဖြစ်ကြပြန်သည်။ ယင်းတိုက်ပွဲတွင် မူးသာဗိုလ် တို့တပ်က ဆုတ်ခဲ့ရပြီးလျှင် တဲတော်ရွာ ပေါင်းလဲကြီး ဘုရားတွင် တပ်စွဲနေရလေသည်။

ယင်းသို့ရှိနေစဉ် ပန်းတိမ်းမင်းသား၏ သူပုန်တပ်မှ ဗိုလ်ချုပ်ပြုလုပ်သူ မောင်တောက်တဲ့နှင့် တပ်ဦးဗိုလ် နတ်မီးသွေးတို့က ကြွေးငြိမ်းဘုရားမှ တပ်စွဲ၍ ဝိုင်းလေသည်။ သူပုန်ဗိုလ်မောင်အိုက တံတားဦး မင်္ဂလာစေတီ က တပ်စွဲ၍ ဝိုင်းလေသည်။

ယင်းကဲ့သို့ သူပုန်များက ထပ်၍ ဝန်းရံလျက်ရှိ သောကြောင့် လက်နက်လူသူ ထပ်မံတောင်းဆိုရန် မူးသာဗိုလ်မောင်လတ်သည် ပေါင်းလဲကြီးဘုရား တပ်တွင်းက တစ်ကိုယ်ချင်းထွက်လာခဲ့ရာ သုံးဆယ် မင်းသားကြီး တပ်တော်သို့ ရောက်ရှိလာပြီး သူပုန်တို့ ဝိုင်းထားခြင်းခံနေရကြောင်း လျှောက်တင်လေသည်။

သို့ကြောင့် စိန်တဘော်ဗိုလ်တပ်ကို ပေါင်းလဲကြီး ဘုရားတွင်းသို့ ထပ်မံစေလွှတ်သည်။   သို့သော် နောက်တစ်နေ့တွင် ပေါင်းလဲကြီးဘုရားတွင်းရှိ ဘုရင့်တပ်တော်ကို သူပုန်တို့တိုက်ခိုက်ရာ စိန်တဘော်ဗိုလ်၊ သံပြာဗိုလ်တို့ကို သူပုန်တို့က ရမိသွားလေသည်။

ယင်းရမိသွားသော ဘက်တော်က ဗိုလ်များကို သင်ပန်းရွာတောင်ဘက်တွင် သူပုန်ဗိုလ်မောင်တောက်တဲ့က အဆုံးစီရင်လိုက်ခြင်းခံရလေသည်။

သို့သော် သူပုန်တပ်တို့သည် ပုလိပ်ရွာဘက်ရှိ သူတို့၏ တောင်တွင်းတပ်ကြီး ပျက်သွားကြောင်း ကြားသိကြရသောကြောင့် အင်းဝမြို့အနီးရှိ သူပုန်တို့တပ်ကြီး အားလုံးပျက်သွားရလေသည်။ ထို့နောက် မှာလည်း ပန်းတိမ်းမင်းသား သူပုန်တို့ဘက်ကတပ်များနှင့် ဘုရင့်တပ်တော်များ တွေ့ဆုံတိုက်ပွဲ ဖြစ်ပွားခဲ့လေသမျှ သူပုန်တို့တပ်များ ပျက်ပြားရသည်ချည်းဖြစ်လေသည်။ ထိုအချိန်တွင် သားတော် ညောင်ရမ်းမင်းသားကြီးမှာ တပ်တော်နှင့်အတူ စစ်ကိုင်းဘက်တွင်ရှိနေရာ ညောင်ရမ်း မင်းသားကြီး၏ တပ်မှ တပ်ဦးဗိုလ် ပဲ့ချိတ်မောင်ပေါက်သည် တပ်နှင့်အတူ ကျောက်မြောင်းမြို့ ဥယျာဉ်တွင် သူပုန် ပန်းတိမ်းမင်းသားတို့ရှိရာနေရာသို့ ဖမ်းဆီးရန်ထွက်ခွာသွားလေသည်။

ညောင်ရမ်းမင်းသားကြီးတပ်မှ တပ်ဦးဗိုလ်၊ ခိုတောင် ပဲ့ချိတ်မောင်ပေါက်သည် တပ်သားများနှင့်အတူ ကျောက်မြောင်းမြို့ ဥယျာဉ်အတွင်း ရောက်ရှိနေသော ပန်းတိမ်းမင်းသားနှင့် ညီဖြစ်သူ ကြေးမြင့် မင်းသား၊ တိုင်တားမင်းသား၊ တောင်ပုံမင်းသားတို့ကို တပ်တော်နှင့် ဝိုင်းထားဖမ်းဆီးလိုက်သည်။ ပန်းတိမ်းမင်းသားဘက်မှ သူပုန်တပ်များသည် နေရာအနှံ့အပြားမှာ အရေးနိမ့်၍ စိတ်ဓာတ် ကျဆင်းလျက်ရှိသည်။

ဖမ်းဆီးရမိပြီးဖြစ်သော ပန်းတိမ်းမင်းသား၊ ကြေးမြင့် မင်းသား၊ တိုင်တားမင်းသား၊ ပုံတောင်မင်းသား တို့ကို ကျောက်မြောင်းမြို့မှ ရွှေပန်းတန်လှေတော်နှင့်တင်၍ တပ်သားများဝန်းရံကာ စစ်ကိုင်းမြို့ရှိ ညောင်ရမ်း မင်းသားကြီးတပ်သို့ ပို့ရလေသည်။

ပန်းတိမ်းမင်းသား ခေါင်းဆောင်သော ညီတော်များ နှင့် သူပုန်တပ်သားများကို ဖမ်းဆီးရမိခြင်းကြောင့် အရေးတော်ပြီးငြိမ်းအောင်မြင်သဖြင့်  အင်းဝမြို့ကို ထိုအချိန်မှစ၍ အောင်မြေသာစည် ဟူ၍ အမည်သမုတ် ခဲ့လေသည်။

ပန်းတိမ်းမင်းသား၏ ပုန်ကန်မှုသည် တစ်လကျော် အချိန်ကြာကာလတွင် အပြီးသတ် အောင်နိုင်ခဲ့ခြင်းဖြစ်၍ ပုန်ကန်စအခါကမူ အင်အားအတော်ပင် တောင့်တင်း၍ ဘုရင့်ဘက်မှ ခက်ခက်ခဲခဲ ခုခံခဲ့ရလေသေးသည်။

ဖမ်းဆီးရမိသော ပန်းတိမ်းမင်းသားနှင့် ညီတော်များကို သားတော် ညောင်ရမ်းမင်းသားကြီးက ခမည်းတော် မင်းတုန်းမင်းတရားကြီးထံ ဆက်သရာ မင်းတုန်းမင်း တရားကြီးသည် တူတော် ပန်းတိမ်းမင်းသားနှင့်တကွ ကြေးမြင့်မင်းသား၊ တိုင်တားမင်းသား၊ ပုံတော်မင်းသား တို့ကို အပြစ်အလျောက် စီရင်တော်မမူဘဲ ကြင်နာ ငဲ့ညှာတော်မူသည်။ သို့ကြောင့် ခေတ္တအချုပ်နှင့်ထားပြီး နောက် ရွှေနန်းတော်တွင်းဝယ် အကျယ်ချုပ်သဘော အငြိမ်အဝပ်နေထိုင်ရန် ထားတော်မူသည်။ သို့ရာတွင် ပန်းတိမ်းမင်းသားသည် ကောင်းစွာမနေ၊ စိတ်ဓာတ် ပြင်းထန်၍ အကြံအစည်ကိုမလျှော့ဘဲ များမကြာမီ ၎င်းင်း၏နှမ ရန်အောင်မြင်မင်းသမီးနှင့် တိုင်ပင်အဆက် အသွယ်ပြုကာ မကောင်းကြံပြန်သည်။

ဤအကြိမ်တွင် ပန်းတိမ်းမင်းသား၏ အမှုပေါ်တွင် လွှတ်တော်က ကိုင်လိုက်ရလေပြီ။ အထောက်အထားနှင့် အမှုထင်ရှားသောအခါ  မည်မျှသက်ညှာခဲ့စေ အရာမထင်နိုင်တော့သဖြင့် လွှတ်တော်က နောက်နောင် အခါလည်း ရန်မီးမငြိမ်း ပုန်ကန်ထောင်ထားဦးမည်သာ ဖြစ်၍ နောက်လိုက်နောက်ပါ ကျေးကျွန်သင်းပင်းများ အတွက်ပါ အမှုအခင်းစီရင်ရန်များပွားများကျယ်ပြန့် ရန် ရှိနေခြင်းကြောင့် အမိန့်တော်မြတ်ခံပြီး ပန်းတိမ်း မင်းသားအား  သုံးတန်းပေး၍  ပန်းတိမ်းမင်းသားကို အဆုံးစီရင်လိုက်ရသည်။ ကျန်ညီတော်များကိုမူကား ရာဇဝတ်အပြစ်မှ ချမ်းသာ ပေးတော်မူလေသည်။

မင်းတုန်းမင်းတရားကြီးသည် တူတော် ပန်းတိမ်းမင်းသားအား များစွာ သက်ညှာတော်မူခဲ့ဖူးသည်က ထင်ရှားနေလေသည်။            

ဒဂုန်ခင်ခင်လေး