ရတနာပုံ၏နိဒါန်းနှင့်နိဂုံး အမှတ်စဉ်(၁၁၀)

ပန်းတိမ်းမင်းသား၏ စိတ်ဓာတ် အာသာပြင်းပြလွန်း၍ နောင်တိုင်းပြည်အရေးအခင်း   မအေးမည်ကြောင့် ကျောသားရင်သားမခွဲ၊ တရားဥပဒေနှင့် တစ်ပြေးတည်း ပြုလိုက်ရခြင်းသာ ဖြစ်သော်လည်း စိတ်တော်ထဲကမူ ညီတော်အိမ်ရှေ့မင်းကြီး၏ မျက်နှာကိုမြင်နေကာ မောင်ညိုမိုက်လို့ခုလို ဖြစ်ရသည်ဟု မြည်တွန်တောက်တီးတော်မူလေသည်။

ယင်းကိစ္စနှင့်စပ်လျဉ်း၍ နိုင်ငံခြားသားတစ်ယောက်က ဝင်ရောက်ခြေရှုပ်လိုက်ပြန်သေးသည်။ သူ၏သဘောမှာ အိမ်ရှေ့မင်း၏သားတော်၊ သမီးတော် အဆက်အနွယ်များက မင်းတုန်းမင်း တရားကြီးအပေါ် အထင်လွဲမှား၍ အကြည်ညိုပျက်စေရန် ရည်သန်သည့်အပြင် လူများ အဖို့လည်း မင်းတုန်းမင်းတရားကြီးအပေါ် အထင်လွဲမှားစေချင်သည်။

သူသည် အင်္ဂလိပ်၏ ကိုယ်စားလှယ်အဖြစ် ရောက်ရှိသော အင်္ဂလိပ်စစ်ဗိုလ်ကြီး စလေဒင်ဆိုသူဖြစ်လေသည်။သူက ပန်းတိမ်းမင်းသားကို အသက်ချမ်းသာပေးရန် မင်းတရားကြီးထံဝင်၍ အသနားခံ ပေးသေးသည်။

သို့သော် မင်းတုန်းမင်းတရားကြီး အချိန်မီအဆောင် တော်ပြင်သို့ထွက်မလာ၍     အချိန်နောက်ကျပြီး“လွတ်စေ”အမိန့်က နောက်ကျမှရသဖြင့် ပန်းတိမ်းမင်းသားကို စီရင်ကွပ်မျက်ပြီး ဖြစ်နေသည်ဟု သတင်းလုပ်သည်။ ၎င်းသတင်းမှာ မင်းတရားကြီးက တမင်အချိန်နောက်ကျအောင် ပြုနေသယောင် ထင်ရသော သဘောသက်ရောက်စေသည်။ နာမည်ကောင်းရလို ရငြား သေမည်ဟု မျက်နှာဖြူဆိုက်နေပြီ ဖြစ်သောလူနာကို လျှာပွတ်ဆေးဝင်တိုက်ခြင်းသာ ဖြစ်မည်။

သို့တည်းမဟုတ် ပန်းတိမ်းမင်းသားလို အဆိပ်ပြင်းသော မြွေပွေးကလေးကို မင်းတုန်းမင်းကဆက်လက်သည်းခံပြီး ခါးပိုက်ထဲထည့်ထားစေလိုသော စေတနာမျိုးလည်း ဖြစ်နိုင်လေသည်။  သူတို့သည် မြန်မာပြည်၏ အေးချမ်းသာယာမှုကို အထူးမလိုလားသူများဖြစ်သည်။

မင်းတုန်းမင်းတရားကြီးသည် အရပ်စကားနှင့်သုံးနှုန်း ပြောဆိုပါမူ သူတို့ထက်ပါးပါသည်၊ နားလည်ပါသည်။

ဤမျှအဆိပ်ပြင်းနေသော မြွေပွေးကလေးကို ဘယ်နည်းနှင့် မျှထား၍ ခါးပိုက်ထဲ ထည့်ထားနိုင်တော့မည် မဟုတ်ပါလေ။

သူတို့    တိတ်တဆိတ်ပင့်မြှောက်ပေးမှုကြောင့် မြင်ကွန်းမင်းသားကြီး သွေးကြွပုန်ကန်ပြလိုက်သော လူသတ်ပွဲကြီးမှာ  သူတို့မျက်ကြောတင်းနေသော အိမ်ရှေ့မင်း အနိစ္စရောက်၍ ကွယ်ပျောက်ခဲ့ရလေပြီ။

နောက်ဆက်တွဲ ပန်းတိမ်းမင်းသားကလေးနှင့် မီးမွှေးပေးလိုသောဆန္ဒရှိသည်မှာ ထင်ရှားလှသည်။ အင်္ဂလိပ်အားကိုးနှင့် တစ်ဇွတ်ထိုးပုန်ကန်ခဲ့သူ မြင်ကွန်းမင်းသား ကြီးမှာ သူ၏ကြိုးပမ်းမှု အရာမရောက်၍ အောက်ပြည်သို့ စုန်ဆင်းပြီး အင်္ဂလိပ်မင်းထံခိုလှုံသွားသည်ကပင် အလွန်ထင်ရှားလှသော  သူတို့၏ ခြေရှုပ်မှုကြီး ဖြစ်မှန်းသိရှိ နိုင်လေသည်။

အင်္ဂလိပ်တို့သည် မြင်ကွန်းမင်းသားကြီး၏ အကယ်အမှန်အားထားရာကားဖြစ်မလာခဲ့ပေ။  ရန်ကုန်တွင်မြင်ကွန်းမင်းသားကိုဖမ်းထားပါသည်။ မင်းတုန်းမင်းပိုင်ရေနန်းစကြာ သင်္ဘောတော်ကြီးကိုလည်း မြင်ကွန်းမင်းသားထံမှသိမ်းယူပြီး  ရတနာပုံနေပြည်တော်ကြီးသို့ ပြန်ပို့ပါသည် စသောစကားများဖြင့် မိတ်ဆွေဝတ္တရား မပျက်ပြုမူခဲ့သည်။ မြင်ကွန်းမင်းသားကြီးကလည်း ရန်ကုန်မှငြိမ်ဝပ်စွာ အချုပ်အဖမ်းခံနေရခြင်း မဟုတ်သောကြောင့် နေပြည်တော်နယ်စပ်တစ်လွှားသို့ မကြာခဏ လာရောက်နှောင့်ယှက် ဖျက်ဆီးလျက်ရှိသည်။ အမှန်အကျယ်ချုပ်ဆိုပါက ဤမျှလွတ်လပ်စွာ လာရောက် တိုက်ခိုက်နိုင်မည် မဟုတ်ပါ။ ခမည်းတော်ကို တစ်မျိုးညာလျက် သားတော်ဘက်ကိုလည်း လက်တို့ခြေတို့နှင့် မစို့မပို့မြှောက်ပေးလျက်ရှိသည်။

သူတို့သည် မြင်ကွန်းမင်းသားကြီးအား တကယ်တမ်းလိုလားပါက ပြတ်ပြတ်သားသားအားပေးခဲ့ပါလျှင်သူတို့လက်နက်များကြောင့် အထက်မြန်မာပြည်ကို အသာတကြည်သိမ်းပိုက်နိုင်ပေလိမ့်မည်။ သိမ်းပိုက် မိလျှင် မြင်ကွန်းမင်းသားကြီးအား ထီးနန်းပေးအပ်ရပေလိမ့်မည်။ သူတို့သည် မြင်ကွန်းမင်းသားကြီး ရှင်ဘုရင်ဖြစ်သွားမည်ကို နည်းနည်းမျှမလိုလားပါ။

မြင်ကွန်းမင်းသားကြီးကခက်ထန်သည်။   သူတို့ကြိုးဆွဲရာကမည့်သူမဟုတ်ဘဲ မင်းတုန်းမင်းထက်ပင်အပေါင်းရ အသင်းရခက်မည့်သူမှန်း   သိရှိနားလည် ကြပါသည်။ ဒါကြောင့်သာ ရက်ရက်ရောရော အားပေးခြင်းမပြုကြ။ အိမ်ရှေ့မင်း၏အန္တရာယ်ကို  ရှင်းပစ်ရုံကလေးသာ အလိမ္မာနှင့် အသုံးပြုလိုက်ခြင်း ဖြစ်ပါသည်။

“ယာလည်းညက်စေ၊ ကြက်လည်းမောစေ”ဆိုသောစကားပုံအတိုင်း၊ ကောက်ကျစ်စဉ်းလဲသော ကျားငစဉ်းလဲ၏ စေတနာမျိုးသာထားရှိလေသည်။ ထို့ကြောင့်ပင် မြင်ကွန်းမင်းသားကြီးမှာ သူ၏ အင်္ဂလိပ်မိတ်ဆွေ၏ ခြေလိမ်ခြင်းကိုမြင်၍ မရွှင်မပျနှင့် ပြင်သစ်က မိတ်ဆွေကို လက်လှမ်းခဲ့ရခြင်း ဖြစ်ပါလိမ့်မည်။

ဤအထောက်အထားများကို နောက်ပိုင်း၌ မြင်ကွန်းမင်းသားကြီး၏ အကြောင်းအရာများ ရေးသားရာတွင် ပိုမိုထင်ရှားစွာ တွေ့မြင်ရဦးမည် ဖြစ်ပါသည်။

သူပုန်မင်းသားအဖြစ်နှင့် နောက်ဆုံးတွင် သက်သာခွင့် မပေးနိုင်တော့ဘဲ အဆုံးစီရင်ခံသွားရသူ မဟာသီရိဓမ္မရာဇာ ထိပ်တင်ညိုခေါ် ပန်းတိမ်းမြို့စားမင်းသားသည် အိမ်ရှေ့စံ ကနောင် ကိုယ်တော်ကြီး၏ သားတော်အကြီးဆုံး ဖြစ်ပါသည်။

ပန်းတိမ်းမင်းသား၏မယ်တော်မှာ ကနောင်မင်း၏ ကိုယ်လုပ်တော်ကြီးဘဝနှင့် ရှိခဲ့ရာမှ    အိမ်ရှေ့မင်း ဖြစ်သောအခါ မြောက်ဆောင်တော်သခင်ကြေးဟူ၍ ထင်ရှားခဲ့သူ ဖြစ်ပါသည်။

ပန်းတိမ်းမင်းသား အရွယ်ရောက်သောအခါ မင်းတုန်းမင်းတရားကြီးက သူ၏သမီးတော် ကန္နီမြို့စားနှင့် မောင်လည်နှမလည် လက်ထပ်ထိမ်းမြား ပေးတော်မူထားပါသည်။

ပန်းတိမ်းမင်းသား၏ကြင်ရာတော်   ကန္နီမြို့စားမင်းသမီးသီရိသုစန္ဒာဒေဝီသည်  မင်းတုန်းမင်းတရား ကြီး၏ ဒုတိယမြောက်ဆောင်တော် မိဖုရားနန္ဒာဒေဝီ၏ သမီးတော်ဖြစ်ပါသည်။

အိမ်ရှေ့စံကနောင်မင်းသားကြီး မြင်ကွန်းမင်းသားလက်ချက်ဖြင့် နတ်ရွာစံသောအခါ ကျန်ရစ်ခဲ့သောကြင်ရာတော်များနှင့် သားတော်၊ သမီးတော်များမှာ အမြောက်အမြားရှိပါသည်။

အိမ်ရှေ့မိဖုရားနှင့်   ကိုယ်လုပ်တော်ပေါင်း ၅၂ ယောက်ရှိသည်။ သားတော်များက ၅၂ ယောက်ရှိသည်။ သမီးတော်ပေါင်းက ၅၀ ရှိသည်။ မြေးယောက်ျား ၁၅ ယောက်၊ မြေးမိန်းမပေါင်း ၂၀။ စုစုပေါင်း ၁၃၇ ဦး

တရားဝင်မွေးဖွားခဲ့ပါသည်။ သားတော်၊ သမီးတော်ပေါင်း ၁၀၂ ယောက်မှ ငယ်ကွယ်လွန်သူ ၄၀ မျှရှိရာ ၆၂ ယောက်သက်ရှိကျန်ခဲ့လေသည်။

ယင်းမိဖုရားသားတော်၊ သမီးတော်များကို အစီ အစဉ်အတိုင်း မှတ်တမ်းပြုရမည်ဆိုလျှင်   အောက်ပါ စာရင်းအတိုင်းဖြစ်ပါသည်။

၁။ အိမ်ရှေ့မိဖုရား သီရိသုမြတ်စွာရတနာဒေဝီ လှိုင်ထိပ်ခေါင်တင်မှဖွားမြင်သောသားတော်

          (၁) ထန်းတပင်မြို့စားမင်းသား။

          (၂)     ညီတော်တစ်ပါးငယ်စဉ်ကဆုံးသည်။

၂။       မြောက်ဆောင်တော်သခင်ကြေးမှဖွားမြင်သော သားတော်၊ သမီးတော်များမှာ...

          (၁)     သားတော် မဟာသီရိဓမ္မရာဇာဘွဲ့ခံ

                   ပန်းတိမ်းမြို့စား။

ဒဂုန်ခင်ခင်လေး