စာချုပ်သစ် ဆွေးနွေးမှုများကို ရပ်ဆိုင်းခဲ့ပြီး ယခုဘောလုံး ရာသီအကုန်တွင် ဘာစီလိုနာအသင်း တောင်ပံကစားသမား ဒမ်ဘီလီ အလွတ် ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာမည်

စာချုပ်သစ် ဆွေးနွေးမှုများကို ရပ်ဆိုင်းခဲ့ပြီး ယခုဘောလုံး ရာသီအကုန်တွင် ဘာစီလိုနာအသင်း တောင်ပံကစားသမား ဒမ်ဘီလီ အလွတ် ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာမည်

ဘာစီလိုနာအသင်း တောင်ပံကစားသမား ဒမ်ဘီ လီသည်  အသင်းနှင့်စာချုပ်သစ်ဆွေးနွေးမှုများကို ရပ်ဆိုင်းခဲ့ပြီး ယခုဘောလုံးရာသီအကုန်တွင် အသင်းမှ  အလွတ်ပြောင်းရွှေ့ကြေးဖြင့်  ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

အသက် ၂၄ နှစ်အရွယ်  ဒမ်ဘီလီသည်  ဒေါ့မွန်အသင်း၌ ကစားစဉ်က  ထိပ်တန်းအဆင့်ရှိ  ခြေစွမ်းပြသနိုင်ပြီးနောက် ၂ဝ၁၇ ခုနှစ်က ဘာစီလိုနာအသင်း သို့   မြင့်မားသည့် ပြောင်းရွှေ့ကြေး တစ်ရပ်ဖြစ်သော ယူရို ၁၃၅ သန်းဖြင့် ပြောင်းရွှေ့ကစားခဲ့ပြီး    ယခု ဘောလုံးရာသီအကုန်တွင်  အသင်းနှင့်စာချုပ် သက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။

ဒမ်ဘီလီအနေဖြင့် ဘာစီလိုနာအသင်း၌ ဒဏ်ရာ ပြဿနာများကြောင့် မကြာခဏအနားယူနေခဲ့ရသူ ဖြစ်ပြီး အသင်း၌ကစားခဲ့သည့် ငါးနှစ်တာကာလ အတွင်း ၁၂၉ ပွဲသာကစားနိုင်ခဲ့ပြီးနောက်  ဘာစီလို နာအသင်းမှ အစောပိုင်းက ရောင်းချရန်ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။

သို့သော် ဘာစီလိုနာအသင်း နည်းပြသစ်အဖြစ် ဇာဗီကိုခန့်အပ်ခဲ့ပြီးနောက် နည်းပြ ဇာဗီက ဒမ်ဘီလီ  ၏ခြေစွမ်းပိုင်းကို  သဘောကျသည့် အတွက် ဘာစီ လိုနာအသင်းထံ သက်တမ်းတိုး စာချုပ်ချုပ်ဆိုပေး ရန် တောင်းဆိုမှုများ ပြုလုပ်ခဲ့သောကြောင့် အစောပိုင်းက သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

ဘာစီလိုနာအသင်းနှင့် ဒမ်ဘီလီတို့ သက်တမ်းတိုး စာချုပ်ချုပ်ဆိုမှုတွင် ဒမ်ဘီလီက စာချုပ်သစ်အတွက် တစ်နှစ်လုပ်ခလစာ ယူရို ၄၃ သန်းခန့်အထိ အလိုရှိနေပြီး ဘာစီလိုနာအသင်းက အသင်း၏ ဘဏ္ဍာရေး အကျပ်အတည်းများကြောင့် တစ်နှစ်လုပ်ခလစာ ယူရို ၁၂ သန်းခန့်သာ ပေးချေလိုသည့်အတွက် နှစ်ဖက်ကြား    လုပ်ခလစာညှိနှိုင်းမှု အဆင်မပြေဖြစ်ခဲ့ကာ စာချုပ်သစ် ချုပ်ဆိုရန် ဆွေးနွေးမှုအားလုံးကို ရပ်ဆိုင်း    ခဲ့ပြီးနောက် ယခုဘောလုံးရာသီ အကုန်တွင်အလွတ်ပြောင်းရွှေ့ကြေးဖြင့် အသင်းမှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။