ရတနာပုံ၏နိဒါန်းနှင့်နိဂုံး အမှတ်စဉ်(၁၁၂)

မြင်ကွန်းမင်းသားကြီး၏ ဤသို့ကြမ်းကြုတ်ရက်စက်သော သတင်းသည် နန်းတွင်းနန်းပြင်ပြန့်ပွားသွားခြင်း ကြောင့် ခမည်းတော်ကို လုပ်ကြံသတ်ဖြတ်ရန်ကြိုးစားမှု၊ ဘဒွေးတော်ယောက္ခမ၊ အိမ်ရှေ့မင်းကြီးကို လုပ်ကြံသတ်ဖြတ်မှုများအတွက် အဖသတ်မင်းသား အဇာတသတ်မင်းသားအား လူအများစုက ရှုတ်ချကဲ့ရဲ့သည့်

နည်းတူ တစ်တန်းတစ်စားတည်း ထားခဲ့ခြင်းခံရသည်။

အဖရင်းကိုပင် သတ်မည့်သားပေပဲ၊ ကြင်ယာဇနီးမယားလောက်ကို ရက်စက်ကြမ်းတမ်းစွာ ပြုမူသည်မှာ အထူးဆိုဖွယ်ရာ မရှိတော့ကြောင်း ဝေဖန်ခဲ့ကြလေသည်။

သို့ရာတွင် မြင်ကွန်းမင်းသား၊ မြင်းခုံတိုင်မင်းသားတို့ ပုန်ကန်မှုတွင် အသက်ဆုံးရှုံးရသူများမှာ အိမ်ရှေ့စံ ကနောင်မင်းမှအစ မလွန်မင်းသား၊ ပြင်စည်မင်းသား၊ စတုမင်းသားများအလယ် သတိုးမင်းကြီး သမိန်ဘေဖြတ်စ၊ တောင်ဒဝယ်ဗိုလ်မင်းတင်မင်းလှကျော်ခေါင်၊ ကင်းဝန်မဟာမင်းလှဇေယျသူ၊ မြတောင်ဝန်ကြီးဦးမှိုစသော ဝန်ကြီးများအဆုံး အသက်ဆုံးရှုံးခဲ့ရပြီး ဒဏ်ရာအပြင်းအထန်ရရှိသော အရာရှိကြီးများမှာ လောင်းရှည်ဝန်ကြီး၊ လက်ဝဲ၀င်းမှူး၊ လယ်ဝန်၊ သံတော်ဆင့်နားခံတော်၊ ငရနဲမြို့အုပ် စသူတို့ဖြစ်ကြောင်းကို ရာဇဝင်၌ အထင်အရှား မှတ်တမ်းတင်ထားခဲ့သော်လည်း မြင်ကွန်းမင်းသားကြီး၏ ကြင်ယာတော်တောင်ညိုမင်းသမီးအကြောင်းကို လုံးဝဖော်ပြမှတ်တမ်းပြမထားခဲ့ပေ။

မြင်ကွန်းမင်းသားကြီးအရေးရှုံးနိမ့်၍ ရေနန်းစကြာသင်္ဘောကို ကပ္ပတိန်ခရာသီတို့အား ဓားမိုးယှက်၍ ခုတ်မောင်းစေကာ အောက်မြန်မာပြည်ရှိ အင်္ဂလိပ်အစိုးရ လက်အောက်ခံ ခိုဝင်ရောက်သွားရသည် မှာလည်း အေးဆေးစွာ သွားရခြင်းမဟုတ်၊ အသက်ကိုမနည်းလုယက်ထွက်ပြေးရခြင်း ဖြစ်ရာ ကြင်ယာတော်ကို အပထား၍ မည်သည့်ကိုယ်လုပ်တော်မောင်းမများမှအတူ ပါသွားခြင်းမရှိသေး။ ကိုယ်လွတ်ထွက်ပြေးရသော မင်းသားကြီး ရန်ကုန်ရောက်ချိန်၊ ဆေးဂုံမြို့ရောက်ချိန်များမှာ တဖြည်းဖြည်း ကိုယ်လုပ်တော်အချို့ ရတနာပုံ နေပြည်တော်မှ ထွက်ပြေးရောက်ရှိလာရခြင်း ဖြစ်လေသည်။

နောက်ပိုင်းတွင်လည်း ကြင်ယာတော်ကြီးဖြစ်သူတောင်ညိုမင်းသမီးအကြောင်းမှာ တိမ်မြုပ်ပျောက်ကွယ် သွားလေသည်။

ယင်းသို့ပျောက်ကွယ်နေရသည်မှာ အသတ်ခံရမည်ဆိုသော သတင်းဆိုးကို အမှန်ယူဆ လက်ခံရမည် ကဲ့သို့ရှိချေသည်။ မိမိခမည်းတော်အတွက် အသက်ပေးလိုက်ရှာသော တောင်ညိုမင်းသမီး၏ အရေးအခင်းအမှန်ကို မည်သို့သော အကြောင်းမျိုးကြောင့် ရာဇဝင်မှတ်တမ်းတွင် မပါဝင်ရပါသနည်း။ အချို့အယူအဆက ဤသတင်းမဟုတ်၍သာ ရာဇဝင်မှတ်တမ်း၌မပါခြင်း ဖြစ်သည်ဟု ဆိုကြပြန်သည်။

သို့ရာတွင်   တောင်ညိုမင်းသမီး၏အမည်သည် ၁၂၂၈ ခုနှစ် မြင်ကွန်းအရေးတော်ပုန်ကန်မှု ပြီးသွားသည်မှစ၍ တိမ်မြုပ်ပျောက်ကွယ်နေခြင်းက အသက်ထင်ရှားမရှိတော့၍သာဖြစ်ရမည်ဟု ယူဆရမည်ကဲ့သို့ ရှိလေသည်။

တောင်ညိုမင်းသမီးသည် အိမ်ရှေ့မင်း၏ မြောက်ဆောင်တော်မိဖုရားရှင်ကြေးမှ ဖွားမြင်သူဖြစ်၍ ပန်းတိမ်းမြို့စား မင်းသား၊ ရန်အောင်မြင်မြို့စားမင်းသမီး၊ စပ္ပာယ်နဂိုမြို့စားမင်းသမီးတို့နှင့်တစ်မိတည်း၊ တစ်အူထုံ့ဆင်း မင်းသမီးကြီးတစ်ပါး ဖြစ်လေသည်။

မင်းတုန်းမင်းတရားကြီးကလည်း တူမတော်၊ ချွေးမတော် တောင်ညိုမင်းသမီးအား အသက်ထင်ရှားရှိနေပါသေးက ပစ်ပယ်၍ထားတော်မူမည်မဟုတ်တန်ရာ၊ ပုန်ကန်မှုကြီးသည် မြင်ကွန်းမင်းသားကြီး၏ အပြစ်သာ ဖြစ်သည်။  တောင်ညိုမင်းသမီးက  ပုန်ကန်မှုကိစ္စ၌ ပါဝင်အားပေးသူ မဟုတ်ကြောင်း ခွဲခြားသိရှိနိုင်လေသည်။

သို့ဖြစ်ပါလျက် ၁၂၂၈ ခုနှစ်ကစ၍ အိမ်ရှေ့မင်းကွယ်လွန်၍ ကိုးနှစ်မြောက်ဖြစ်သော ၁၂၄၇ ခုနှစ်တွင် သားတော်များရှင်ပြုရာ၌ တောင်ညိုမင်းသား သတိုးမင်းရဲကျော်ဟူ၍ ပါလာပြီးနောက် ၁၂၄၇ ခုနှစ်မြန်မာတစ်နိုင်ငံလုံး နယ်ချဲ့လက်အောက်သို့ စုံးစုံးမြုပ်ရောက်သွားရသောခေတ်အထိ   ၁၉    နှစ်လုံးလုံး တောင်ညိုမင်းသမီး၏ အမည်အကြောင်းအရာတို့က လုံးဝတိမ်မြုပ် ပျောက်ကွယ်သွားခဲ့ခြင်းကို ထောက်ချင့်ပါက စိတ်ဝင်စားဖွယ်ရာပင်ဖြစ်နေသည်။

၁၂၄၀ ပြည့်နှစ် မင်းတုန်းမင်းနတ်ရွာစံပြီးနောက် သီပေါမင်းနန်းတက်သောအခါ ဆင်ဖြူမရှင်မိဖုရားကြီးနှင့် လွှတ်တော်ဝန်ကြီးတို့ အစီအရင်ဖြင့် မင်းသားကြီးများကို ဖမ်းဆီးထိန်းသိမ်းထားခဲ့ရာမှ ၎င်းနှစ် တပို့တွဲလဆန်း ၁၀ ရက်နေ့ည ၉ နာရီအချိန်တွင် လက်သုံးတော်ကြီးတို့ ရုတ်တရက်လာရောက် သုတ်သင်သတ်ဖြတ်ရာ မင်းသား၊ မင်းသမီးပေါင်း ၈၀ ကျော် အသက်ဆုံးရှုံးကြရသည်။   ဤသို့အသက်ဆုံးရှုံးခံရသော မင်းသားမင်းသမီးများ၏   စာရင်းကိုမူ  ရာဇဝင်၌ အထင်အရှားမှတ်တမ်းပြုထားလေသည်။

ထိုသို့အသတ်ခံရသောမင်းသားမင်းသမီးများစာရင်း၌ “တောင်ညိုမြို့စားမင်းသား” ဟူ၍ တွေ့ရသည်။

၎င်းမှာ မင်းတုန်းမင်းတရားကြီး၏ မိဖုရား(သက်ပန်းရွာစားသက်ပန်းမိဖုရားခေါ်သည်)၏ သားတော်ရွှေဂူ မင်းသား၊ ရနောင်မင်းသားနှင့် တောင်ညိုမင်းသားဟူ၍ ပူးတွဲဖော်ပြထားလေသည်။ ဤတွင် ၁၂၂၈ ခုနှစ်ကမြုပ်သွားသော တောင်ညိုမြို့စား မင်းသမီးနေရာတွင် ၁၂၄၀ ပြည့်နှစ်၌ တောင်ညိုမြို့စားမင်းသားတစ်ပါး ပါရှိလာသည်။ မူလတောင်ညိုမြို့စားမင်းသမီးမရှိတော့သဖြင့် လစ်လပ်နေသော တောင်ညိုမြို့ကို မင်းသားတစ်ပါးအား မြို့စားပေးလိုက်ခြင်းသာ ဖြစ်ပါမည်။

မင်းတုန်းမင်း၏ညီတော်   ပြင်စည်မြို့စားကြီး ကွယ်လွန်ပြီးနောက် သားတော်ကို ပြင်စည်မြို့စား သနားတော် မူသည်ကို သားတော်ပြင်စည်မြို့စား မြင်ကွန်းအရေး၌ အနိစ္စရောက်သွားသောအခါ လစ်လပ်နေသော ပြင်စည်မြို့စားအား သမီးတော်တစ်ပါးကို မြို့စားပေးအပ်သည်။ သို့ကြောင့် ပြင်စည်မင်းသမီးဟူ၍ ၁၂၄၇ ခုနှစ်အထိ ရှိနေခဲ့သည်။ ၎င်းပြင်စည်စုဖုရားအား အင်္ဂလိပ်တို့အုပ်စိုးရာတွင် တစ်လလျှင် ငွေ ၂၀၀ ကျပ်၊ အခြားသမီးတော်တို့နှင့်အတူ ပင်စင်လစာရရှိသည်။ ထိုသဘောကိုထောက်ရှု၍ တောင်ညိုမင်းသမီး သေဆုံးသွားခြင်းကြောင့်သာလျှင် လစ်လပ်နေသော တောင်ညိုမြို့ကို သားတော်တစ်ပါးသို့ ထပ်မံပေးသနားခြင်းဟူ၍ ယူဆရန်ရှိလေသည်။

တောင်ညိုမြို့စားမင်းသမီးသည် မသေဘဲ ကြင်ယာတော်ဖြစ်သူ သူပုန်မင်းသားကြီး မြင်ကွန်းမင်းသားနောက်သို့ လိုက်ပါသွား၍သာ လစ်လပ်နေသော တောင် ညိုမြို့ကို အခြားသားတော်တစ်ပါးဖြစ်သူ သက်ပန်းမိဖုရားသား သတိုးမင်းလှမင်းခေါင်သို့ မြို့စားသနားတော်မူလိုက်ခြင်းဟူ၍ကား မဖြစ်နိုင်သောကိစ္စပင်။ရန်ကုန်မြို့ အင်္ဂလိပ်နယ်ချဲ့ အစိုးရလက်အောက်၌ မြင်ကွန်းမင်းသားကြီးခိုလှုံနေစဉ်တွင် လည်းကောင်း၊ အိန္ဒိယပြည်နှင့် ပွန်ဒီချယ်ရီမြို့နှင့် ပြင်သစ်ပိုင် အင်ဒိုချိုင်းနားရှိ ဆေးဂုံမြို့တွင်လည်းကောင်း၊ မြင်ကွန်းမင်း သားကြီးနေထိုင်သွားရာ အရပ်များ၌ ကြင်ယာတော်တောင်ညို မင်းသမီးမပါရှိဘဲ အခြားကိုယ်လုပ်တော် ကြင်ယာတော် အချို့သာ(နောက်မှ) လိုက်ပါသွားကြရခြင်း ဖြစ်သည်။

တောင်ညိုမင်းသမီး ကိုယ်တိုင်ကလည်း ကြင်ယာတော် မြင်ကွန်းမင်းသားကြီးသည် မိမိခမည်းတော် အိမ်ရှေ့မင်းကြီးကို    လုပ်ကြံသတ်ဖြတ်သူ ဖြစ်သောကြောင့် တစ်ကြောင်း၊ ဘကြီးတော် မင်းတုန်းမင်း တရားကြီး၏ ကျေးဇူးသစ္စာတော်ကို ရိုသေစောင့်သိသူဖြစ်သောကြောင့် တစ်ကြောင်း၊ စိတ်သဘောချင်း မတူမျှသောမြင်ကွန်း မင်းသားကြီးနောက်တော်သို့ မည်သို့သော နည်းနှင့်မျှ လိုက်ပါနေထိုင်ခြင်းပြုမည့်သူ မဟုတ်သောကြောင့် ၁၉ နှစ်လုံး အမည်တိမ်မြုပ်ပျောက်ကွယ်နေရခြင်းမှာ အသက်ထင်ရှားမရှိတော့၍သာဟု အများသူငါတို့ ယူဆစရာဖြစ်ခဲ့ရပါသည်။ အချို့က အရေးပြီး ၁၀ နှစ်ရှိမှ ရိုးရိုးကွယ်လွန်သည်ဟုဆို၏။

 

ဒဂုန်ခင်ခင်လေး