ဝါရှင်တန်၊ ကျန်းမာရေး
နိုဗယ်ကိုရိုနာဗိုင်းရပ်က အလွန်သေးငယ်သော အမှုန်များအဖြစ် လေထဲမှ တစ်ဆင့်ပျံ့နှံ့နိုင် ကာ အကွာအဝေး ၆ ပေကျော်အထိ ရောက်နိုင်သည်ဟု ဖော်ပြထားသော လမ်းညွှန် ချက်မူကြမ်းကို အမေရိကန် ရောဂါကာကွယ်ထိန်းချုပ်ရေးဌာန (စီဒီစီ)၏ ဝက်ဆိုက်က စက်တင်ဘာ ၂၁ ရက်တွင် ဖြုတ်ချထားကြောင်း သိရသည်။
အဆိုပါဗိုင်းရပ်သည် အနီးအနားရှိ လူအချင်းချင်းကို ကူးစက်စေသည်သာမက လေထဲတွင် တဝဲလည်လည်ဖြစ်ပြီး အကွာအဝေး ၆ ပေကျော်အထိ ရောက်ရှိပျံ့နှံ့နိုင်ကြောင်း၊ စားသောက် ဆိုင်များ၊ အားကစားခန်းမများနှင့် ဝတ်ပြုရာနေရာများကဲ့သို့သော နေရာများတွင် လေထဲမှ တစ်ဆင့် ပိုမိုပျံ့နှံ့နိုင်ကြောင်း စီဒီစီက စက်တင်ဘာ ၁၈ ရက်တွင် ၎င်းတို့၏ ဝက်ဆိုက်၌ ဖော်ပြထားသည်။ စီဒီစီ၏ ထုတ်ပြန်မှုသည် လက်ရှိလုပ်ဆောင်နေဆဲဖြစ်သော နိုဗယ်ကိုရိုနာ ဗိုင်းရပ်ကူးစက်ပျံ့နှံ့ နိုင်စွမ်းနှင့်ပတ်သက်၍ ပြောဆိုထားမှုများကို ထောက်ခံထားသည့် သဘောဖြစ်သည်။
သို့သော် စက်တင်ဘာ ၂၁ ရက်တွင်မူ လမ်းညွှန်ချက်မူကြမ်းကို ဝက်ဆိုက်မှဖြုတ်ချထားပြီး ၎င်းတို့တင်ခဲ့သောလမ်းညွှန် ချက်မူကြမ်းကို မှားယွင်းတင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဗိုင်းရပ်က ထိုကဲ့သို့ လေထဲမှတစ်ဆင့် ပျံ့နှံ့နိုင်သည်ဟူသောအချက်နှင့် ပတ်သက်၍ ၎င်းတို့၏ အကြံပြု ချက်များကို နောက်ဆုံးအခြေအနေနှင့်အညီ ပြန်လည်ရေးဆွဲနေကြောင်း စီဒီစီက ဝက်ဆိုက် စာမျက်နှာထိပ်ဆုံး၌ ရေးသားထားသည်။
ထို့ကြောင့် လက်ရှိထုတ်ပြန်ထားသည့် အကြံပြုချက်မှာ ၆ ပေအကွာအတွင်းရှိ လူအချင်း ချင်းကြားတွင် ချောင်းဆိုး၊ နှာချေ၊ စကားပြောခြင်းတို့ကြောင့် ထွက်လာသည့် အမှုန် အစက် များမှတစ်ဆင့် ဗိုင်းရပ်ကူးစက်နိုင်သည်ဟု ဆိုထားခြင်းဖြစ်သည်။
သို့သော် စီဒီစီ၏လုပ်ရပ်သည် လက်ရှိတွင် ပြည်သူ့ကျန်းမာရေးကဏ္ဍ၌ အစိုးရ၏ နိုင်ငံရေး အရဝင်စွက်ဖက်မှုများရှိနေစဉ် ဆရာဝန်များ၊ ကူးစက်ရောဂါကျွမ်းကျင် ပညာရှင်များနှင့် ပြည်သူများ၏ စိုးရိမ်ပူပန်မှုများကို မြင့်တက်လာစေကြောင်း သိရသည်။
Ref: SCMP