ငယ်ဘဝ

ယမန်နေ့မှအဆက်

အရိုက်ခံရမှာကြောက်ပါသည်

မောင်ငြိမ်းချမ်းအရိုက်ခံရမှာ အလွန်ကြောက်သည်။ အသားအနာခံရမှာကြောက်သည်ထက် အပြစ်ပေးခံ ရမှာကို ကြောက်ခြင်းဖြစ်၏။ အပြစ်ရှိသူအပြစ်ကျူးလွန်သူ မဖြစ်ချင်။ ထို့ကြောင့် အပြစ်ကင်းအောင် သတိထားနေသည်။ အဖေကြီးကျောင်းမှာ နေစဉ်ကလည်း အဖေကြီးရိုက်သည်ကို မခံခဲ့ရ။ အလွန်အရိုက်ကြမ်းသော ရွာဦးဘုန်းကြီးကျောင်းမှာ နေခဲ့စဉ်ကလည်း ဘုန်းကြီးရိုက်သည်ကို မခံခဲ့ရ။

ယခုမိဘမဲ့ကျောင်းမှာလည်း အပြစ်ကင်းအောင် အကောင်းဆုံးနေသည်။ စာကြိုးစားသည်။ မိဘမဲ့ကျောင်းတွင် ဆရာတော် ဦးပဝရသည် ကလေးများနှင့် ရင်းနှီးချစ်ခင်စွာနေလေ့မရှိသော်လည်း လုံးဝမရိုက်တတ်။ အပြစ်ရှိလျှင် ဆူဆူပူပူပြောသည်နှင့်သာပြီး၏။ လက်ထောက်ဦးပဥ္စင်းနှစ်ပါးရှိသည်။ သူတို့က မထင်လျှင် မထင်သလို ရိုက်တတ်သည်။ သူတို့စိတ်ကျေနပ်နေလျှင် အတော်ကြီးသော အပြစ်ကိုပင် ဘာမျှမပြောဘဲ ခွင့်လွှတ်သည်။ သူတို့မကျေနပ်လျှင်တော့ မကြီးသောအပြစ်နှင့်လည်း ရိုက်ချင်ရိုက်သည်။ ထို့ကြောင့် ထိုဆရာတော်နှစ်ပါးကို မောင်ငြိမ်းချမ်းပို၍သတိထားသည်။

စနေတစ်ရက်တွင်   မိုးကသဲသဲမဲမဲရွာနေသည်။ ကျောင်းပိတ်သောရက်မို့ ဘော်ဒါကျောင်းသားများ၊ မိုးရွာထဲမှာ ဘောလုံးကန်ရန် ထွက်သွားကြသည်။ဦးပဥ္စင်းနှစ်ပါးမြင်ပါသည်။ သိပါသည်။ တားမြစ်ခြင်းမရှိ။

ကြီးသူရောငယ်သူများပါ အားလုံးပါဝင်ကစားကြသည်။ မောင်ငြိမ်းချမ်းလည်း ဘောလုံးကန်ချင်ပါသည်။မိုးရွာထဲမှာ ကစားရမည်ကိုလည်း သဘောကျသည်။ သို့သော် ဦးပဥ္စင်းနှစ်ပါးကို ခွင့်တောင်းပြီးမှ ခွင့်ပြုချက်အရ ကစားကြသည်တော့မဟုတ်။ အပြစ်မမြင်လျှင်ကိစ္စမရှိ။ အပြစ်ဟုထင်လျှင်တော့ ရိုက်ချင်ရိုက်မည်။

ဘောလုံးကွင်းထဲမှာဘောလုံးကစားကြသော ကျောင်းသားများ၏ ဆူညံသံသည် မိုးထဲလေထဲမှာပင် ကြားနေရ၏။ မောင်ငြိမ်းချမ်းဘောလုံးကွင်းဆီသို့ ပြေးသွားပြီး ကစားချင်စိတ်ဖြစ်လာသည်။ ဘော်ဒါဆောင်မှာခြေထောက်နာနေသော ကိုရင်သြဘာနှင့်သူသာ ကျန်ရစ်သည်။

“ဆရာ ကျွန်တော် သွားကစားချင်တယ်...”

“ဆရာဦးစံလှိုင်ကို ခွင့်တောင်းသောသဘောနှင့်ပြောမိသည်”

“မသွားပါနဲ့ကွာ...ဦးပဥ္စင်းတွေမျက်စိနောက်ရင် ခေါ်ရိုက်နေပါ့မယ်”

“မရိုက်ပါဘူး...ဦးပဥ္စင်းနှစ်ပါးလုံးသိတာပဲ ဘာမှမပြောပါဘူး...”

မောင်ငြိမ်းချမ်းသွားချင်နေသည်။

“မရိုက်လဲ မိုးမိပြီးဖျားရင် ကျောင်းပျက်မှာပေါ့ကွာ...”

ဆရာက မသွားစေချင်။ မောင်ငြိမ်းချမ်း မသွားတော့ပါ။ စာကျက်နေလိုက်သည်။

ဘောလုံးကစားသူများမှာ အတော်ပျော်ပုံရပါသည်။ တစ်နာရီကျော်အောင်ကြာသွားသည်။ ဘောလုံးကစားအပြီးမှာ ကျောင်းဝင်းခြံဘေးမှာရှိ စိမ့်အိုင်ထဲတွင် ရေချိုးကြသည်။ ပိုကဲသူများက စိမ့်အိုင်ပေါ်မှာ အုပ်မိုးလျက်ရှိသော ကုက္ကိုပင်ပေါ်တက်၍ ရေအိုင်ထဲသို့ ခုန်ချနေကြသည်။ ဆူညံသောအားပေးသံများ လက်ခုပ်တီးသံများနှင့် အပျော်ကြီးပျော်နေကြသည်။

ဆူလွန်းသောအသံများကြောင့် ဦးပဥ္စင်းအကြီးက ဘော်ဒါဆောင် ပြတင်းပေါက်မှလှမ်းကြည့်လိုက်သည်။

သစ်ပင်ပေါ်မှ ခုန်ချနေကြသည်များကို တွေ့လိုက်ရသည်။

“ဟင်...ဟိုကောင်တွေကြည့်စမ်း။ အောက်မှာသစ်ငုတ်၊ သစ်မြစ်နဲ့ထိရင် သေဦးမယ်...ပြီး...တော့လည်း မိုးရွာကြီးထဲမှာကြာလှပြီ...။ အအေးမိကုန်တော့မယ်...။ ကိုရင်သြဘာ သွားခေါ်စမ်း...”

ခြေထောက်နာနေသော ကိုရင်က သွားခေါ်ရသည်။ တော်တော်နှင့်ရောက်မလာကြ။ ရောက်လာပြန်တော့လည်း ဆူညံနေသည်။ ဦးပဥ္စင်းပို၍ စိတ်ဆိုးသွားသည်။

“မိုးရွာထဲထွက်ကစားတဲ့ကောင်တွေ အားလုံးလာခဲ့...ဒီမှာတန်းစီကြစမ်း...”

ဦးပဥ္စင်းဒေါသဖြစ်နေပြီဟု အားလုံးသိသွားကြသည်။

အဝတ်အစားအမြန်လဲပြီး ဦးပÍ္စင်းရှေ့မှာ တန်းစီထိုင်ကြသည်။

ဦးပÍ္စင်းက ဘာမျှစစ်ဆေးမေးမြန်းခြင်းမရှိ။ မိုးရွာထဲမှာ ဘောလုံးကန်သူအားလုံး တစ်ယောက်နှစ်ချက်စီရိုက်သည်။ ရိုက်ပုံက ဒေါသပါ၍ အားလုံးကျောကော့သွားကြသည်။

အရိုက်ခံရမှာကြောက်သော မောင်ငြိမ်းချမ်းဘောလုံးမကန်၍ အရိုက်မခံရ။

အရိုက်ခံရသော သူငယ်ချင်းများ၏ ကျောပြင်မှ နီရဲနေသော အရှိုးရာကြီးများကိုကြည့်ပြီး မောင်ငြိမ်းချမ်း စိတ်မကောင်းဖြစ်ရသည်။

“တော်သေးတာပေါ့ကွာ ...မင်းသူများပျော်တဲ့အချိန်မှာ မပျော်ဘဲ နေလိုက်တာမှန်သွားတယ်...”

သို့သော်...

နောက်တစ်ပတ်ကြာသောအခါ မောင်ငြိမ်းချမ်းအပြစ်ဟု မထင်မိသော အပြစ်ကြီးတစ်ခုကို အမှတ်မထင် ကျူးလွန်လိုက်မိသည်။

မောင်ငြိမ်းချမ်းကို အေဘီစီလေးမျိုးသင်ပေးခဲ့သောဦးပဥ္စင်း၏ ခုတင်ဘေးမှစားပွဲပေါ်မှာ သင်တုန်းဓားကို တွေ့သည်။ ဦးပဥ္စင်းမရှိ၊ မြို့ထဲသွားနေသည်။

သင်တုန်းဓား၏ အသွားကို ထက်မထက်သိချင်၍ ထုတ်ကြည့်သည်။ ပါးပါးလျားလျား အရောင်ကဖွေးဖွေးလက်နေသည်။ အလွန်ထက်မည့်ပုံ။ လက်နှင့်စမ်းကြည့်ချင်သည်။ မစမ်းရဲ။ ရွာမှ အိမ်တွင် အဖေကြီး၏ မောင်းချဓားကို ပြတ်မပြတ်သိချင်၍ လက်မနှင့်ဖိစမ်းကြည့်သောကြောင့် လက်မထက်ခြမ်းကွဲပြီး သွေးအများကြီးထွက်ဖူးသည်။

လက်မဒဏ်ရာပျောက်သောအခါ။  အဖေကြီးမောင်းချဓားကို နောက်တစ်ခါထပ်ဖွင့်ကြည့်သည်။

စမ်းမကြည့်ဝံ့တော့ပါ။ ခြေသလုံးမှ အမွေးလေးများကိုရိတ်ကြည့်သည်။ ခြေသလုံးမွေးများ ပြတ်ကျသွားသည်။

အတော်ထက်သောအဖေကြီး၏ မောင်းချဓား။

ဆက်လက်ဖော်ပြပါမည်။                   

လယ်တွင်းသားစောချစ်