ငယ်ဘဝ

ယမန်နေ့မှအဆက်

ယခုတွေ့နေရသော သင်တုန်းဓားကို အဖေကြီး၏ မောင်းချဓားလောက် ထက်မထက်သိချင်သည်။ သို့သော် လက်ဖြင့်စမ်းမကြည့်ဝံ့။ သင်တုန်းဓားဖြင့် ခြေသလုံးမွေးကိုရိတ်ကြည့်သည်။  ထိရုံလေးနှင့် ခြေသလုံးမွေး ပြတ်ကျသွားသည်။ အလွန်ကောင်းသည့်ဓား။ အဖေကြီး၏မောင်းချဓားထက် ပိုထက်သည်။ သင်တုန်းဓား ကိုချက်ချင်းပြန်ပိတ်ပြီး နေရာတကျပြန်ထားလိုက်သည်။

တကယ်ကို ခဏလေးဖြစ်၏။ သို့သော် ဦးပဥ္စင်း၏တူကိုရင်နန္ဒ မြင်သွားခဲ့သည်။

ညနေဦး ပဥ္စင်း ကျောင်းပြန်ရောက်ပြီး မကြာမီမှာပင်မောင်ငြိမ်းချမ်းကိုခေါ်သည်။ ခေါ်ပုံက ဒေါသနှင့်။

“ဟေ့ကောင်...မင်းငါ့သင်တုန်းဓားနဲ့ ခြေသလုံးမွေးရိတ်တယ်ဆိုတာ ဟုတ်သလား”

မောင်ငြိမ်းချမ်း ဘာပြောရမှန်းမသိ။ လိမ်ညာ၍ လည်း မပြောဝံ့

“ဟင်...မိုက်ရိုင်းတဲ့ကောင်...ငါခေါင်းရိတ်တဲ့ ဓားနဲ့ မင်းက ခြေသလုံးမွေးရိတ်တယ်ပေါ့..”

မောင်ငြိမ်းချမ်း ကြောက်ရွံ့စွာနှင့်နှုတ်ပိတ်လျက်

“မင်းမှာ အပြစ်ရှိလား မရှိဘူးလားပြောစမ်း...”

“ရှိပါတယ်”

မောင်ငြိမ်းချမ်း ဝန်ခံလိုက်သည်။

ဦး ပဥ္စင်း က ခုတင်အောက်မှကြိမ်လုံးကို ဆွဲထုတ်လိုက်သည်။ အင်္ဂလိပ်စာ အေဘီစီလေးမျိုး သင်ကြားစဉ်က အရိုက်မခံခဲ့ရသောကြိမ်လုံးနှင့် ယခုမိတ်ဆက်ရတော့မည်။ ကြိမ်လုံးက တုတ်လည်းတုတ်၍ ရှည်လည်းရှည်သည်။

“ဟိုဘက်လှည့်စမ်း...”

မောင်ငြိမ်းချမ်းလှည့်ပေးလိုက်ရသည်။

“မိုက်ရိုင်းဦးကွာ..”

ဖြောင်း

မောင်ငြိမ်းချမ်း ကျောကော့သွား၏။

“လုပ်ဦးကွာ..”

ဖြောင်း

“နောက်လုပ်ဦးမလား”

“မလုပ်တော့ပါဘူးဘုရား...”

ဖြောင်း

“သွား..”

မောင်ငြိမ်းချမ်း၏ကျော၊ ပေါင်နှင့်ခြေသလုံးတို့မှာ ပြင်းထန်သော ဝေဒနာများ ခံစားလိုက်ရသည်။

ရိုက်ပြီးသည်အထိ အရိုက်ခံထိသော နေရာများမှာ ပူပူလောင်လောင်နှင့် တဖျဉ်းဖျဉ်း နာကျင်နေသည်။

မောင်ငြိမ်းချမ်းတစ်ကိုယ်လုံးတုန်နေသည်။ ဦး ပဥ္စင်းနှင့်ဝေးရာသို့ မနည်းလျှောက်လှမ်း၍ ထွက်လာခဲ့ရသည်။

အမေကြီးအဝတ် ထည့်ပေးလိုက်သော ဖာကလေးဘေးသို့ ရောက်အောင်သွားလိုက်သည်။ အမေကြီး အနားရောက်သွားသလို။

ဖာကလေးဘေးမှာ ထိုင်လိုက်သည်။ အမေကြီးဘေးမှာ ထိုင်ရသလို။ အရိုက်ခံထိထားသောပေါင်နှင့် ခြေသလုံးမှာ ကြမ်းပြင်နှင့် အထိမခံနိုင်။ ခပ်စောင်းစောင်းလေးထိုင်ရသည်။ အရိုက်ခံထားရသော နေရာများမှ နာလွန်းအားကြီး၍ အနာသက်သာလို သက်သာငြားဖာကလေးကို လှမ်းကိုင်ထားလိုက်သည်။ အမေကြီးကို ထိကိုင်ထားရသလို။

မျက်ရည်များက အဆက်မပြတ်စီးဆင်းနေကြသည်။

ခြေသလုံးမှာ မီးစနှင့်ထိုးထားသလို ပူလောင်နေ၍ ပုဆိုးကို လှန်ကြည့်လိုက်သည်။ လူကြီးတစ်ယောက်၏ လက်ညှိုးလုံးခန့် နီရဲဖောင်းကြွ၍ အလယ်မှာ သွေးများစို့ထွက်နေသည်။

ပေါင်နှင့်ကျောကိုတော့ ကြည့်ရန်ခက်၍ ဆက်မကြည့်တော့ပါ။ ခြေသလုံးလိုပင် တူညီစွာနာ၍ နီရဲဖောင်းကြွပြီး သွေးစို့နေလိမ့်မည်ဟု မှန်းဆသိလိုက်ပါသည်။

မိုးရွာထဲဘောလုံးကန်၍ အများအရိုက်ခံရသည့်နေ့က မောင်ငြိမ်းချမ်းကင်းလွတ်ခဲ့သည်။ ယနေ့တော့ မောင်ငြိမ်းချမ်း တစ်ယောက်တည်း အရိုက်ခံရသည်။

သူတို့ထက် တစ်ချက်ပိုသည်။ သူတို့ထက်လည်း ပိုနာသည်။

ခြေသလုံးမှစို့ထွက်နေသော သွေးများကိုကြည့်ရင်း မျက်ရည်များက စီးဆင်းနေသည်။

ညနေတွင် နှစ်ယောက်တည်းတွေ့မှ ဆရာဦးစံလှိုင်က ဒဏ်ရာများကို ပရုတ်ဆီလူးပေးသည်။

“မင်းက မလုပ်သင့်တာ သွားလုပ်မိတာကိုး...”

ဒဏ်ရာများကိုကြည့်ပြီး ဆရာစိတ်မကောင်းဖြစ်နေသည်။

“ဒါပေမဲ့ ကလေးတစ်ယောက်ကို ဒီလောက်ထိတော့ မရိုက်သင့်ပါဘူးကွာ...”

ဆရာဦးစံလှိုင် ပရုတ်ဆီနှင့်ကြင်ကြင်နာနာပွတ်ပေးနေချိန်မှာ မောင်ငြိမ်းချမ်း ဝမ်းနည်းစွာမျက်ရည်များ ကျနေ၏။

နောင်အခါမှာတော့ တတ်နိုင်သမျှ အပြစ်ကင်းအောင် ကြိုးစားနေမည်ဟု မောင်ငြိမ်းချမ်းဆုံးဖြတ်လိုက်သည်။ ဤကဲ့သို့သော နာကျင်မှုမျိုးကို ထပ်မံမခံစားချင်တော့ပါ။

ပထမဆုံးကြည့်ဖူးသောရုပ်ရှင် မောင်ငြိမ်းချမ်းရုပ်ရှင်ဆိုသည်ကို ကြားသာကြားဖူးသည်။ တစ်ခါမျှ မကြည့်ဖူးသေး။ စနေနေ့ညပိုင်းတွင် အောင်တော်မူရဲစခန်းအတွင်းမှ ကွင်းပြင်မှာ ရုပ်ရှင်ရှိသည်။ ကျောင်းပိတ်ရက်ညဖြစ်၍ ဘော်ဒါဆောင်မှ ကြည့်ချင်သောကျောင်းသားများ သွားကြည့်ခွင့်ရသည်။

မောင်ငြိမ်းချမ်းတို့ သွားကြည့်ကြသည်။ အစိုးရရုပ်ရှင် ဖြစ်သည်။ မြက်ခင်းပြင်ပေါ် ကြိုက်သည့်နေရာတွင် ထိုင်ကြည့်နိုင်သည်။

ဆက်လက်ဖော်ပြပါမည်။    

လယ်တွင်းသားစောချစ်