ငယ်ဘဝ

ယမန်နေ့မှအဆက်

ရုပ်ရှင်ဆိုသည်ကို မကြည့်စဖူး ကြည့်မြင်ဖူးတော့မည်မို့ မောင်ငြိမ်းချမ်းဝမ်းသာနေသည်။ ဆရာဦးစံလှိုင်အတူပါလာ၍ ပိုပျော်နေသည်။ ဆရာနှင့်အတူ မြက်ခင်းပေါ်ထိုင်ရသည်က ကျေနပ်စရာ။ ရှေ့ဘက်တွင် မြက်ခင်းပြင်အလယ်မှာ ပိတ်ကားကြီးထောင်ထားသည်။

ရုပ်ရှင်စပြရသည်နှင့်ပိတ်ကားပေါ်မှာ ပြည်ထောင်စုအလံပေါ်လာသည်။ အားလုံးမတ်တတ်ရပ်ရသည်။ ဆရာဦးစံလှိုင်က မောင်ငြိမ်းချမ်းလက်ကို ကိုင်ဆွဲ၍ မတ်တတ်ရပ်စေသည်။ ကမ္ဘာမကြေသီချင်းဆုံးမှ  ထိုင်ကြရသည်။

ရုပ်ရှင်စပြနေပါပြီ။ ပိတ်ကားပေါ်မှာ လူရုပ်များကို လှုပ်ရှားနေသောပုံရိပ်များအဖြစ် မြင်ရသည်။ အသံပါထွက်သည်။ မောင်ငြိမ်းချမ်း အံ့သြသဘောကျဖြစ်နေသည်။

ယင်လုံအိမ်သာရှိရေးအတွက် ပညာပေးသော ကာတွန်းကားကို ဦးစွာကြည့်ရသည်။ ကလေးအရွယ် မောင်ငြိမ်းချမ်းအတွက် ကောင်းစွာပညာရပါသည်။ မစင်ကိုနေရာတကာမှာ စွန့်ခြင်းဖြင့် ရောဂါများပြန့်ပွားနိုင်ပုံကို သိရသည်။ စွဲမြဲသောအသိဖြစ်၍ တစ်သက်လုံးအတွက် ဆင်ခြင်စရာ၊   သတိထားစရာဖြစ်သွားပါသည်။

နောက်ပြသောကားမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး  အသိပညာပေးကားဖြစ်သည်။ ဝတ္ထုဇာတ်လမ်းနှင့်ဖြစ်၍ စိတ်ဝင်စားစရာကောင်းပါသည်။

ဝေသာလီပြည်မှာ မင်းညီမင်းသားများ စိတ်ဝမ်းကွဲကြသောကြောင့် ဒုက္ခရောက်ကြရပုံကို ပညာပေးခြင်းဖြစ်သည်။ မင်းညီမင်းသားများ စည်းလုံးညီညွတ်ကြစဉ်က ဝေသာလီပြည်ကို ဘယ်သူမှ တိုက်ခိုက်၍မရ။ ထို့ကြောင့် ဝေဿကာရပုဏ္ဏားက ညီညွတ်သော မင်းသားများကို စိတ်ဝမ်းကွဲအောင် နည်းအမျိုးမျိုးနှင့် ကုန်းတိုက်ကုန်းချော လုပ်သည်။ ကြည့်နေကြသူများ ပုဏ္ဏားကို အမြင်ကပ်ကြသည်။ အချို့ပုဏ္ဏားကို ပြောင်းဖူးရိုးနှင့်ထု၍ ပြောင်းဖူးရိုးက ပိတ်ကားကိုမှန်သည်။

ပုဏ္ဏားစကားကိုယုံ၍ ဝေသာလီမှ မင်းညီမင်းသားများ တစ်ယောက်နှင့်တစ်ယောက် စိတ်ဝမ်းကွဲကြသည်။ စည်းလုံးညီညွတ်မှု ပြိုကွဲပျက်စီးသွားသည်။

ထိုအခါကျမှ ဝေဿကာရပုဏ္ဏား၏ နိုင်ငံမှ ရန်ဘူဘုရင်က ဝေသာလီကို အလွယ်တကူ တိုက်ခိုက်သိမ်းယူလိုက်သည်။

စိတ်ဝမ်းကွဲခဲ့ကြသော မင်းညီမင်းသားများအားလုံးဇနီးမယား၊ သားသမီးတို့နှင့်တကွ  အဖမ်းခံကြရသည်။

ဝမ်းနည်းကြေကွဲစွာ ငိုကြွေးပူဆွေးသော်လည်း နောက်ကျသွားပြီ။ ဝေသာလီပြည်ကြီး  ပြိုကွဲပျက်စီးသွားပါသည်။

အလွန်ကြည့်၍ကောင်းပါသည်။  ဇာတ်လမ်းတစ်ခုလုံးကို ကောင်းစွာနားလည်၍  မောင်ငြိမ်းချမ်းသဘောကျသည်။ ပြည်ထောင်စုအတွင်းမှာ အတူတကွနေထိုင်ကြသော  တိုင်းရင်းသားညီရင်းအစ်ကိုများ  ချစ်ခင်စည်းလုံးစွာ နေထိုင်ကြရမည်ဟု   မောင်ငြိမ်းချမ်း သဘောပေါက် နားလည်လိုက်ပါသည်။

ပထမဆုံးကြည့်ဖူးသော ဇာတ်ကားမှစပြီး ရုပ်ရှင်ကို သဘောကျသွားသည်။ ပြန်လာသည်အထိ မျက်စိထဲမှာ ဝေဿကာရပုဏ္ဏားပါလာသည်။ စိတ်ဝမ်းကွဲ၍ ကြေကွဲစရာကြုံကြရသော ဝေသာလီမင်းသားများကိုလည်း သနားနေမိသည်။ အိပ်ရာထဲရောက်၍ အိပ်သည်အထိ ဝေသာလီဇာတ်ကားကို မြင်ယောင်နေမိသည်။

_ _ _ _ _

မိဘမဲ့ကျောင်းမှသူဌေးသား

တစ်နေ့တွင်  မိဘမဲ့ကျောင်းဘော်ဒါဆောင်သို့ ကျောင်းသားအသစ်တစ်ယောက် ရောက်လာသည်။ မောင်ငြိမ်းချမ်းနှင့် သက်တူ အတန်းတူဖြစ်သည်။ သူ့အိပ်ရာကို မောင်ငြိမ်းချမ်းဘေးမှာပင် နေရာချထားပေးသည်။ သူဝတ်လာသော ဘောင်းဘီရှည်နှင့်အင်္ကျီမှာ အထက်အောက်ဆင်တူဖြစ်သည်။ သက္ကလတ်စဖြစ်၍ အညိုရောင်ပေါ်မှာ အဖြူစင်းလေးများပါသည်။ အလွန်ကောင်းသော ဝတ်စုံဖြစ်သည်။ သူ့အဝတ်များထည့်လာသော သားရေသေတ္တာကြီး ကလည်း အလွန်ကောင်းပါသည်။

ဝတ်စုံနှင့်အဝတ်သေတ္တာကိုကြည့်ပြီး သူသည် ဆင်းရဲသားမဟုတ် လူချမ်းသာဖြစ်ကြောင်း သိသာသည်။ ပြင်ဦးလွင် (မေမြို့)မှဟု သိရသည်။

“မင်းမှာ မိဘမရှိဘူးလား”

မောင်ငြိမ်းချမ်းမေးကြည့်သည်။

“ရှိပါတယ်”

သူဖြေပုံက ခပ်မာမာ

“မိဘရှိရဲ့သားနဲ့ မိဘမဲ့ကျောင်း ဘာဖြစ်လို့လာနေ

ရတာလဲ...”

“ငါကဆိုးလို့...”

သူ့အဖြေက တိုတောင်းသည်။

မိဘမဲ့ကျောင်းမှာ ဤကဲ့သို့သောကလေးမျိုးလည်း ရှိပါလားဟု မောင်ငြိမ်းချမ်း နားလည်ရသည်။ သူ့နာမည်က မောင်မောင်ဖြစ်သည်။

သူဝတ်သမျှဝတ်စုံများမှာ အကောင်းချည်းဖြစ်သည်။ ဘောင်းဘီရှည် အင်္ကျီဆင်တူဖြစ်သည်။ ခြေအိတ်ပါအရောင်တူသည်။   စီးသောရှူးဖိနပ်များကလည်း အကောင်းစားဖြစ်သည်။

သူ့အဝတ်များနှင့်   မောင်ငြိမ်းချမ်းအဝတ်များ ယှဉ်လျှင် ကွာခြားလွန်းလှသည်။ သူအဝတ်ထည့်သော သားရေသေတ္တာကြီးနှင့် မောင်ငြိမ်းချမ်းအဝတ်ထည့်သော ထန်းခေါက်ဖာလေးမှာလည်း ကွာခြားလွန်းပါသည်။ သူ့မှာပိုက်ဆံ တော်တော်များများပါသည်။

ကျောင်းမှ ကျွေးသော  ထမင်းဟင်းများမကောင်း၍ မောင်မောင် မစားနိုင်ပါ။ နည်းနည်းသာစားသည်။ ထမင်းမဝလျှင် မုန့်ဆိုင်သွားပြီး မုန့်ဝယ်စားသည်။ မောင်မောင်နှင့်မောင်ငြိမ်းချမ်း အိပ်ရာချင်းဘေးချင်း ကပ်ဖြစ်၍ ခင်မင်ရင်းနှီးပါသည်။ သို့သော် မောင်ငြိမ်းချမ်းကို မောင်မောင် တစ်ခါမျှ မုန့်ဝယ်ကျွေးဖူးခြင်းမရှိပါ။ သူစားနေသော မုန့်ကိုပင် စားဦးမလားဟု မေးဖူးခြင်းမရှိပါ။ မောင်ငြိမ်းချမ်းကလည်း မစားချင်ပါ။ ကိုယ်ကကျောင်းမှ ကျွေးသော ထမင်းဟင်းကို ဝအောင်စားနိုင်သည်။ သူကမစားနိုင်။ မစားတတ်။

နောက်မကြာခင် သူ့မှာပါသော ပိုက်ဆံများကုန်သွားသည်။ မောင်မောင်မုန့်ဝယ်စားစရာ ငွေမရှိတော့ပါ။ မတတ်သာသည့် အဆုံးတွင် ဘော်ဒါမှကျွေးသော ထမင်းဟင်းကို မှိတ်ကြိတ်စားရသည်။

နောင်တွင် သူနေမကောင်းဖြစ်သောအခါ အနီးကပ်နေသော  မောင်ငြိမ်းချမ်းပြုစုရသည်။ ဆေးတိုက်ရသည်။ ဆန်ပြုတ်ယူပေးရသည်။  ကော်ဖီဝယ်ပေးရသည်။ တုပ်ကွေးဖျား၍ သုံး၊ လေးရက်မှာ  ပျောက်သွားပါသည်။

မောင်ငြိမ်းချမ်း ဆီးထုပ်ဝယ်စားသောအခါ သူစားချင်သည်ဟုဆိုသည်။ မောင်ငြိမ်းချမ်းစားနေသော ဆီးထုပ်ကို ပေးသောအခါ သူကခေါင်းခါပြသည်။

ဆက်လက်ဖော်ပြပါမည်။

လယ်တွင်းသားစောချစ်