အောင်မြင်ပါစေ မြန်မာ့တပ်မတော်

ကျွန်တော်သည် ဤဆောင်းပါးအား ရေးသားရန် အခွင့်အခါသင့်၍ ရေးသားခဲ့ပြီး တိုက်ဆိုင်မှု တစ်ရပ်ကြောင့်ဆိုလျှင် မမှားနိုင်ပေ။ ဤဆောင်းပါး ရေးသားရန်အတွက် သာမန်အရပ်သား ဝန်ထမ်းတစ်ဦး အနေဖြင့် အတော်အတန် စဉ်းစား၍ အချိန်ယူ ရေးသားခဲ့ရခြင်း ဖြစ်ပါသည်။ ကျွန်တော်၏ အစ်ကိုဖြစ်သူ ဇနီးမှာ အစာအိမ်ရောဂါကြောင့်  ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း) ရွှေတောင်မြို့ နွားမယံအရပ်ရှိ တပ်မတော်ဆေးရုံ(ခုတင်-၁၀၀)သို့ သွားရောက်ဆေးကုသရာမှ ဤဆောင်းပါးအား ရေးသားရခြင်းဖြစ်ပါကြောင်း ဦးစွာဝန်ခံမိပါသည်။

ကျွန်တော်သည် ပြည်မြို့ ဆင်စုရပ်တွင် နေထိုင်ပြီး ပြည်မြို့ရှိ ရုံးဌာနတစ်ခု၌ အကြီးတန်းစာရေးအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါသည်။ ကျွန်တော်၏အစ်ကိုဖြစ်သူ ကျောင်းဆရာ ဦးလှဌေး၏ ဇနီးဖြစ်သူအား အစာအိမ်ရောဂါနှင့် အခြားအမျိုးသမီး ရောဂါတို့ကြောင့် ပြည်မြို့ရှိ ဆေးရုံကြီးတွင် သွားရောက်ကုသလိုသော်လည်း ၎င်းအချိန်သည် ကျွန်တော်တို့ ပြည်မြို့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအား ဆူပူဆန္ဒပြခြင်း၊ CDM ပြုလုပ်ခြင်းများနှင့် ကြုံတွေ့နေရချိန်ဖြစ်ပြီး ပုဂ္ဂလိက ဆေးရုံများသို့ သွားရောက်ကုသလိုသော်လည်း  ငွေကြေးအခက်အခဲကြောင့် နောက်ဆုံးတွင် ညီအစ်ကိုနှစ်ဦး တိုင်ပင်၍ တပ်မတော်ဆေးရုံသို့ သွားရောက်ကုသရန် ဆုံးဖြတ်ခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီမှ မိဘပြည်သူများသို့ သဘောထားပန်ကြားချက် တစ်စောင်အား ၅-၂-၂၀၂၁ ရက်က ထုတ်ပြန်ခဲ့ပါသည်။ ၎င်းမှာ ဆေးဝါးကုသရန်အခက်အခဲဖြစ်ပေါ်နေသော မိဘပြည်သူ များအား  မြန်မာနိုင်ငံနေရပ် အသီးသီးရှိ တပ်မတော်ဆေးရုံနှင့် ဆေးပေးခန်းများတွင် ဆေးရုံ တက်ရောက် ကုသနိုင်ကြောင်း ဖြစ်ပါသည်။ ဆေးရုံတက်သည့် လူနာနှင့် လူနာ၏အကူအဖြစ် လိုက်ပါလာသူကိုပင် အစားကျွေး၍ ညအိပ်စရာနေရာပင်ပေးကြောင်း တစ်ဆင့်စကားတစ်ဆင့် ကြားခဲ့ရပါသည်။  သို့သော် တပ်မတော်ဆေးရုံသို့ သွားရောက်၍ ရောဂါပြသရန် မည်သို့ချိတ်ဆက် ဆောင်ရွက်ရမည်၊ မည်သို့ပြသရမည်ကို  အခက်အခဲဖြစ်ပြန်သည်။ တပ်မတော်ဆေးရုံသို့ သွားရန် အတွက် စဉ်းစားရပြန်သည်။

ကံအကြောင်းက ကောင်းလှသည်ဟု ဆိုနိုင်ပေသည်။ နယ်မြေခံဒေသကွပ်ကဲမှု စစ်ဌာနချုပ်မှ ဆရာကြီးတစ်ဦး၏ဇနီးဖြစ်သူ ဒေါ်စန်းစန်းထွေးနှင့် တွေ့ဆုံခဲ့ပါသည်။  မိမိတို့၏   အခက်အခဲကိုပြောပြ၍ အကူအညီတောင်းခံခဲ့ပါသည်။ ဒေါ်စန်းစန်းထွေးမှာ နယ်ဝေးနယ်နီးမှ  အသိအကျွမ်း မိတ်ဆွေများနှင့် တပ်မတော်ဆေးရုံ၊ အရပ်ဘက် ပြည်သူ့ဆေးရုံကြီးများတွင်  ဆေးရုံတက်ရောက်ကုသပြီး  အရေးပေါ် သွေးလိုအပ်ပါက  နေ့/ညမရွေး တပ်မတော်သားနှင့် မှီခိုသူမိသားစုဝင် လူနာများအတွက် သွေးရရှိရေး ကူညီလုပ်ဆောင် ပေးနေသည့် ပရဟိတဆောင်ရွက်နေသူ ဖြစ်ပါသည်။ နယ်မှလာရောက်၍ ဆေးရုံတက်ရောက် ကုသသည့် ဆင်းရဲနွမ်းပါးသူများ အခက်အခဲရှိပါက တတ်နိုင်သရွေ့ အစားအသောက်နှင့် လိုအပ်သည်များ ကူညီပေးပြီး တပ်မတော်သားတစ်ဦး၏ ပါရမီဖြည့်ဖက် ပီသပါပေသည်။ အဆိုပါ အမျိုးသမီးအကူအညီဖြင့် ကျွန်တော်တို့ ညီအစ်ကိုနှစ်ဦး၊ မရီးဖြစ်သူတို့သည် တပ်မတော်ဆေးရုံသို့ ၂၀၂၁ ခုနှစ် မတ်လပထမပတ်တွင် သွားရောက်ပြသခဲ့သည်။

တပ်မတော်ဆေးရုံရောက်သည်နှင့် ကျွန်တော်တို့၏ ပူပင်သောကများကိုယူပစ်သလို ပူဆွေး သောကများ ပြေပျောက်ခဲ့သည်။ ရောဂါသည်၏ မျက်နှာမှာလည်း လန်းဆန်းတက်ကြွမှုများ တွေ့မြင် ရပါသည်။ ဆေးရုံသို့ ရောက်သည်နှင့် မှတ်ပုံတင်ခြင်းအဆင့် လုပ်ဆောင်ချိန်တွင် တာဝန်ရှိ သူများက  တပ်မတော်ဆေးရုံမှ ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ရေးနည်းလမ်းများနှင့်အညီနေထိုင်ပြီး ဆောင်ရန်၊ ရှောင်ရန်များကို မပင်မပန်း အားတက်သရောရှင်းလင်းပြောပြသည်။ ရေမလို လက်သန့်ဆေးရည်နှင့် လက်ဆေးဘေစင်များ ထားရှိပြီး တစ်ခါသုံး Mask များကိုပင် အခမဲ့ထပ်မံပေးခဲ့ပြန်သည်။ အစ်ကို၏ဇနီးအား သွေး၊ ဆီး၊ ဝမ်းစစ်ဆေးခြင်းနှင့် အခြားရောဂါရှာဖွေ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။ နောက်ဆုံးတွင် အစာအိမ်ခွဲစိတ် ကုသရန်အတွက် ဆေးရုံတက်ရမည်၊ ဖြစ်နိုင်ပါက အမျိုးသမီးလူနာစောင့်တစ်ဦး ထားရှိရမည်ဟု ပြောကြားခဲ့သည်။ လူနာစောင့်မပေးနိုင်ပါကနေပါစေ။

တပ်မတော်ဆေးရုံမှ သူနာပြုအမျိုးသမီးများ ရှိသည့်အတွက် အဆင်ပြေပါသည်ဟု ဆေးမှူးဆိုသည့် ဗိုလ်ကြီးမှ ဆွေးနွေးပြောကြားပါသည်။ ကျွန်တော်လည်း အစ်ကို၏ အကြီးဆုံးသမီး ကျောင်းဆရာမဖြစ်သူ မသီတာအောင်အား လူနာစောင့်အဖြစ် ပြန်ခေါ်ပေးခဲ့ရပြန်သည်။

တပ်မတော်ဆေးရုံ အကြီးအကဲများက အနီးကပ်ကြီးကြပ်၍ ဂရုစိုက်ကုသပေးမှုကြောင့် အနယ်နယ် အရပ်ရပ်မှ ဆေးကုသရန်ရောက်ရှိလာသည့် တပ်မတော်သားများ၊ ၎င်းတို့မိသားစုများအပြင် ထေရ်ကြီး ဝါကြီး ဆရာတော်ကြီးများအပြင် မိမိတို့ကဲ့သို့ အရပ်သားများနှင့် ဆေးရုံတွင် ပြည့်ကျပ် နေသည်။  မိမိစိတ်ထဲတွင် အရွယ်သုံးပါးမရွေး ဆေးကုသပေးနေသည့် တပ်မတော်သားဆေးမှူးများ၊ စစ်သည်များကို ဝမ်းသာပီတိဖြစ်ရသလို အစ်ကိုဖြစ်သူ၏သားလတ် မောင်သီဟနှင့် သမီးအငယ်ဖြစ်သူ မကေသီတို့သည် ပြည်မြို့တွင် ပြုလုပ်သည့် နိုင်ငံတော်အားဆူပူဆန္ဒပြခြင်း၊ CDM ပြုလုပ်ခြင်းများတွင် မသိနားမလည်စွာဖြင့် လိုက်ပါ ဆောင်ရွက်ခြင်း၊ ကိုယ်ကျိုးရှာနိုင်ငံရေးသမား တစ်စု၏ အသုံးချ ခံခြင်းကို တွေ့မြင်ကြားသိရသည့်အတွက် လွန်စွာမှပင် စိတ်ဆင်းရဲရသည်။

မိမိအနေဖြင့် တွေ့ကြုံခံစားရသည့် ဝမ်းသာမှုနှင့် ဝမ်းနည်းပူဆွေးမှုကို အပိုင်းနှစ်ပိုင်းခွဲခြား တင်ပြလိုပါသည်။  ပထမပိုင်းအနေဖြင့် ဆေးရုံတွင် ဆေးကုသခံယူနေသည့် မရီးဖြစ်သူနှင့် အခြား အရပ်သားများကို  တပ်မတော်ဆေးရုံမှ တပ်မတော်သားအပေါင်းမှ နေ့/ညမရွေး ပင်ပန်းသည်ကိုမသိ၊ အားသွန်ခွန်စိုက် ကြပ်မတ် ကုသပေးသည်။ တပ်မတော်ဆေးရုံရှိ တပ်မတော်သားများသည် လူနာများနှင့် ပတ်သက်၍ စေတနာအပြည့်ဖြင့် ကုသဆောင်ရွက်ပေးသည်။ အရေးပေါ် သွေးလိုအပ်ပါက ဆေးတပ်ရှိ စစ်သည်များထံမှ သွေးအလှူခံပေးခြင်း၊ အခြားတပ်ရင်း/တပ်ဖွဲ့များနှင့် ပရဟိတ အသင်းများဖြင့် ချိတ်ဆက်၍ သွေးရရှိရေးဆောင်ရွက်ပေးခဲ့သည်။

မိမိ၏မရီးဖြစ်သူ သာမက အခြားအရပ်သားကိုလည်း အရေးတယူ  ဂရုစိုက်ကူညီ စောင့်ရှောက်ခဲ့သည်။

လူနာများမှ ရောဂါပျောက်ကင်း၍ ဆေးရုံဆင်းသည့်အချိန်တွင် တပ်မတော်ဆေးရုံမှ တပ်မတော်သားများအား အထူးကျေးဇူးတင်ပါသည် ခင်ဗျားတို့ကျေးဇူး ကျုပ်တို့ဒီတစ်သက်မမေ့နိုင်ပါ  ပြောဆို၍ ဆေးရုံမှ ပြန်လည်ထွက်ခွာသွားခဲ့သည်။ ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မှ ဆရာတော် တစ်ပါးဆိုလျှင်  ဘုန်းကြီးမှာ အမောင်တို့စစ်သားများ ဆေးကုသပေး၍ အသက်ဆက်ခဲ့ရတယ် မင်းတို့စစ်သည်အားလုံး အောင်မြင်မှု အမြဲတမ်းရရှိပါစေ ဟုမိန့်ကြားသံကို ကြားသိရသည့်အခါ  ဘေးမှ ရပ်ကြည့်နေသည့် ကျွန်တော်၏ရင်ထဲမှပင် အားရဝမ်းသာဖြစ်ရပြီး မျက်ရည်များပင် ကျခဲ့ရသည်။

ဒုတိယပိုင်း အနေဖြင့် ဝမ်းနည်းပူဆွေးမှုမှာ မိမိ၏ တူမောင်သီဟနှင့် တူမမကေသီတို့ အကြောင်းပင်ဖြစ်ပါသည်။ တူဖြစ်သူ မောင်သီဟမှာ ဆယ်တန်းနှစ်ကြိမ်ကျ ကျောင်းသား၊ မကေသီလေးမှာ သတ္တမတန်းတွင် တက်ရောက်ပညာသင်ကြားမည့် ကျောင်းသူဖြစ်ပါသည်။ ဘာဆိုဘာမျှ အသိမကြွယ်သည့် ကလေးသူငယ်များကို နိုင်ငံရေးဇာတ်လမ်းတွင် ထည့်သွင်း အသုံးချခံရခြင်း ဖြစ်ပါသည်။ အစ်ကို၏ဇနီး ဆေးရုံတက်ရောက် ကုသနေချိန်နှင့် ပြည်မြို့တွင် နိုင်ငံတော်အား ဆူပူဆန္ဒပြမှု အချိန်နှင့် တိုက်ဆိုင်နေပါသည်။ တူနှင့်တူမတို့သည် နိုင်ငံတော်ဆန့်ကျင် ဆန္ဒပြပွဲနှင့် CDM  လှုပ်ရှားမှုများတွင် နေ့စဉ်လိုက်ပါခဲ့သည်။  ဆန္ဒပြခြင်းထက် ဆူပူသောင်းကျန်း ဖျက်ဆီးမှုများပါ လုပ်ဆောင်လာသည်ကို တွေ့မြင်ခဲ့ရတော့သည်။ လုံခြုံရေး တာဝန်ထမ်း ဆောင်နေသည့် လုံခြုံရေး အဖွဲ့ဝင်များအား အကြမ်းဖက် တိုက်ခိုက်လာခဲ့သည်။  လုံခြုံရေး တပ်ဖွဲ့ဝင်များမှ ဝင်ရောက် ထိန်းသိမ်းသည့်အခါ အကြမ်းဖက်မှုတွင် အသုံးပြုသည့် လက်လုပ်သေနတ်၊ လက်လုပ်မိုင်းနှင့် ဂျင်ကလိများအပြင် မူးယစ်ဆေးဝါးများကိုပင် ဖမ်းဆီးရရှိခဲ့သည်။

ကျွန်တော်သည် နိုင်ငံ့ဝန်ထမ်းဖြစ်သည့်အတွက် နိုင်ငံတော်ဆန့်ကျင်ဆန္ဒပြပွဲနှင့် CDM လှုပ်ရှားမှုများတွင်  လိုက်ပါဆောင်ရွက်ခြင်း သို့မဟုတ် နိုင်ငံရေးလောကအရှုပ်အထွေးတွင် အသုံးချခံတူနှင့် တူမတို့အား ရပ်တန်းကရပ်ရန်  ပြောဆိုဆုံးမနိုင်ရေး ဆုံးဖြတ်ချက်ချခဲ့ရတော့သည်။  မိမိအနေဖြင့် တပ်မတော်မှ နိုင်ငံ့အာဏာအား မည်သည့်အတွက်ကြောင့် ထိန်းသိမ်းခဲ့သည့် ဖြစ်စဉ်များအား အသေးစိတ်ပြန်လည်လေ့လာခဲ့ရသည်။  ကျွန်တော့်အနေဖြင့် အစ်ကိုဖြစ်သူ၏  နေအိမ်သို့သွားရောက်ခဲ့ပြီး မရီးဖြစ်သူ ကျန်းမာရေး ကောင်းမွန်လာမှုကို ကြည့်ရှုအားပေးရင်း  နိုင်ငံတော်ဆန့်ကျင် ဆန္ဒပြပွဲတွင် လိုက်ပါခဲ့သူ တူနှင့်တူမလေးတို့ အပြန်ကို စောင့်ဆိုင်းနေမိသည်။ မောင်သီဟနှင့်မကေသီတို့  ပြန်လည်ရောက်ရှိလာသည့်အခါ တူဖြစ်သူမောင်သီဟအား မည်သည့်အတွက်    ဆန္ဒပြရသနည်းဟု မေးမြန်းကြည့်ရာ သူများခေါ်လို့သာ လိုက်ပါရသည်။ အကြောင်းရင်း ဇာစ်မြစ်ကို ခြေခြေမြစ်မြစ် မသိပါ။

မိမိအနေဖြင့် အစ်ကိုဖြစ်သူ၏ သားသမီးများအား တပ်မတော်မှ နိုင်ငံအာဏာကို ထိန်းသိမ်းရခြင်းနှင့် ပတ်သက်၍ တပ်မတော်အနေဖြင့် ပထမအကြိမ် ၁၉၅၈ ခုနှစ်တွင် ပြည်တွင်းသောင်းကျန်းမှုအန္တရာယ်၊ ၁၉၆၂ ခုနှစ်တွင် ပြည်ထောင်စုကြီးမှ ပြည်နယ်များ ခွဲထွက်မည့် အန္တရာယ်၊ ၁၉၈၈ ခုနှစ် အရေးအခင်း ဖြစ်ပွား၍ တိုင်းပြည်ပျက်စီးမည့် အန္တရာယ်နှင့် ၂၀၂၀  ပြည့်နှစ် နိုဝင်ဘာလတွင်ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲ၏ မဲမသမာမှုဖြစ်စဉ်ကြောင့် အာဏာထိန်းခဲ့ရသည့် ဖြစ်စဉ်များကို ရှင်းလင်းပြောပြရသည်။ မဲမသမာမှုနှင့် ပတ်သက်၍ ရွေးကောက်ပွဲ ကော်မရှင်မှ တရားဝင်မဲ ပေးသည့်စာရင်း၊ လူဝင်မှုကြီးကြပ်ရေးရုံးမှ ထုတ်ပြန်သည့်စာရင်းနှင့် အထွေထွေရွေးကောက်ပွဲအပြီး လတ်တလော စစ်ဆေးတွေ့ရှိချက်အရ မဲစာရင်းပေါင်း ၁၀ ဒသမ ၄ သန်း (အတိအကျအားဖြင့် ၁၀၄၈၂၁၁၆ မဲ) ပိုနေသည့် ကိစ္စများအား အသေးစိတ်သိရှိရန် ရှင်းပြရသည်။ သည်းခံ၍ ရှင်းပြရသည်။ တူမလေးမကေသီမှာ နောက်ရက်များတွင် ဆန့်ကျင်ဆန္ဒပြပွဲများသို့ မသွားတော့ပါ။ တူဖြစ်သူ မောင်သီဟအနေဖြင့် စိတ်ဆုံးဖြတ်ချက်မခိုင်မာခြင်း၊ တစ်ဖက်မှ သွေးထိုးမြှောက်ပင့်မှုကြောင့် စိတ်ယိမ်းယိုင်ပြီး သွားရောက်ဆန္ဒပြလိုသည့်   စိတ်များရှိနေသဖြင့် နောက်ဆုံးတွင် ဆူပူဆန့်ကျင် ဆန္ဒပြနေသည့်ကာလ၊  CDM ပြုလုပ်နေသည့် ကာလတို့တွင် ဆေးရုံတက်ရောက်ကုသရန် အခက်အခဲ ရှိသည့်အတွက် ၎င်း၏မိခင်ကို  တပ်မတော်ဆေးရုံတွင် တက်ရောက်ကုသရသည့်အကြောင်း၊ မိခင်၏ အသက်အား တပ်မတော်မှ ကုသပေးခဲ့သည့်အကြောင်းကို   ရှင်းပြရသည်။  ဤသို့ရှင်းလင်းပြမှသာ မောင်သီဟမှာနားလည်သဘောပေါက်ခဲ့သည်။  ထိုသို့ရှင်းပြနေစဉ် မိမိအနားရှိ တူမကြီးဖြစ်သူ မသီတာအောင်မှာ ရှိုက်ကြီးတငင်ငင်ဖြင့် ငိုရှိုက်နေသည်။ မောင်ဖြစ်သူအတွက်ရှက်လွန်း၍ ငိုကြွေးရခြင်း ဖြစ်ပါသည်။ နားလည်သဘောပေါက်အောင် ရှင်းပြသည့်အတွက်  နောက်နေ့ပြုလုပ်သည့် ဆန္ဒပြပွဲများသို့ လိုက်ပါခြင်းမရှိတော့ဘဲ အိမ်တွင်နေထိုင်တော့သည်။ အစ်ကိုဖြစ်သူ ဦးလှဌေးအနေဖြင့် မိမိသားနှင့် သမီးအား ဆန္ဒပြရန်လာရောက် ခေါ်သူများကိုပင် အတွေ့မခံတော့ပါ။ မိမိ၏ သားသမီးငယ်များ  လမ်းမှားပေါ် မရောက်အောင် သွန်သင်ဆုံးမခဲ့သည်။ ထိုအရာမှာ မိဘတို့၏ရင်ထဲမှ ဆန္ဒအမှန်ပင်ဖြစ်ပါသည်။

ကျွန်တော်သည် အရပ်သားဝန်ထမ်းတစ်ဦး ဖြစ်သော်လည်း တပ်မတော်နှင့်ပတ်သက်၍ စိတ်ပါဝင်စားခြင်း မရှိခဲ့ပါ။ မရီးဖြစ်သူ တပ်မတော်ဆေးရုံ တက်ရောက်ကုသခဲ့မှသာ တပ်မတော်၏ လုပ်ဆောင်ချက်များကို သိရှိခဲ့ရသည်။  တပ်မတော်၏ လုပ်ဆောင်ချက်နှင့်ပတ်သက်၍ စိတ်ပါဝင် စားခဲ့ပြီး တဖြည်းဖြည်းချင်း လေ့လာမိတော့သည်။ မိမိနေထိုင်ရာ ပြည်မြို့နယ်သည် ပဲခူးတိုင်း ဒေသကြီး အနောက်ခြမ်းတွင် တည်ရှိပြီး   ရန်ကုန်မှမန္တလေးကားလမ်း၊ ရန်ကုန်-ပြည် ရထားလမ်း ရှိခဲ့ရာမှ တပ်မတော်အစိုးရ လက်ထက်တွင် ရခိုင်ပြည်နယ်သို့ အချိန်အခါ မရွေး သွားရောက်နိုင်ရန် အရှည် ၄၂၀၇ ပေရှိ နဝဒေးတံတား(ပြည်)ကို ၁၈-၉-၁၉၉၇ ခုနှစ်တွင် နိုင်ငံတော် အကြီးအကဲများ၊ စစ်ဘက်၊ အရပ်ဘက်မှ ဖိတ်ကြားထားသူများနှင့်   ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။ ထိုတံတားတစ်စင်းကြောင့် ပြည်မြို့မှ မြန်မာနိုင်ငံ အရှေ့နှင့်အနောက်၊ တောင်နှင့်မြောက်အထိ ခရီးပေါက်ခဲ့ပါပြီ။

မိမိဒေသရှိ မိဘပြည်သူများအတွက် တပ်မတော်အစိုးရ၏ လက်ဆောင်မွန်တစ်ခုဖြစ်ဆိုလျှင် မမှားနိုင်သလို ဒေသခံပြည်သူများကလည်း ကျေးဇူးတင်မဆုံးရှိခဲ့ပါသည်။ နဝဒေးတံတား (ပြည်)ဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည့် တပ်မတော် အကြီးအကဲများဆိုလျှင် ယနေ့ထက်တိုင် သက်ရှိထင်ရှားရှိနေဆဲ ဖြစ်ပါသည်။

ပြည်မြို့နယ်နှင့်   ပတ်ဝန်းကျင်ဒေသများတွင် လက်ရှိဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ကုသ၊ ထိန်းချုပ်နိုင်ရေးအတွက်လည်း ပြည်တပ်နယ်ရှိ တပ်မတော်သားဆရာဝန်များ၊   ဆေးမှူးများက ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံမိဘပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံဆောင်ရွက်ပေးခြင်း၊ ကိုဗစ်-၁၉ ကာလအတွင်း သွားလာရေး အခက်အခဲ ဖြစ်ပေါ်နေသည့်   ဘုန်းကြီးကျောင်းများ၊ စာသင်တိုက်များသို့ စားသောက်ဖွယ်ရာများ ဆက်ကပ် လှူဒါန်းခြင်း၊  ဆေးကုသဆောင်ရွက်မှုများကို အမြဲလိုလိုပင်တွေ့မြင်နေရပါသည်။ ထို့ပြင် ပန်းတောင်း မြို့၊ ရွှေတောင်မြို့နှင့် ပြည်မြို့ရှိ အနိမ့်ပိုင်းဒေသများတွင် ဧရာဝတီမြစ်ရေဝင်ရောက်သည့်အခါ ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးခြင်း၊ သဘာဝဘေးဒဏ်ဖြစ်သည့်  လေပြင်းတိုက်ခိုက်မှုကြောင့် နေအိမ်များပြိုကျပျက်စီးမှုများ ဖြစ်ပွားခဲ့ပါက သွားရောက်ကူညီဆောင်ရွက်ပေးပြီး စားသောက် ဖွယ်ရာများပါ ပေးအပ်လှူဒါန်းခဲ့သည်ကို  လက်တွေ့သိမြင်ရသည့်အပြင်  နိုင်ငံပိုင်သတင်းစာ၊ ရုပ်မြင်သံကြားသတင်းများတွင်ပါ တွေ့မြင်ကြားသိခဲ့ပြီး ဖြစ်ပါသည်။

မီးဘေး၊ လေဘေးနှင့် သဘာဝဘေးဒဏ်များ ကျရောက်ခဲ့ပါက ရှေ့တန်းမှပင် မားမားမတ်မတ်ဖြင့် ကူညီကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်ကို မည်သူတစ်ဦးတစ်ယောက်မျှ မငြင်းနိုင်ပါ။ ဤသည်ကား တပ်မတော်မှ ပြည်သူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်း ဆောင်ရွက်ပေးခြင်း ဖြစ်ပါသည်။ တပ်မတော်၏ကျေးဇူး မူးလို့တောင်ရှူစရာမရှိဟု ပြောဆိုနေသူများကို လက်တွေ့ကျကျပြောပြ ရှင်းပြခြင်းပင် ဖြစ်ပါသည်။

ကျွန်တော်တို့သည် ထေရဝါဒဗုဒ္ဓဘာသာ ထွန်းကားသည့် မြန်မာနိုင်ငံတွင် လူဖြစ်ခဲ့ရသည်။ မြန်မာလူမျိုး ဖြစ်ရသည်ကို တန်ဖိုးထားဂုဏ်ယူရမည်ဖြစ်ပါသည်။ ပုထုဇဉ်လူသားများ ဖြစ်ကြသည့် အတွက် အမှားနှင့်အမှန်တော့ ခွဲခြားသိနိုင်ရမည်။ လူ့ပတ်ဝန်းကျင်တွင်နေထိုင်ပြီး လူသားတို့ အတွက်လည်း ကောင်းကျိုးမပြု၊ မိမိအတွက်လည်း ကောင်းကျိုးမသိရှိသည့် သူများပင်ရှိခဲ့ပါသည်။ ထို့ပြင် နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်နေသည့် တပ်မတော်သားများ၊ မြို့ရွာအေးချမ်းရေး အတွက် တရားဥပဒေစိုးမိုးရေး တာဝန်ယူ ဆောင်ရွက်နေသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား ဝေဖန်တိုက်ခိုက်၊ အပြစ်ပြောဆိုခြင်းများကို ကြားမြင်သိရှိနေရသည်။ ပို၍ဆိုးရွားသည်က လုံခြုံရေး တာဝန်ထမ်းဆောင် နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကိုပင် အသက်ကိုရန်ရှာပြီး ချောင်းမြောင်း သတ်ဖြတ်သည်အထိ လုပ်ကြံလာကြသည်။ သာဓကအနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား မကောင်းမြင်ဝါဒ ရှိသူများ အနေဖြင့်  မိမိကလည်း  ဥပဒေဘောင်အတွင်း၌ ကောင်းမွန်စွာ နေထိုင်ခြင်းရှိ၊ မရှိပြန်စဉ်းစားဖို့ လိုပါသည်။ မိမိတို့လုပ်ရပ်သည် ဥပဒေနှင့်ကင်း၊ မကင်း ပြန်လည်ဆန်းစစ်ဖို့တော့ လိုပါသည်။  မိမိသာ ဥပဒေဘောင်အတွင်း စည်းကမ်းနှင့်အညီ လိုက်နာနေထိုင်ပါက မည်သူတစ်ဦးတစ်ယောက်ကမှ မနှောင့်ယှက်ပါ။

ထိုနည်းအတူ  မြန်မာ့တပ်မတော်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် စစ်သည်များသည် မည်မျှကောင်းအောင် ဆောင်ရွက်စေကာမူ အမြင်မကြည်လင်၊ မကောင်းမြင်ဝါဒဖြင့်သာ ကြည့်ကြသည့် သူမျိုးလည်း ရှိကြသည်။ အလျဉ်းသင့်၍ ဆက်လက်တင်ပြလိုပါသည်။ မြန်မာနိုင်ငံတွင် နိုင်ငံတော်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းနယ်ပယ် အသီးသီးတွင် တာဝန်ထမ်းဆောင် နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များသည် နိုင်ငံ့တာဝန်များကို ၂၄ နာရီထမ်းဆောင်ရသည်။ ထိုသူများသည် ပုထုဇဉ်လူသားများ ဖြစ်သည့်အတွက် အဆိုးနှင့်အကောင်း၊ အမှားနှင့်အမှန်တော့ ရှိကြပါသည်။ နိုင်ငံ့တာဝန်ကို မိုးရွာမရှောင်၊ နေပူမရှောင်ဖြင့် အသက်စွန့်ဘဝတွေပေးဆပ်၍  တာဝန်ထမ်းဆောင်နေသည့်  လုံခြုံရေး တပ်ဖွဲ့ဝင်များအား လှောင်ပြောင်ဆဲဆို  ကဲ့ရဲ့နေမည့်အစား ဗုဒ္ဓဘာသာ မြန်မာလူမျိုး တစ်ဦးအနေဖြင့် မိမိတတ်နိုင်သည့်ဘက်မှ ဘာပြန်ကူညီရမည်နည်းဟု စဉ်းစားသင့်ပါသည်။ မိမိ၏ တူ၊ သား၊ ညီအရွယ်ရှိသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား စာနာမှု၊  နားလည်မှုရှိရန်လည်း လိုအပ်ပေမည်။

အမှန်ကို အမှန်တိုင်းမြင်မှသာလျှင် အမြင်မှန်ရရှိနိုင်ပေမည်။

တပ်မတော်၏ လမ်းစဉ်သည် အမျိုးသားနိုင်ငံရေး လမ်းစဉ်ဖြစ်သည်။ သူ၏လမ်းစဉ်အား မတိမ်း မစောင်းဖြင့် လျှောက်လှမ်းသည်မှာ ထိုသူတို့ အလုပ်ပင်ဖြစ်သည်။ တပ်မတော်အနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်တွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ဝင်ရောက်ထိန်းသိမ်းခဲ့သည်။ အာဏာထိန်းသည်ကိုသာ လူမြင်ခဲ့သည်။ တစ်ဖက်လူ၏ မဲမသမာမှု သို့မဟုတ် မဲခိုးမှုကိုတော့ လူမမြင်ခဲ့ပါ။ ဖြစ်စဉ်အကြောင်းအရာကို  အသေးစိတ်လေ့လာကြည့်မှသာ တပ်မတော်၏ ရပ်တည်ချက်၊  ခံယူချက်ကို သိရှိနားလည်နိုင်ပေမည်။ ဒီမိုကရေစီနိုင်ငံများတွင်  သန့်ရှင်း၍ တရားမျှတသည့် ရွေးကောက်ပွဲသည်သာ အဓိကကျသလို အနှစ်သာရလည်းရှိသည်။ အကြောင်း တရားကြောင့် အကျိုးတရား ဖြစ်လာခဲ့သည်။ တပ်မတော်မှ အာဏာထိန်းခြင်းမရှိဘဲ အနိုင်ရပါတီအား လုပ်ချင်သလိုလုပ်ရန် လုပ်ခွင့်ပေး၍ လက်ပိုက်ကြည့်နေပါက တိုင်းပြည်နှင့်လူမျိုး တစ်နည်းအားဖြင့် အမျိုးဘာသာ သာသနာတော်အတွက် အင်မတန်မှရင်လေးစရာ ကောင်းလှပါသည်။ တစ်ဦး တစ်ယောက်၏ မျက်နှာကြည့်ခြင်းထက် အများ၏ မျက်နှာကြည့်ခြင်းက သဘာဝကျလှပေသည်။

နိဂုံးချုပ်အားဖြင့်ဆိုသော မြန်မာ့တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်နေသည် ဆိုသော်လည်း   အမျိုးဘာသာသာသနာအတွက် လည်းကောင်း၊ နိုင်ငံ့အရေးနှင့် အမျိုးသားအရေးကို လည်းကောင်း ရှေ့တန်းတင်ဦးထိပ်ထား ဆောင်ရွက်နေသည်ကို အများသူ ငါမြင်တွေ့နေကြခြင်း ဖြစ်သည်။

အရာရာကိုစွန့်လွှတ် အနစ်နာခံသည့် ဆောင်ရွက်ပေးနေသည့် တပ်မတော်အပေါ် အမြင်ကြည်လင်ဖို့ လိုပါသည်။ အမှန်ကိုသိမှ အမြင်မှန်ကိုရပါမည်။ ယုံမှားသံသယပျောက်၍ အမှန်ဘဝသို့ ရောက်စေလိုပါသည်။

လောကနိယာမ တရားအရ အရာရာတိုင်းတွင် အမှန်တရားကသာအနိုင်ရစမြဲဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ပြည့်အရေး၊ နိုင်ငံ့အရေးအတွက် ပေးအပ်လာသော တာဝန်များကို ဦးလည်မသုန် ကျေပွန်စွာ ထမ်းဆောင်နေသည့် တပ်မတော်အနေဖြင့်   အရာခပ်သိမ်းအောင်မြင်ပါစေ၊ တရားသော စစ်ဆင်နွှဲနေသော မြန်မာ့တပ်မတော် အောင်မြင်ပါစေကြောင်း အကြိမ်ကြိမ် အခါခါဖြင့် ဆုတောင်း ရပါသည်။ နိုင်ငံ့အရေး၊ ပြည့်အရေးအား စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ (၁)နှစ်ပြည့် နှစ်ပတ်လည်နေ့အား ဤဆောင်းပါးဖြင့် ဂုဏ်ပြုတင်ပြ အပ်ပါသည်။    ။