
မြန်မာတို့၏ မီးဖိုချောင်တွင် အဓိကစားသောက်ကုန်အနေဖြင့် ဆန်သည် ပထမဖြစ်ပြီး စားသုံးဆီက ဒုတိယ ဦးစားပေးနေရာတွင် ရှိပါသည်။ ဆန်ကို ထမင်းအဖြစ်သာ စားသုံးရန် အဓိက အသုံးပြုသော်လည်း စားသုံးဆီကိုမူ ဟင်းချက်ကြော်လှော်ရန် တစ်မျိုး၊ လက်ဖက်နှင့် ငါးခြောက်ဖုတ်တို့ ကဲ့သို့သော အစားအစာများကို ဆီစိမ်ရန်တစ်ဖုံ၊ ဆီစိမ်းဆမ်းရန် တစ်နည်းနှင့် ဆီကျက်ချက်ရန် တစ်သွယ်စသည်ဖြင့် စားသုံးဆီ၏ သဘောသဘာဝများကို သေချာစွာသိရှိထားခြင်း မရှိဘဲ နှစ်ခြိုက်စွာ အတိုင်းအဆမဲ့ စားသုံးနေခြင်းမှာ အန္တရာယ်ကို ဖိတ်ခေါ်နေသကဲ့သို့ ဖြစ်နေပေသည်။
စားသုံးဆီဟု အမည်တပ်ထားသော်လည်း ဆီထွက်ပင်ရင်းဖြစ်သည့် အစေ့အဆန်နှင့် အသီးတို့၏ သဘာဝကွဲပြားမှုနှင့် ဆီထုတ်လုပ်မှု ဖြစ်စဉ်တို့ပေါ် မူတည်၍ အသုံးပြုသင့်သည့် ပုံစံကွာခြားကြပါသည်။
စားသုံးဆီများကို ၎င်းင်းတို့၏ ရူပဆိုင်ရာ ဝိသေသလက္ခဏာများမှ တစ်ခုဖြစ်သည့် မီးလောင်မှတ်ပေါ် မူတည်၍ ဟင်းချက်ဆီနှင့် လက်သုပ်ဆီဟူ၍ ခွဲခြားထားပါသည်။ မီးလောင်မှတ်မြင့်သော စားသုံးဆီများက Deep Fried ဟု သိထားသည့် နှစ်ကြော်အတွက် သင့်တော်သောကြောင့် ဟင်းချက်ဆီအတွက် သုံးကြပြီး မီးလောင်မှတ်နိမ့်သော စားသုံးဆီများကို လက်သုပ်ဆီအဖြစ် အသုံးပြုရပါသည်။ နိမ့်သော အပူချိန်၌သာ စားသုံးဆီအဖြစ် တည်ရှိနေနိုင်သည့် ဆီအမျိုးအစားကို နှစ်ကြော်အတွက် အသုံးပြုမိပါက စားသုံးဆီ၏ဖွဲ့စည်းပုံပျက်ပြီး စားသုံးသူအတွက် အန္တရာယ် ဖြစ်စေနိုင်ပါသည်။
မြန်မာနိုင်ငံရှိ စားသုံးသူတို့ အသုံးများသော ဟင်းချက်ဆီများမှာ ဆီအရည်ပိုင်းများသော စားသုံးဆီများ ဖြစ်ရာ ယေဘုယျအားဖြင့် အပင်အခြေခံသော ဟင်းသီးဟင်းရွက်ဆီအုပ်စုဝင် စားသုံးဆီများသာ ဖြစ်ကြပါသည်။ တစ်နည်းအားဖြင့် မပြည့်ဝဆီ ပါဝင်နှုန်းများသော ဆီများဖြစ်ကြပြီး ပတ်ဝန်းကျင် လေထုရှိ အောက်ဆီဂျင်ကြောင့် ဓာတ်တိုးခြင်း၊ နေရောင်ခြည်နှင့် တိုက်ရိုက် ထိတွေ့ချိန်ကြာမြင့် လာသောကြောင့် အလင်းမီဓာတ်တိုးခြင်းနှင့် ထုတ်လုပ်မှုဖြစ်စဉ်၊ သယ်ယူပို့ဆောင်မှုတို့တွင် ရေငွေ့မကင်းစင်မှုတို့ကြောင့် ရေသွင်းဖြိုခွဲမှု ဖြစ်ပေါ်ခြင်း စသည့် အကြောင်းများကြောင့်လည်း ဆီသားတည်မြဲမှု လျော့နည်းလာကာ ဆီပျက်များ ဖြစ်လာပါသည်။ စားသုံးဆီတွင် မပြည့်ဝသော ဆီအရည်ပိုင်း ပါဝင်နှုန်း မြင့်လာသည်နှင့်အမျှ ဆီသားပျက်စီးမှုနှုန်း မြန်လာပေရာ ၎င်းကဲ့သို့သော ဆီပျက်များသည် စားသုံးသူအတွက် အန္တရာယ်ဖြစ်စေနိုင်ပါသည်။
စားသုံးဆီတွင် စားသုံးဆီမဟုတ်သော ပစ္စည်းများ ပါဝင်လာခြင်းကလည်း ဆီကိုပျက်စီးစေသော အကြောင်းအရာ များစွာထဲမှ တစ်ခုဖြစ်ပါသည်။ ဈေးကွက်တွင် ခွက်မှောက် ခွက်လှန်စနစ်ဖြင့် လက်လီ ရောင်းချနေသော ဆီဆိုင်များတွင် လုံခြုံစွာဖုံးအုပ်ထားခြင်း မရှိသော ဆီထည့်ခွက်အတွင်း ပိုးဟပ်၊ ကြွက်နှင့် ပုရွက်ဆိတ်များ ဝင်ရောက်နေသောဆီ၊ မှိုဆိပ်ပါဝင်မှုရှိနေသော မြေပဲစေ့ကို ဆီကြိတ်ရာမှ ဆီသားအတွင်း မှိုဆိပ်ပါဝင်မှု ရှိနေသောဆီ စသည့်စားသုံးဆီများကလည်း ဝယ်ယူစားသုံးသော မိဘပြည်သူများအတွက် ရောဂါကို ပိုက်ဆံဖြင့် ဝယ်ယူနေသကဲ့သို့ ဖြစ်နေပေသည်။
စားသောက်ဆိုင်၊ ဟိုတယ်နှင့် အာလူးကြော်လုပ်ငန်းတို့မှ စွန့်ပစ်သည့် အကြိမ်ကြိမ်ကြော်ပြီးသော ဆီများသည် ညစ်ညမ်းဆီ များဖြစ်ကြပြီး စက်မှုလုပ်ငန်းသုံးဆီများ အဖြစ်သာ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ရန်အတွက် အသုံးပြုနိုင်ပါသည်။ မြင့်မားသော အပူချိန်တွင် အကြိမ်ကြိမ်ကြော်ထားရသော ကြောင့် ဆီ၏မူလဖွဲ့စည်းပုံမှ သွေဖည်၍ ပုံပြောင်းဆီများအဖြစ်သို့ ပြောင်းလဲဖြစ်ပေါ်လာရပါသည်။ ၎င်းင်းတို့ကို အရောင်ချွတ်၊ အနံ့ချွတ်ပြီး ပြန်လည်ပြုပြင်ထားသောအခါ ဝယ်ယူစားသုံးမိသူတို့တွင် အရွယ်မတိုင်မီ အိုမင်းရင့်ရော်လာသည့် အန္တရာယ်နှင့် ကြုံတွေ့လာနိုင်ပါသည်။
ဆီကိုစားသုံး၍ အသားမဖြစ်သော်လည်း ဆီမစား၍လည်းမဖြစ်ပေ။ စားသုံးဆီသည် အင်အားဓာတ်ကို ဖြစ်စေသော အစာအုပ်စုတွင် တစ်ခုအပါအဝင်ဖြစ်ရာ ဆီကိုစားသုံးမှသာ လူတို့လှုပ်ရှားသွားလာနိုင်မည့် စွမ်းအင်ကို ရရှိနိုင်မည် ဖြစ်ပါသည်။ ထို့ပြင် ရေတွင်မပျော်ဝင်နိုင်ဘဲ ဆီတွင်သာ ပျော်ဝင်နိုင်သည့် ဗီတာမင်များကိုလည်း ဆီစားသုံးမှသာ ရရှိနိုင်သကဲ့သို့ ဆံပင်ဆံသားနှင့် အရေပြား (အသားအရေ) ကျန်းမာရေး အတွက်လည်း ဆီကအရေးပါလှပါသည်။ မည်သို့ပင် အရေးပါလှသည် ဖြစ်စေ လူတစ်ဦးအတွက် အသက်အရွယ်အလိုက် သတ်မှတ်ထားသော ဆီစားသုံးမှုထက် လွန်ကဲစွာသုံးစွဲပါက အချိန်ကြာလာသည်နှင့်အမျှ ကိုယ်ခန္ဓာအလေးချိန် တိုးလာခြင်းမှ အစပြုသည့် အခြားရောဂါများနှင့် ကြုံတွေ့လာနိုင်ပါသည်။ ထို့ကြောင့်ပင် စားသုံးဆီသည် သုံးတတ်လျှင်ဆေး ဖြစ်နိုင်သကဲ့သို့ မသုံးတတ်လျှင်ဘေး ဖြစ်စေနိုင်ကြောင်းကို သိရှိထားသင့်ပါသည်။
ယခုခေတ်ကာလတွင် ကမ္ဘာကြီးသည် ရွာကြီးတစ်ရွာကဲ့သို့ ဖြစ်လာသော အရှိန်ကြောင့် မိမိဒေသထွက် မိရိုးဖလာအစားအစာများထက် အခြားဒေသ၊ နိုင်ငံအသီးသီးမှ ဝင်ရောက်လာသော အစားအစာ သို့မဟုတ် မိမိဒေသထွက်ကုန်ကို အခြားနိုင်ငံမှ နည်းပညာများဖြင့် ဖန်တီးထားသော အစားအစာ များကို ပိုမိုမက်မောစွာ စားသောက်သုံးစွဲမှုများ ရှိလာကြောင်း တွေ့ရှိနေရပါသည်။ အများအားဖြင့် သာဓကပြုရမည်ဆိုလျှင် ဒိုးနတ်မုန့်များ၊ ကြက်ကြော်၊ ခရက်ကာမုန့်ကြွပ်၊ ခေါက်ဆွဲခြောက်၊ ချောကလက်နှင့် နို့ထွက်ပစ္စည်းအစားထိုး အစားအစာ များကဲ့သို့သော စားသုံးဆီနှင့် မကင်းသည့် စားသောက်ကုန်များဖြစ်ကြပါသည်။ ၎င်းစားသောက်ကုန်များကို ထုတ်လုပ်သည့် နည်းစဉ်တွင် မုန့်သားပွပြီး လှပစေရန်အတွက် လည်းကောင်း၊ ကြွပ်ကြွပ်ရွရွဖြစ်စေရန် အတွက်လည်းကောင်း၊ မုန့်သားမျက်နှာပြင် အရောင်တက်စေရန်လည်းကောင်း အသုံးပြုရသော စားသုံးဆီပါဝင်မှုကြောင့် ကိုင်တွယ်ထိန်းသိမ်းမှု အားနည်းပါက ဆီသားပျက်စီးလာရာ မှတစ်ဆင့် မုန့်အရည်အသွေး ထိခိုက်လာမည်ဖြစ်ပြီး စားသုံးသူများကိုလည်း အန္တရာယ် ဖြစ်စေမည် ဖြစ်ပါသည်။
စားသုံးဆီနှင့်တကွ ၎င်းနှင့်ဆက်စပ်နေသော အစားအစာများကြောင့် ကြုံတွေ့လာနိုင်သည့် အန္တရာယ်များ ဖြစ်သည့် အဝလွန်ရောဂါ၊ အသည်းအဆီဖုံးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါနှင့် သွေးတိုးလေဖြတ်ရောဂါ စသည့်ဆေးကုသစရိတ် မြင့်မားပြီး ကုသရန်ခက်ခဲသော နာတာရှည် ရောဂါများမှ ကင်းဝေးစေရန်အတွက်- စားသုံးဆီကို အနည်းဆုံးပမာဏအထိ လျှော့ချသုံးစွဲရန်၊ အနံ့ထွက်ပြီး အရောင်ပျက်နေသော ဆီပျက်များကို သုံးစွဲခြင်းမပြုရန်၊ အရောင်နီမြန်းပြီး ကြွပ်ရွနေသော ဆီကြော်မုန့်များကို နေ့စဉ်စားသောက်ခြင်း မပြုရန်၊ စားသုံးဆီများကို ဝယ်ယူသုံးစွဲရာတွင် ကုန်အမှတ်တံဆိပ်ပါဝင်ပြီး အာမခံမှုရှိသည့် ဆီများကိုသာ ဝယ်ယူသုံးစွဲကြရန်၊ ဆီဘူးများကို နေရောင်ခြည်တိုက်ရိုက် ကြာရှည်စွာ ကျရောက်မည့် နေရာတွင် မထားဘဲ အေးမြခြောက်သွေ့၍ အလင်းရောင် မကျရောက်သောနေရာတွင်သာ ထားရှိရန်၊ သင့်လျော်သော ကိုယ်လက်လှုပ်ရှားမှု နေ့စဉ်ပြုလုပ်ရန်၊ မိမိတို့ နေ့စဉ်စားသောက်မည့် အစားအစာများတွင် ဟင်းသီးဟင်းရွက် မပါမဖြစ် စားသောက်ရန် စသည်တို့ကို လိုက်နာကြရန် လိုအပ်လှသည်။
လူတစ်ယောက်ချင်းစီတိုင်း၏ ကျန်းမာရေးသည် ကံ၊ စိတ်၊ ဥတု၊ အာဟာရတို့ပေါ်တွင် မူတည်နေရာ အာဟာရဖြစ်အောင် စားသောက်သည့်အခါ တန်ဆေး၊ လွန်ဘေးဆိုသည့် ဆိုရိုးစကားကို လိုက်နာပြီး စားသုံးဆီအလွန်အကျွံသုံးစွဲနေခြင်းကို လျှော့ချခြင်းအားဖြင့် မိမိတို့၏ ကျန်းမာရေး၊ စီးပွားရေး၊ လူနေမှုဘဝများ အဆင့်မြင့်မားလာနိုင်မည်ဖြစ်ပါသည်။ ထို့နည်းတူ စားသုံးဆီသုံးစွဲမှုကို အိမ်ထောင်စုတစ်ခုမှ အစပြု၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လျှော့ချသုံးစွဲနိုင်မည်ဆိုပါက နှစ်စဉ် စားသုံးဆီတင်သွင်းမှုအတွက် သုံးစွဲနေရသော နိုင်ငံခြားငွေသက်သာစေမည့်အပြင် နိုင်ငံသားတိုင်း၏ ကျန်းမာရေး အဆင့်အတန်း မြင့်မားလာပြီး သက်တမ်းစေ့နေထိုင်နိုင်ကြမည်ဖြစ်သည်။
အချုပ်အားဖြင့်ဆိုရသော် စားသုံးဆီကဏ္ဍတွင် ပါဝင်ဆောင်ရွက်နေသူများနှင့် စားသုံးသူများ အားလုံးသည် စားသုံးဆီ၏ သဘောသဘာဝများအပြင် ၎င်းတို့၏ ပျက်စီးတတ်သည့် အကြောင်း တရားများကို သိရှိနားလည်ထားကြပြီး စားသုံးဆီနှင့် ဆက်စပ်အစားအစာများကို သတိပြုချင့်ချိန် စားသုံးကြခြင်းဖြင့် စားသုံးဆီ အလွန်အကျွံ သုံးစွဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ရောဂါဆိုးများမှ ကင်းဝေးကာ လူ့သက်တမ်းစေ့ နေထိုင်သွားနိုင်ကြစေရန် ရည်သန်၍ ရေးသား တင်ပြ လိုက်ရပါသည်။ ။
အိအိချော
စားသုံးသူရေးရာဉီးစီးဌာန