ပေါင်းစည်းညီညွတ် ရင်ဆိုင်တုံ့ပြန် အာဆီယံအတွက် ACDFM

အာဆီယံလို့ခေါ်တဲ့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ဆိုတာ ဒေသတွင်းသာမက နိုင်ငံတကာ ကပါ လေးစားရတဲ့၊ အားကျရတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်တယ်ဆိုရင် မှားမယ်မထင်ပါဘူး။

အဖွဲ့ဝင်နိုင်ငံတွေဟာလည်း တစ်ခုတည်းသော ရည်မှန်းချက်ပန်းတိုင်ဆီကို တစ်စိတ်တည်း၊ တစ်ဝမ်းတည်း၊ ခံယူချက်တစ်ခုတည်းနဲ့ အမြဲမပြတ်ရှေ့ဆက် တက်လှမ်းနေကြပါတယ်။ ပထဝီဝင်အနေအထားအရကြည့်မယ်ဆိုရင် အရှေ့တောင်အာရှဒေသမှာရှိတဲ့ နိုင်ငံတွေဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ မျက်စိကျနေတဲ့ တစ်နည်းအားဖြင့် အာဏာလွှမ်းမိုးရေးပြိုင် ဆိုင်နေတဲ့ အင်ဒို-ပစိဖိတ်ဒေသရဲ့ အဓိကကျတဲ့  အစိတ်အပိုင်းတွေ ဖြစ်နေပြန်ပါတယ်။

အထူးသဖြင့်တော့ အမေရိကန်နဲ့တရုတ်တို့ကြား အင်အားလွန်ဆွဲမှုမှာ အရှေ့တောင် အာရှ နိုင်ငံတွေကို သူတို့ဘက်ပါလာစေရေးအတွက် ချော့တစ်ခါခြောက်တစ်လှည့်နဲ့ စည်းရုံးနေကြ တာပါ။

ဒီအရေးကိုကြိုတင်မြော်တွေးထားတဲ့ ဒေသတွင်းခေါင်းဆောင်တွေဟာ အာဆီယံအဖွဲ့အနေနဲ့ ဆုံးဖြတ်ချက်တစ်ခုချတော့မယ်ဆိုရင် အဖွဲ့ဝင်နိုင်ငံအားလုံး သဘောတူမှသာ အတည်ပြုခွင့် ရှိမယ်ဆိုတဲ့အချက်ကို အဓိကထားပြီး ထည့်သွင်းပြဋ္ဌာန်းထားပါတယ်။ ဒီလိုပြဋ္ဌာန်းမှုဟာ   ဘယ်လိုအဖွဲ့ အစည်းမှာမှမရှိတဲ့  ဂုဏ်ယူရလောက်တဲ့ ပြဋ္ဌာန်းမှုဖြစ်ပါတယ်။

ဒီအချက်တွေကို  ကြည့်ခြင်းအားဖြင့် အရှေ့တောင်အာရှနိုင်ငံတွေဟာ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေရဲ့ဘယ်လောက်အထိ မျက်စိကျမှုကိုခံနေရတယ်။ ကမ္ဘာ့နိုင်ငံရေး ကစားကွက်မှာ ဘယ်လောက်အထိ အရေးပါနေတယ်ဆိုတာ သိနိုင်မှာပါ။

ဒီလိုအရေးပါလှတဲ့ အရှေ့တောင်အာရှနိုင်ငံတွေဟာ ဒေသတစ်ခုလုံးမပြိုကွဲသွားစေဖို့ တစ်နိုင် ငံချင်းစီရဲ့အင်အားနဲ့ ကာကွယ်လို့မရတော့ပါဘူး။ စုပေါင်းအားနဲ့ ကာကွယ်မှသာရပါလိမ့် မယ်။ ဒါ့အပြင် ယနေ့အချိန်မှာ စိန်ခေါ်မှုများက တစ်နေ့ထက် တစ်နေ့ပိုပိုတိုးလာပါတယ်။

နိုင်ငံအသီးသီးမှာရှိတဲ့ တပ်မတော်တွေအနေနဲ့ သမားရိုးကျလုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများ သာမက သမားရိုးကျမဟုတ်တဲ့ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေဖြစ်တဲ့ အကြမ်းဖက် တိုက်ခိုက်မှုများ၊ ပုံမှန်မဟုတ်တဲ့ ရွှေ့ပြောင်းဒုက္ခသည်များ၊ လူကုန်ကူးမှုများ၊ မူးယစ် ဆေးဝါးကုန်ကူးမှုများ၊ ပင်လယ်ဓားပြမှုများနဲ့ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများအပြင် ယနေ့လို သတင်းအချက်အလက် နည်းပညာခေတ်ကြီးမှာ မလွဲမသွေရင်ဆိုင်ရတဲ့ ဆိုက်ဘာ လုံခြုံရေးကိစ္စရပ်များကိုလည်း ကြုံတွေ့လာရပါတယ်။ ဒီလိုကိစ္စရပ်တွေကို တစ်ဦးကောင်း၊ တစ်ယောက်ကောင်းအနေနဲ့ မဖြေရှင်းနိုင်ပါဘူး။ သက်ဆိုင်ရာ နိုင်ငံအားလုံးပေါင်းစည်း ညီညွတ်အားနဲ့သာ ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။

ဒီအတွက်ကြောင့် အာဆီယံဒေသတွင်းမှာရှိတဲ့ တပ်မတော် အသီးသီးကြားချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုနဲ့ အပြန်အလှန်နားလည်မှုရှိဖို့ အရေးတကြီး လိုအပ်လာပါတော့တယ်။ တပ်မတော်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုရှိဖို့ဆိုရင် နိုင်ငံ့အကြီးအကဲအပြင် တပ်မတော် အသီးသီးရဲ့  အကြီးအကဲတွေအနေနဲ့  အလွန်ကိုအမြော်အမြင် ကြီးမားရပါလိမ့်မယ်။

ထို့အတူ တပ်မတော်ခေါင်းဆောင် အချင်းချင်းကြားမှာ တစ်ဦးနဲ့တစ်ဦးအပြန် အလှန်နား လည်မှုရှိဖို့အတွက်ကလည်း သိပ်ကိုအရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ အာဆီယံအဖွဲ့ဟာ    ဒီအရေးတွေကို မြော်တွေးပြီး သက်ဆိုင်ရာနိုင်ငံအသီးသီးရဲ့ တပ်မတော်ခေါင်းဆောင် တွေကြား အပြန်အလှန်ချစ်ကြည်ရင်းနှီးစွာဆွေးနွေးမှုကို ၂၀၀၁ ခုနှစ်မှာ စတင်အကောင် အထည်ဖော်ခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံက ဒီအစည်းအဝေးကို စတင်ဖော်ဆောင်ပြုလုပ်တာပါ။ ပထမဆုံး အကြိမ် ဖြစ်တဲ့ အဲဒီအစည်းအဝေးကိုတော့ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူနဲ့ ထိုင်း နိုင်ငံတို့မှ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များနဲ့ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီး ချုပ်တို့ တက်ရောက်ပါတယ်။ အဲဒီအစည်းအဝေးရဲ့ မူလရည်ရွယ်ချက်က ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်မှာ ဖြစ်ပွားတဲ့ ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အအုံ အကြမ်းဖက်တိုက် ခိုက်ခံရမှုနဲ့ အဲဒီတိုက်ခိုက်မှုကနေထွက်ပေါ်လာတဲ့ မလိုလားအပ်တဲ့ အကျိုးဆက်တွေကို  တုံ့ပြန်ဖို့ အတွက်ပါ။ ထွက်ပေါ်လာတဲ့ အစည်းအဝေးသုံးသပ်ချက်တွေနဲ့ ဆုံးဖြတ်ချက်တွေ ကိုတော့ ထောက်လှမ်းရေးအရာရှိတွေက ဆက်လက်ဆွေးနွေးရပါတယ်။ ထောက်လှမ်းရေး အရာရှိတွေရဲ့ အဲဒီဆွေးနွေးမှုက အာဆီယံတပ်မတော် ထောက်လှမ်းရေးမှူးချုပ်များ အလွတ် သဘော အစည်းအဝေးကို စတင်ဖြစ်ပေါ်လာစေတာ ဖြစ်ပါတယ်။

ဒုတိယအကြိမ် အာဆီယံတပ်မတော် ကာကွယ်ရေးဦးစီးချုပ်များ အလွတ်သဘော အစည်း အဝေးကိုတော့ ၂၀၀၃ ခုနှစ်မှာ ဘရူနိုင်းနိုင်ငံမှာ ကျင်းပပါတယ်။ နောက်နှစ်တွေကနေစပြီး အဲဒီအစည်းအဝေးကို နှစ်စဉ်ကျင်းပလာခဲ့ပါတယ်။

အစောပိုင်းနှစ်တွေတုန်းက ကျင်းပတဲ့အစည်းအဝေးဟာ အကြမ်းဖက်မှု တိုက်ဖျက်ရေး အတွက် ထောက်လှမ်းရေးလုပ်ငန်းတွေ အပေါ် အဓိကဦးစားပေး ဆွေးနွေးခဲ့တာပါ။ နောက်ပိုင်းမှာတော့ တစ်ကမ္ဘာလုံးဆိုင်ရာ ဖြစ်တည်မှုနဲ့အတူ ကမ္ဘာ့နိုင်ငံရေးမှာ မဖြစ်မနေ ပါဝင်လာရတဲ့အတွက် ဒေသတွင်းစိန်ခေါ်မှုများကို လက်တွဲညီညီရင်ဆိုင် ဖြေရှင်းရေးဆီ ဦးတည်လာပါတယ်။

ဒါကြောင့် အာဆီယံတပ်မတော် ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေးဟာ ဒေသတွင်း မှာဖြစ်ပေါ်နေတဲ့ မဟာ ဗျူဟာဆိုင်ရာကိစ္စရပ်များ၊ အပြုသဘောဆောင်တဲ့လုပ်ဆောင်မှုများ၊ အပြန်အလှန် အကျိုးစီးပွားများအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်များအနေနဲ့ ပူးပေါင်းအဖြေရှာနိုင်တဲ့ တကယ့်ကိုနေရာကောင်းကြီးတစ်ခုဖြစ် လာပါတယ်။

ဒါ့အပြင် ဒီအစည်းအဝေးကြီးဟာ ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ တပ်မတော်သားတွေကြား တစ်ဦးနဲ့တစ်ဦးအပြန်အလှန် ယုံကြည်မှု၊ ရင်းနှီးချစ်ခင်မှု၊ ပညာရပ်များဖလှယ်မှုတို့ အတွက် လည်း အခြေခံအကျဆုံးသော အစည်းအဝေးကြီးဖြစ်ပါတယ်။ ဒီအစည်းအဝေးကြီးကြောင့် ဒေသတွင်းမှာ ထောက်လှမ်းရေး သတင်းအချက်အလက်တွေ ဖလှယ်ပြီး ကြိုတင်လက်ဦးမှု ရယူနိုင်တဲ့ အာဆီယံတပ်မတော် ထောက်လှမ်းရေးမှူးချုပ်များ အစည်းအဝေးနဲ့  အာဆီယံ တပ်မတော်စစ်ဆင်ရေးမှူးချုပ်များ အစည်းအဝေးတို့ ထွက်ပေါ်လာပါတယ်။

၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၂၄ ရက်မှာတော့ (၁၇)ကြိမ်မြောက် အာဆီယံ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေးကို အခက်အခဲတွေကြားကနေ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါပြီ။ အရင်ကတော့ ဒီလိုအစည်းအဝေးကို အလှည့်ကျအာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူရတဲ့နိုင်ငံမှာ မျက်နှာချင်းဆိုင်တွေ့ပြီး ရင်းရင်းနှီးနှီးနဲ့ ပြောဆိုလုပ်ဆောင်တာပါ။

ဒီနှစ်မှာတော့ ကမ္ဘာ့ကပ်ရောဂါရဲ့ နှောင့်ယှက်မှုရှိနေပေမယ့်လည်း နည်းပညာ တိုးတက်ထွန်း ကားမှုရဲ့ကျေးဇူးကြောင့် ဗီဒီယိုမှတစ်ဆင့် တွေ့ဆုံဆွေးနွေးမှုကို လုပ်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့လည်း ယခင်ကတည်းကတည်ရှိထားတဲ့ အာဆီယံတပ်မတော် ကာကွယ်ရေးဦးစီး ချုပ်များကြားက ရင်းနှီးချစ်ခင်မှုဟာ လျော့ကျမသွားခဲ့ပါဘူး။ အစည်းအဝေးရဲ့ မူလရည်မှန်း ချက် အနှစ်သာရလည်း ပျောက်ပျက်မသွားပါဘူး။

အာဆီယံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေးရဲ့ လုပ်ရိုးလုပ်စဉ်ထဲမှာ သက်ဆိုင်ရာ အလှည့်ကျဥက္ကဋ္ဌနိုင်ငံက ခေတ်အခြေအနေနဲ့ အညီသတ်မှတ်ပေးထားတဲ့ ခေါင်းစဉ် တစ်ခုတည်းအောက်ကနေ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အသီးသီးက ဆွေး နွေးမှုပါဝင်ပါတယ်။ ဒီနှစ်အတွက် ခေါင်းစဉ်ကတော့ Military Cooperation for a Cohesive and Responsive ASEAN ပဲ ဖြစ်ပါတယ်။ ဒီခေါင်းစဉ်အောက်မှာ သက်ဆိုင်ရာ နိုင်ငံ အသီးသီးမှ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များက ဆွေးနွေးကြပါတယ်။

ဒီလိုဆွေးနွေးမှုဟာ  တစ်နိုင်ငံတည်း အမြင်နဲ့ရှုမြင်သုံးသပ်ပြီး ဆွေးနွေးရတာမျိုး မဟုတ်ပါ ဘူး။ အာဆီယံအဖွဲ့ဝင် နိုင်ငံအားလုံးပါဝင်တဲ့ ဒေသတစ်ခုလုံးအပေါ် လွှမ်းခြုံရှုမြင်ပြီး ဆွေးနွေးရတာမျိုးဖြစ်ပါတယ်။ အခုလိုမျိုး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များကြား ရင်းနှီးချစ်ခင်စွာ ဆွေးနွေးမှုကြောင့်ရလာတဲ့ရလဒ်တွေနဲ့ အကျိုးကျေးဇူးတွေက အလွန်ကိုပဲ များပြားလှပါတယ်။

အဲဒီထဲကမှ ဥပမာတစ်ခုကိုထုတ်ပြရရင် တပ်မတော်အသီးသီးမှာရှိတဲ့ ကြည်း၊ ရေ၊ လေ တပ်ဖွဲ့တွေ အချင်းချင်းသာမက တပ်မတော်သား အသီးသီးကြားမှာ အပြန်အလှန် ယုံကြည်မှု ရှိပြီး လက်တွေ့ပူးပေါင်းဆောင်ရွက်မှုမှာလည်း ပိုမိုခိုင်မာလာတာကို အထင်အရှား တွေ့မြင် ရမှာ ဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ပြောရရင်တော့ အဘက်ဘက်ကစိန်ခေါ်မှုများပြားလာတဲ့ ဒီနေ့လိုခေတ်ကြီး မှာတစ်ဦးတစ်ယောက်တည်း၊ တစ်နိုင်ငံတည်း ရပ်တည်လို့မရတော့ပါဘူး။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံအပြန်အလှန် အမှီသဟဲပြုပြီး ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်နေရပါပြီ။

နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်ရာမှာ ကာကွယ်ရေးကဏ္ဍက အဓိကကျတဲ့နေရာက နေပါဝင်ပြီး အဲဒီလိုကာကွယ်ရေး ကဏ္ဍပူးပေါင်းဆောင်ရွက်မှုကနေတစ်ဆင့် ကျန်တဲ့ကဏ္ဍ အသီးသီးမှာ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေလာ ပါတယ်။ ကာကွယ်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု အတွက်ကတော့ သက်ဆိုင်ရာနိုင်ငံတွေရဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တွေကြား အပြန်အလှန် ရင်းနှီးချစ်ခင်မှုရှိရေးနဲ့ ယုံကြည်မှုရှိရေးက အရေးကြီး ပြန်ပါတယ်။

ဒါကြောင့် အခုလိုမျိုး အာဆီယံတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များအစည်းအဝေးကို ကျင်းပနိုင်ခြင်းဟာ တွေ့ကြုံရတဲ့စိန်ခေါ်မှုတွေကို စည်းစည်းလုံးလုံးနဲ့အတူ လက်တွဲဖြေရှင်း ပြီး အာဆီယံအသိုက်အဝန်းကြီး တစ်ခုလုံးတည်ငြိမ် အေးချမ်းရေးကို မလွဲဧကန် ဖော်ဆောင် ပေးနိုင်မှာဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

မောင်ငြိမ်းချမ်း(သန်လျင်)