
နိုင်ငံသားဆိုသည်မှာ နိုင်ငံတော်၏ တာဝန်ကို ဝေပုံကျထမ်းဆောင်၍ ဝတ္တရားအလိုက်ခံစားထိုက် သောအခွင့်အရေး တို့ကို ခံစားပိုင်ခွင့်ရှိသူတစ်ယောက် ဖြစ်သည်ဟု ဆိုပါသည်။ နိုင်ငံသားအဖြစ် ခံယူရရှိသူ မှန်သမျှ နိုင်ငံတော်၏ တာဝန်ကို ထမ်းဆောင်ရမည့် တာဝန်၊ နိုင်ငံတော်မှ ပေးစွမ်းနိုင်သော အခွင့်အရေးဟူသမျှကို ခံစားရမည့်တာဝန်ရှိသည်ဟုမှတ်ယူရပေမည်။ အကယ်၍ နိုင်ငံသားတစ်ဦးမှာ ထိုတာဝန်များ ပျက်ကွက်ချေသော် နိုင်ငံသားဖြစ်ထိုက်သော အရည်အချင်းမရှိဟု မှတ်ယူသင့်ပေသည်။
နိုင်ငံသားဆိုသည်မှာ နိုင်ငံတော်ကိုတန်ဖိုးထားလေးစားခြင်း၊ အများ၏အကျိုးအတွက် စိတ်ရော ကိုယ်ပါဆောင်ရွက်ခြင်း၊ တရားဥပဒေအရ လိုက်နာဆောင်ရွက်ခြင်း၊ အသိဉာဏ်နှင့်ယှဉ်၍ ရိုးသားဖြောင့် မတ်စွာဆန္ဒမဲပေးခြင်း စသည့်ပြည်သူ့တာဝန်များကို သိရှိနားလည်ပြီး လိုက်နာ ကြရမည့်အပြင် နိုင်ငံတော်၏ အကျိုးစီးပွားပျက်ပြားစေမည့်ပြည်တွင်းရန်၊ ပြည်ပရန် ဟူသမျှကို ကာကွယ်တွန်းလှန် တိုက်ဖျက်ရမည်ဟူသော သဘောထား၊ နိုင်ငံတော်၏ ကာကွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် မိမိစွမ်းဆောင်နိုင်သည့်ဘက်မှ ပါဝင်ဆောင်ရွက်ရမည် ဟူသော သဘောထားရှိရပေမည်။
ဤသည်မှာ နိုင်ငံသားနှင့်သူ၏ အရည်အချင်းအဖြစ် ရေးသားချက်မှ ကောက်နုတ်ချက်ဖြစ်သည်။ နိုင်ငံသားတိုင်းသည် မိမိတို့နေထိုင်သောနိုင်ငံ၏ တိုးတက်ဖွံ့ဖြိုးရေးကို လိုလားကြသူများသာ ဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်ရေး လိုလားသည့်အလျောက် ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတား ဖြစ်စေသည့် အကြောင်းအချက်များကိုလည်း ကာကွယ်ကြရမည် ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်ချက်သည် ယနေ့ခေတ်တွင် စီးပွားရေးအင်အား တောင့်တင်းမှုဖြစ်သည်။ စီးပွားရေးအင်အား တောင့်တင်းမှုအတွက် ထင်သာမြင်သာသော အချက်အလက်ကို ပြရမည်ဆိုလျှင် မိမိတို့နိုင်ငံမှ ထုတ်ကုန်များ ပြည်ပဈေးကွက်တွင် များစွာထုတ်လုပ် ရောင်းချနိုင်ပြီး ပြည်ပမှထုတ်ကုန်များ မိမိပြည်တွင်းသို့ တင်သွင်းမှု အနည်းဆုံးဖြစ်အောင် လုပ်ဆောင်နိုင်ခြင်းဖြစ်သည်။ ပြည်ပမှသွင်းကုန်ချွေတာနိုင်ရေးအတွက် မိမိတို့တစ်ဦးချင်းက ခြိုးခြံချွေတာခြင်းကို ဘက်ပေါင်းစုံမှ ဆောင်ရွက်ခြင်း ဖြစ်သည်။
လူတစ်ဦးချင်းစီက မိမိတို့နေ့စဉ် စားဝတ်နေရေးအတွက် အလုပ်လုပ်ကိုင်နေကြရသည်။ ထိုအလုပ် အကိုင်မှ ဝင်ငွေများရရှိမည်။ ထိုဝင်ငွေများကိုဝင်ငွေရ သလောက်သုံးစွဲနေကြမည်ဆိုလျှင် မိမိတိုးတက်ရေး လမ်းကြောင်းသို့ ရောက်ရှိနိုင်မည် မဟုတ်ပေ။ ဝင်ငွေကများပြီး ထွက်ငွေကနည်းမှသာ လူတိုင်းဘဝဖွံ့ဖြိုးတိုးတက်မည် ဖြစ်သကဲ့သို့ နိုင်ငံတစ်နိုင်ငံသည်လည်းထိုကဲ့သို့ပင်ဖြစ်သည်။ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံ တစ်နိုင်ငံဖြစ်ပေရာ နိုင်ငံသားတိုင်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်လုပ်ဆောင် ကြရပေမည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ မိမိတို့ပြည်သူ တစ်ဦးချင်း၊ မိသားစု တစ်စုချင်း တိုးတက်ရေးအတွက် အစားအသောက် အနေအထိုင်တို့တွင် မှန်ကန်စွာတွေးခေါ်မှုဖြင့် လျှော့သင့် သည်များ၊ ချွေတာသင့်သည်များကို လျှော့ချ ချွေတာသင့်ပါသည်။
နိုင်ငံသားတိုင်း ချွေတာသုံးစွဲသင့်သော အရာများတွင် လျှပ်စစ်ဓာတ်အား ချွေတာ သုံးစွဲခြင်းသည်လည်း လိုအပ်ချက်တစ်ခုဖြစ်လာပါသည်။ နိုင်ငံတော်ဓာတ်အား စနစ်မှ လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲနေသည်မှာ နိုင်ငံလူဦးရေ၏ ၆၁ ရာခိုင်နှုန်းခန့်ရှိပါသည်။ မြန်မာနိုင်ငံတွင် ကောက်ခံနေသော လျှပ်စစ်ဓာတ်အား သုံးစွဲခသည် အခြားနိုင်ငံများနှင့် ယှဉ်လျှင် များစွာသက်သာမှု ရှိပါသည်။ ပြည်သူများအနေဖြင့် ဈေးနှုန်းချိုသာသော လျှပ်စစ်ဓာတ်အားကို ရရှိသုံးစွဲနေရသဖြင့် လျှပ်စစ်ဓာတ်အားကို ချွေတာသုံးစွဲရန် သတိမမူခြင်း ဖြစ်သည်။
လျှပ်စစ်ဓာတ်အားကို ချွေတာသုံးစွဲခြင်းဖြင့် မိမိတို့ မိသားစုအတွက် မီတာခကျသင့်ငွေလျော့နည်းမည် ဖြစ်ပြီး အသုံးစရိတ်ကို ချွေတာရာလည်း ရောက်ပါသည်။
လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနသည် နိုင်ငံတော်၏ နှစ်စဉ်တိုးတက်သုံးစွဲလာသော လျှပ်စစ်ဓာတ်အားကို ပြည့်ဝစွာ ဖြည့်ဆည်းပေးနိုင်ရေး ဓာတ်အားပေးစက်ရုံများအား အဆင့်မြှင့်တင် ပြုပြင်ခြင်း၊ ဓာတ်အားပေးစက်အသစ်များ တည်ဆောက်ခြင်း၊ မဟာဓာတ်အားလိုင်းများ၊ မဟာဓာတ်အားခွဲရုံ အသစ်များကို တိုးချဲ့တည်ဆောက်ခြင်းနှင့် ဓာတ်အားဖြန့်ဖြူးရေး လိုင်းများနှင့် ခွဲရုံများအား အသစ်တိုးချဲ့ တည်ဆောက်လျက်ရှိပါသည်။ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ် အား ရရှိသုံးစွဲနေသော အိမ်ထောင်စုတစ်ခုချင်း စီက လျှပ်စစ်ဓာတ်အားကို အကျိုးရှိစွာ ချွေတာ သုံးစွဲပါက သုံးစွဲသူများအတွက် မီတာခများ ပေးချေရမှု လျော့နည်းမည်။ ထို့အတူ နိုင်ငံတော်ဓာတ်အား စနစ်အတွင်းဝန်အား ထိန်းညှိလျှော့ချရမည့် ပမာဏ လျော့နည်းသွားခြင်းနှင့် လျှပ်စစ်မီး မရရှိသေးသော ပြည်သူများကို လျှပ်စစ်ဓာတ်အားတိုး ချဲ့ဖြန့်ဖြူးပေးနိုင်ခြင်း စသော အကျိုးကျေးဇူး များကို ပြည်သူတစ်ရပ်လုံးသာ တူညီမျှရရှိခံစားရမည် ဖြစ်ပါသည်။
လျှပ်စစ်ဓာတ်အား ချွေတာရေး နည်းလမ်းများအနက် လက်ငင်းအကျိုးကျေးဇူးများပြီး ထိရောက်မှု အရှိဆုံးနည်းလမ်းမှာ ဓာတ်အားသုံးစွဲမှုများသော မီးသီး၊ မီးချောင်းများအား ဓာတ်အားသုံးစွဲမှု နည်းသော LED မီးသီး၊ မီးချောင်းများဖြင့် အစားထိုးအသုံးပြုခြင်း ဖြစ်ပါသည်။ LED မီးသီး၊ မီးချောင်းများသည် စွမ်းအင်သုံးစွဲမှု သက်သာခြင်း၊ သက်တမ်းရှည်ကြာခြင်း၊ အဖွင့်အပိတ်အကြိမ် ရေများခြင်းအပေါ် ခံနိုင်ရည်ရှိခြင်း၊ ဗို့အားနိမ့်တွင် သုံးစွဲနိုင်ခြင်း၊ အလင်းအားကို လိုသလိုလျှော့ချ အသုံးပြုနိုင်ခြင်း၊ အပူနှင့်ခရမ်းလွန်ရောင်ခြည် ထုတ်လွှတ်မှု မရှိခြင်းနှင့် အလင်းရောင်အေးမြခြင်း အစရှိသော အားသာချက်များ ရရှိမည် ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် ပြည်သူများသို့ လျှပ်စစ်ဓာတ်အားချွေတာ သုံးစွဲရေးနည်းလမ်းများအား လိုက်နာဆောင်ရွက် ပေးကြပါရန် အသိပေး တိုက်တွန်းနှိုးဆော်လျက်ရှိသည်။ ထို့အတူသက်ဆိုင်ရာ ကျွမ်းကျင်ပညာ ရှင်များကလည်း ဓာတ်အားသုံးစွဲမှုများသောမီးသီး၊ မီးချောင်းများအစား LED မီးသီး၊ မီးချောင်းများဖြင့် အစားထိုးခြင်း၊ မလိုအပ်သော နေရာများ/အချိန်များတွင် မီးပိတ်ထားပြီး လိုအပ်သော နေရာများကိုသာ မီးခလုတ်ဖွင့်ခြင်း အစရှိသော လျှပ်စစ်ဓာတ်အားချွေတာ ရေးနည်းလမ်းများကို အသိပညာပေး ဖြန့်ဝေလျက်ရှိပါသည်။
လက်ရှိအသုံးပြုနေသော လေးပေမီးချောင်း တစ်ချောင်း၏ ဓာတ်အားသုံးစွဲမှုမှာ ဝပ် ၄၀ ဖြစ်သော်လည်း လင်းအားတူ LED မီးချောင်း၏ ဓာတ်အားသုံးစွဲမှုမှာ၁၆ ဝပ်သာရှိသည်။ ထို့ကြောင့် နိုင်ငံတော် ဓာတ်အား စနစ်မှ လျှပ်စစ်ဓာတ်မှ ရရှိသုံးစွဲနေသော အိမ်ထောင်စု ၆ ဒသမ ၆ သန်းအနက် အိမ်ထောင်စုတစ်စုလျှင် ဝပ် ၄၀ လေးပေမီးချောင်းနှစ်ချောင်းအား LED မီးချောင်းဖြင့် အစားထိုး အသုံးပြုမည် ဆိုပါက အိမ်ထောင်စုတစ်စုလျှင် ဝပ် ၄၀ သက်သာပါမည်။ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ဓာတ်အားသုံးစွဲမှု ၃၁၆ ဒသမ ၈ မဂ္ဂါဝပ်သက်သာသွားမည် ဖြစ်သောကြောင့် ဝန်အားထိန်းညှိလျှော့ချရမည့် ပမာဏ လျော့နည်း သွားပေမည်။ ထို့ပြင် လျှပ်စစ်မီတာ မရရှိသေးသော ပြည်သူများအား လျှပ်စစ်မီတာများ တိုးချဲ့တပ်ဆင်နိုင်မည် ဖြစ်သည်။ LED မီးသီး၊ မီးချောင်းများ၏ ကနဦးတပ်ဆင်စရိတ်မှာ ကြီးမားသော်လည်း စွမ်းအင်သုံးစွဲမှု ထက်ဝက်ကျော်ခန့် လျော့ကျ သွားသောကြောင့် ဓာတ်အားခ (မီတာခ) ပေးဆောင်ရမှုမှာ ထက်ဝက်ကျော်ခန့် သက်သာသွားမည် ဖြစ်ကြောင်း စသော အကြောင်းအချက်များကို လူတိုင်းသိရှိ ထားသင့်ပါသည်။
ထို့ပြင် လက်ရှိလမ်းမီးအဖြစ်အသုံးပြုနေသော ဝပ် ၁၅၀၊ ဝပ် ၂၅၀ နှင့် ဝပ် ၄၀၀ ဆိုဒီယမ်မီးသီး များနှင့် ရိုးရိုးအိမ်သုံး ဝပ် ၄၀၊ ဝပ် ၆၀ နှင့် ဝပ် ၁၀၀ ရှိ မီးသီး၊ လေးပေမီးချောင်းများအား ူနီ မီးသီး၊ မီးချောင်းများဖြင့် အစားထိုးလဲလှယ်အသုံးပြုပါက သက်တမ်းပိုမိုကြာရှည်ခံခြင်း၊ အလင်းအား ပိုမိုကောင်း မွန်ခြင်းနှင့်စွမ်းအင်သုံးစွဲမှု ထက်ဝက်ကျော် လျော့ကျသွားသောကြောင့် မီတာခ ကုန်ကျစရိတ် ထက်ဝက် (၅၀ ရာခိုင်နှုန်း)ကျော်ခန့် သက်သာသွားခြင်း အစရှိသော လက်ငင်းအကျိုး ကျေးဇူးများ ရရှိမည် ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ဝန်ဆောင်မှုလျှော့ချရမည့် ပမာဏလျော့နည်းသွားမည် ဖြစ်ခြင်း၊ လျှပ်စစ်မီး မရရှိသေးသော
ပြည်သူများအား လျှပ်စစ်ဓာတ်အား တိုးချဲ့ဖြန့်ဖြူးပေးနိုင်မည် ဖြစ်ခြင်းနှင့် အိမ်ထောင်စု အလိုက်ဓာတ်အား ခပေးဆောင်ရမှု သက်သာသွားမည် ဖြစ်ခြင်းတို့ကြောင့် ပြည်သူလူထုအနေဖြင့် မိမိတို့နေအိမ်များ၊ ရုံးများ၊ အဆောက်အဦများ၊ စက်ရုံ၊ အလုပ်ရုံများတွင် လက်ရှိ အသုံးပြုနေသောမီးသီး၊ မီးချောင်းများနှင့် လမ်းမီး များနေရာတွင် LED မီးသီး၊ မီးချောင်းများဖြင့် အစားထိုးလဲလှယ် အသုံးပြုရန် တိုက်တွန်းနေခြင်း ဖြစ်သည်။ အိမ်၊ လမ်း၊ ကျောင်း၊ ဈေးနှင့်ရုံးများတွင် အမှန်တကယ် အသုံးပြုကြခြင်းဖြင့် မီတာခပေးဆောင်ရမှုလျော့နည်း မည့်အပြင် နိုင်ငံတော်အတွက် လျှပ်စစ်ဓာတ်အား ချွေတာပေးရာရောက်မည် ဖြစ်သည်။ ထို့ပြင် မိမိတို့၏ထွက်ငွေကိုလည်း လျှော့ချခြင်းဖြင့် မိသားစုအတွက် ဝင်ငွေပိုမိုများပြားလာမည် ဖြစ်သည်။
အိမ်ထောင်စုတိုင်းက လျှပ်စစ်ဓာတ်အားချွေတာမည် ဆိုပါက နိုင်ငံတော်အတွင်း လည်ပတ်နေသည့် စီးပွားရေးလုပ်ငန်းများတွင် ပိုမိုသုံးစွဲနိုင်မည် ဖြစ်သည်။
စီးပွားရေးလုပ်ငန်းများ ပေါများလာသည်နှင့်အတူ အလုပ်အကိုင် အခွင့်အလမ်းလည်း များပြားလာပေမည်။
မြန်မာနိုင်ငံအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက် ဝင်ရောက်လာစေရေးမှာ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍသည် အခြေခံအကျဆုံးဟု ဆိုနိုင်သည်။ နိုင်ငံတော်အစိုးရသည် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနကိုဖွဲ့စည်းကာ စွမ်းအင်အရင်းအမြစ်မျိုးစုံမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိပြီး ပြန်ပြည့်မြဲ စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်မှု အတွက်လည်း အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ ကော်မတီကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံ၏လျှပ်စစ်ဓာတ်အားသုံးစွဲမှု လိုအပ်ချက် ပြည့်မီစေရန် ရေအားလျှပ်စစ်ဓာတ်အား ပေးစက်ရုံများ၊ သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံများ၊ နေရောင်ခြည်စွမ်းအင် သုံးဓာတ် အားပေး စက်ရုံများအပြင် LNG ဓာတ်ငွေ့သုံးဓာတ်အားပေး စက်ရုံများဖြင့် လည်းတိုးတက် ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့ပြင် ဓာတ်အားစနစ်တည်ငြိမ် ကောင်းမွန်စေရေးနှင့် ဓာတ်အားပမာဏ အမြောက်အမြားကို ပို့လွှတ်သယ်ဆောင် ဓာတ်အားဖြန့်ဖြူး နိုင်ရေးအတွက် ၅၀၀ ကေဗွီ မဟာဓာတ်အား လိုင်းကြီးများကိုလည်း နိုင်ငံတစ်ဝန်း ကွန်ရက်ကြီးများသဖွယ် သွယ်တန်းတည်ဆောက်လျက် ရှိပါသည်။ ဆိုလိုသည်မှာ နိုင်ငံတော်အနေဖြင့် လျှပ်စစ်ဓာတ်အားများပြားစွာ ရရှိရေး ဆောင်ရွက်နေ သလို ပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အားကို အတတ်နိုင်ဆုံး ချွေတာကြမည် ဆိုပါက စီးပွားရေး လုပ်ငန်များပိုမို လုပ်ဆောင်နိုင်ခြင်း၊ လျှပ်စစ်မီးမရသေးသော နေရာဒေသများသို့ ဖြည့်ဆည်း ပေးနိုင်ခြင်းစသော အကျိုးများ ဖြစ်ပေါ်လာမည် ဖြစ်ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏(၁)နှစ်ပြည့် နိုင်ငံတော် တာဝန်ထမ်းဆောင်ခဲ့မှုနှင့် ပတ်သက်၍ ပြောကြားသည့်မိန့်ခွန်းတွင် ပြည်သူတွေရဲ့ လူမှုစီးပွားဘဝနဲ့ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် လျှပ်စစ်ဓာတ်အား ရရှိထုတ်လုပ်နိုင်မှုဟာ များစွာ အထောက်အကူပြုပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ သဘာဝအရင်းအမြစ် တွေဖြစ်တဲ့ရေ၊ နေနဲ့လေစွမ်းအားတွေရှိပြီး ဖြစ်ပါတယ်။
ရေအားလျှပ်စစ်စီမံကိန်းတွေ အကောင်အထည်ဖော်ရာမှာ ရင်းနှီးမြှုပ်နှံမှု တန်ဖိုးဟာကြီးမားပြီး ကုန်ကျစရိတ် တန်ဖိုးတွေကို တိကျစွာ တွက်ချက်နိုင်သော်လည်း ပြန်လည်ရရှိမယ့် အကျိုးအမြတ် ကတော့ တန်ဖိုးဖြတ်၍ မရအောင် ကြီးမားပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ မိုးများတဲ့ ဒေသတွေမှအပ ကျန်နိုင်ငံ တစ်ဝန်းလုံးမှာ နေသာတဲ့ရက်ဟာ တစ်နှစ်မှာ ရက်ပေါင်း ၂၀၀ မှ ၂၅၀ အထိရှိပါတယ်။ ဒါ့ကြောင့် နေရောင်ခြည်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စက်ရုံတွေ လုံလောက်စွာ တည်ဆောက် ရေး ဆောင်ရွက်နိုင်မယ်ဆိုရင် နိုင်ငံရဲ့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မှာပဲ ဖြစ်ပါတယ်။ နေရောင်ခြည်သုံး ဆိုလာလျှပ်စစ်ဓာတ်အား ထုတ်ယူမှုဟာ အကြောင်းအမျိုးမျိုးကြောင့် ရင်းနှီးမြှုပ်နှံမှုတွေ ကြီးမားသော်လည်း တည်ဆောက်မှု အချိန်ကာလဟာ နည်းပါးပြီး နောက်ပိုင်း မှာတော့ ကုန်ကျစရိတ်သက်သာတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။ ရေအား၊ နေရောင်ခြည်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှုတွေကို ပိုမိုတွင်ကျယ်စွာ ဆောင်ရွက်နိုင်မယ်ဆိုရင် လျှပ်စစ် ဓာတ်အား ချွေတာသုံးစွဲနိုင်မှုနဲ့၊ လျှပ်စစ်ဓာတ်အား သုံးစွဲမှုနည်းပါးသည့် LED စနစ်သုံး လျှပ်စစ်ပစ္စည်းများကို ပြောင်းလဲသုံးစွဲမယ်ဆိုရင် ကျွန်တော်တို့ ပြည်ပကနေမှာယူသုံးစွဲနေရတဲ့ စက်သုံးဆီ လိုအပ်ချက်တွေ အပေါ်မှာလည်း လျော့နည်းသွားစေမှာ ဖြစ်ပါတယ် ဟူ၍ ထည့်သွင်းပြောကြားခဲ့သည်။
နိုင်ငံတော်အစိုးရ တာဝန်ထမ်းဆောင်ခဲ့မှု (၁)နှစ်တာ ကာလအတွင်း ပြည်ပကုန်သွယ်မှု စာရင်းအရ ပြည်ပသို့ ပို့ကုန်ဒေါ်လာ ၁၅ ဒသမ ၃၆ ဘီလီယံ၊ ပြည်ပသွင်းကုန်ဒေါ်လာ ၁၄ ဒသမ ၆၉ ဘီလီယံ၊ ကုန်သွယ်မှုပမာဏဒေါ်လာ ၃၀ ဒသမ ၀၅ ဘီလီယံ ဖြစ်သည့်အတွက် ယာယီစာရင်းတွေအရ ကုန်သွယ်မှုပိုငွေ ၆၇၇ သန်းကျော်ရှိကြောင်း သိရှိရသည်။
ကုန်သွယ်မှုပိုငွေရှိနေခြင်းမှာ နိုင်ငံတော်အတွက်အပေါင်း လက္ခဏာတစ်ရပ်ဖြစ်ပါသည်။ ပြည်ပသွေးထိုး လှုံ့ဆော်မှု၊ ပြည်တွင်းအကြမ်းဖက်ဖျက်ဆီးမှု အခက်အခဲများကြားမှ ကုန်သွယ်မှုပိုငွေရရှိအောင် ဆောင်ရွက်နိုင်ခြင်းမှာ နိုင်ငံတော်အစိုးရ၊ ပြည်သူနှင့်တပ်မတော်တို့၏ သွေးစည်းညီညွတ်မှုဖြင့် တိုင်းပြည်ကောင်းကျိုး သယ်ပိုးလိုစိတ်မြင့်မားခြင်းကို ပြသလိုက်ခြင်း ဖြစ်သည်။
အနှစ်ချုပ်ဆိုရသော် လူတိုင်းသည် မိမိဘဝကို တိုးတက်လိုကြသည်။ မိမိနေထိုင်သော အရပ်ဒေသကို တိုးတက်လိုကြသည်။ မိမိနေထိုင်သော နိုင်ငံတော်ကို တိုးတက်စေလိုကြသည်။ သို့ဖြစ်ပေရာ လူတိုင်းသည် မိမိတို့ အိမ်ထောင်စုအလိုက်၊ ရုံးဌာနများအလိုက် သုံးစွဲနေကြသော လျှပ်စစ်ဓာတ်အားသုံးစွဲမှုကို ချွေတာကြရမည်ဖြစ်သည်။ ထိုသို့ ချွေတာခြင်းဖြင့် ပိုလျှံသော ဓာတ်အားများကို အခြားအသုံးပြုရန် လိုအပ်သူများသို့ မျှဝေပေးနိုင်လိမ့်မည်။
ထို့ပြင် ပြည်ပမှ ဝယ်ယူတင်သွင်း နေရသည်များကို လျော့နည်းသွားမည် ဖြစ်ပါသည်။ ထို့ကြောင့် လူတိုင်းကိုယ်စီ လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲကြပါရန် တိုက်တွန်းအပ်ပါသည်။ ။
ဘုန်းမောင်ဝင်း(ဖျာပုံ)