
လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုက် ၉၉ ရာခိုင်နှုန်းကို ဖယ်ရှားပေးမယ့် ကာဗွန်ဖမ်းယူမှု နည်းပညာ
ယနေ့ခေတ် လူသားမျိုးနွယ်စုကြီး တစ်ရပ်လုံး ရင်ဆိုင်နေရတဲ့ ပြဿနာကတော့ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုပဲဖြစ်ပါတယ်။
ရာသီဥတုပြောင်းလဲမှု ဖြစ်ပေါ်ရခြင်းရဲ့ အဓိကတရားခံက ဘယ်သူလဲဆိုရင် ညစ်ညမ်းမှုများစွာကိုဖြစ်ပေါ်စေတဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ပါပဲ။
ဒီလိုဆိုးကျိုးများစေတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်တွေကို လေထဲကနေ ဖမ်းယူနိုင်မယ့် နည်းပညာ တစ်နည်းအားဖြင့် စုပ်ယူနိုင်မယ့်နည်းပညာသာ ရှိခဲ့မယ်ဆိုရင် ဒီနည်းပညာဟာ ကမ္ဘာကြီးရဲ့ကံကြမ္မာကို တောင်မှ အလှည့်အပြောင်း ဖြစ်သွားစေပါလိမ့်မယ်။
အခုတော့ ဒီလိုနည်းပညာမျိုးကို လူသားတွေအနေနဲ့ ပိုင်ဆိုင်လာခဲ့ပါပြီ။ ဒီလိုပိုင်ဆိုင်နိုင်အောင် ကြိုးပမ်းအားထုတ် ခဲ့သူများကတော့ ဒယ်လာဝဲ တက္ကသိုလ်မှ သုတေသီများပဲ ဖြစ်ပါတယ်။
ဒယ်လာဝဲတက္ကသိုလ်မှ သုတေသီများဟာ ဟိုက်ဒရိုဂျင်စွမ်းအင်ကို ရယူလည်ပတ်တဲ့ လျှပ်စစ်ဓာတုစနစ်တစ်ခုကို အသုံးပြုကာ လေထုထဲမှ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ၉၉ ရာခိုင်နှုန်းကို ထိရောက်မှုရှိစွာ ဖမ်းယူနိုင်စေမယ့် နည်းလမ်းကို လက်တွေ့သရုပ်ပြသနိုင်ခဲ့ပါတယ်။
ဒီနည်းပညာဟာ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ဖမ်းယူမှုအတွက် သိသာထင်ရှားလှတဲ့ တိုးတက်မှုဖြစ်ပြီး အဲဒီကနေ မှတစ်ဆင့် သဘာဝပတ်ဝန်းကျင်နဲ့ ပိုပြီးလိုက်လျောညီထွေရှိတဲ့ လောင်စာပြားတွေကို ဈေးကွက်ထဲအရောက ်ပို့ဆောင်လာနိုင်မှာပါ။
တစ်နည်းအားဖြင့် ဘက်ထရီလို့လည်း အလွယ်ခေါ်နိုင်တဲ့ လောင်စာပြားများက လောင်စာဖြစ်စေတဲ့ ဓာတုစွမ်းအင်ကို လျှပ်စစ်အဖြစ်တိုက်ရိုက် ပြောင်းလဲပေးခြင်းဖြင့် အလုပ်လုပ်တာဖြစ်ပါတယ်။
အဲဒီလောင်စာပြားတွေကို လောင်စာနှစ်မျိုးစပ် အသုံးပြုတဲ့ မော်တော်ကားတွေ၊ ကာဗွန်ဓာတ်ငွေ့လုံးဝထွက်ရှိခြင်းမရှိတဲ့ကားတွေမှာ အသုံးပြုနိုင်ပါတယ်။
ဒယ်လာဝဲတက္ကသိုလ်မှ ပါမောက္ခယူရှန်ယန်းက ယနေ့ခေတ် အသုံးပြုနေတဲ့ အက်စစ်အခြေခံလောင်စာပြားတွေနေရာမှာ စီးပွားရေးအရ တွက်ခြေကိုက်တဲ့အပြင် ပတ်ဝန်းကျင်နဲ့လည်း သဟဇာတဖြစ်မယ့် Hydroxide exchange membrane (HEM) လောင်စာပြားတွေကို နှစ်ပေါင်းများစွာကြာ သုတေသနပြု လေ့လာခဲ့ပါတယ်။
ဒါပေမဲ့ HEM လောင်စာပြားတွေမှာ အားနည်းချက်တစ်ခုရှိပါတယ်။ အဲဒါကတော့ လေထုထဲမှာရှိတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ကို ခံနိုင်ရည်မရှိခြင်းပါပဲ။ အခြေခံအားဖြင့် ကာဗွန်ဒိုင်အောက်ဆိုက်တွေက HEM လောင်စာပြားတွေကို လေဝင်လေထွက်ကို ပိတ်ဆို့စေတာပါ။
ဒီလိုအားနည်းချက်ကြောင့် HEM လောင်စာပြားတွေရဲ့ စွမ်းဆောင်ရည်ဟာ ၂ဝ ရာခိုင်နှုန်းအထိ ကျဆင်းသွားပြီး အဲဒီလိုကျဆင်းမှုကြောင့် လောင်စာပြားတွေဟာ ဓာတ်ဆီအင်ဂျင် တစ်လုံးနဲ့ဘာမှမကွာတော့ပါဘူး။ ဒါကြောင့် ယူရှန်ယန်းနဲ့ အဖွဲ့ဟာ အဲဒီပဟေဠိကို အဖြေရှာနိုင်ဖို့အရေး ၁၅ နှစ်ကြာ သုတေသနပြုခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်အနည်းငယ် အတွင်းမှာတော့ ဒီလိုအားနည်းချက်က လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုက်တွေကို ဖယ်ရှားဖို့ အားသာချက်တစ်ခုဖြစ်လာတာကို သုတေသီတွေက တွေ့ရှိလိုက်တာပါ။
ဒါနဲ့ပတ်သက်ပြီး အသေးစိတ်လေ့လာ ကြည့်လိုက်တဲ့အခါ လောင်စာပြားတွေက သူ့ဆီဝင်လာတဲ့ ကာဗွန်ဒိုင်အောက်ဆိုက် မှန်သမျှကိုစုပ်ယူကာ သီးခြားခွဲထုတ်ပြီး တခြားတစ်ဖက်ဆီ ပို့ပေးတာကို တွေ့လိုက်ရပါတယ်။
ဒီတော့ပြောရမယ်ဆိုရင် သုတေသနပညာရှင်များဟာ စွမ်းဆောင်ရည် ပိုကောင်းတဲ့ လောင်စာပြားတွေကို ဖန်တီးဖို့လုပ်ဆောင်နေပေမယ့်လည်း သူတို့တွေ့ရှိရတဲ့ အားနည်းချက်ကို အားသာချက်အဖြစ် ပြောင်းလဲလိုက်တာလို့ ဆိုနိုင်ပါတယ်။
အခု သုတေသီတွေဟာ သူတို့ရဲ့တွေ့ရှိချက်ကို နည်းပညာတွေ ထပ်တိုးပေါင်းထည့် လိုက်ချိန်မှာတော့ လေထုထဲမှာရှိတဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ၉၉ ရာခိုင်နှုန်းကို စုပ်ယူနိုင်တဲ့ကိရိယာ ထွက်ပေါ်လာပါတော့တယ်။
သူတို့ဖန်တီးလိုက်တဲ့ ၂ လက်မပတ်လည်ရှိ လောင်စာပြားလေးရဲ့ စွမ်းဆောင်ရည်ကတော့ တစ်မိနစ်ကိုနှစ်လီတာနှုန်းနဲ့ ဝင်ရောက်လာတဲ့လေထဲက ကာဗွန်ဒိုင်အောက်ဆိုက် ၉၉ ရာခိုင်နှုန်းကို ဖယ်ရှားပေးနိုင်စွမ်း ရှိနေပါပြီ။
ဒါ့အပြင် ၁၂ အောင်စ အလေးချိန်ရှိတဲ့ အအေးဘူးတစ်ဘူးစာ ပမာဏရှိ ကနဦး ရှေ့ပြေးပုံစံ လောင်စာပြားတစ်ခုဟာ တစ်မိနစ်ကို ၁ဝ လီတာနှုန်းနဲ့ ဝင်လာတဲ့လေထဲက ကာဗွန်ဒိုင်အောက်ဆိုက်ပမာဏ ၉၈ ရာခိုင်နှုန်းကို ဖယ်ရှားပေးနိုင်တာကို တွေ့ရှိရပါတယ်။
လက်ရှိအချိန်မှာတော့ ရှေ့ပြေးပုံစံ အဆင့်သာ ရှိနေသေးပေမယ့်လည်း သုတေသီတွေအနေနဲ့ လမ်းပြမြေပုံချမှတ် ဆောင်ရွက်နေတာကြောင့် သိပ်မဝေးတော့တဲ့ ကာလမှာ စွမ်းဆောင်ရည်မြင့်မားတဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ဖမ်းယူရေး ကိရိယာတွေ ထွက်ပေါ်လာတော့မှာဖြစ်ပါတယ်။