
အီရန်အားဖြေလျှော့မှု အချို့ပေးကာ အနုနည်းဖြင့် ဆွဲဆောင်ခဲ့သည့် အမေရိကန်
အမေရိကန်အစိုးရသည် အီရန်အရေးနှင့် စပ်လျဉ်း၍ ချဉ်းကပ်ပုံနည်းလမ်း တစ်ရပ်အသုံးချ လုပ်ဆောင်လာသည်ကို တွေ့ရသည်။
သြစတြီးယားနိုင်ငံ ဗီယင်နာမြို့၌ အီရန်နှင့် အမေရိကန် ကိုယ်စားလှယ်များကြား တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပပြီးနောက် ရှေ့တိုးနိုင်မည့် ခြေလှမ်းတစ်ရပ်အဖြစ် အမေရိကန်အစိုးရက အီရန်အပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုအချို့ကို ဖယ်ရှားပေးလိုက်ခြင်းဖြစ်သည်။
အမေရိကန်၏ဖြေလျှော့မှုအရ အီရန်၏ အရပ်ဘက်သုံး နျူကလီးယား အစီအစဉ်ကဏ္ဍတွင် ပါဝင်လုပ်ဆောင်နေသည့် ပြည်ပနိုင်ငံများမှ ကုမ္ပဏီများအနေဖြင့် အမေရိကန်အစိုးရ၏ ပိတ်ဆို့ခြင်းမှ ကင်းလွတ်ခွင့်ရရှိမည်ဖြစ်သည်။
ယခင်ကအဆိုပါပြည်ပနိုင်ငံများ အနေဖြင့် အီရန်နှင့်ပူးပေါင်း လုပ်ဆောင်မည်ဆိုပါက အမေရိကန်၏ ပိတ်ဆို့မှုနှင့် ရင်ဆိုင်ရသည်။
အီရန်၏အရပ်ဘက်သုံး နျူကလီးယား အစီအစဉ်ကဏ္ဍဟု ဆိုရာတွင် နိုင်ငံအတွင်းရှိ ဘူရှာနျူကလီးယား စွမ်းအင်စက်ရုံ၊ အာရက်ရေလေး စက်ရုံနှင့် တီဟီရန်သုတေသန ဓာတ်ပေါင်းဖိုတို့ ပါဝင်မည်ဖြစ်သည်။
ယခုအခါ အဆိုပါစက်ရုံများတွင် ပြည်ပကုမ္ပဏီများက ဝင်ရောက် လုပ်ဆောင်နိုင်မည်ဖြစ်သည်။
အီရန်အား ယခုကဲ့သို့ ပိတ်ဆို့မှု အချို့ ဖယ်ရှားပေးလိုက်ခြင်းသည် ယင်းနိုင်ငံအနေဖြင့် နျူကလီးယား သဘောတူစာချုပ်ပါ စည်းကမ်းချက်များကို လိုက်နာစေရန် တွန်းအားပေးခြင်းသာဖြစ်ပြီး အလျှော့ပေးခြင်းမဟုတ်ဟု အမေရိကန် အစိုးရအဖွဲ့မှ တာဝန်ရှိသူများက ဆိုသည်။
ထို့ပြင် ယခုကဲ့သို့ ဖြေလျှော့မှုသည် နျူကလီးယား သဘောတူစာချုပ်တွင် ပါဝင်လက်မှတ်ထိုးထားသည့် ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ဂျာမနီ၊ ရုရှားနှင့် ဥရောပသမဂ္ဂတို့ကို ဆွေးနွေးပွဲတွင် ပါဝင်လာစေရေး ဆွဲဆောင်ရန် လိုအပ်သည့် ဆောင်ရွက်ချက်ဖြစ်သည်ဟု အမေရိကန်တို့က ဆိုသည်။
အမေရိကန်အစိုးရ၏ ဖြေလျှော့ပေးရေး သဘောတူညီချက်ကို အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။
အဆိုပါနျူကလီးယား သဘောတူစာချုပ်သည် အီရန်၏ နျူကလီးယား အစီအစဉ်ကို ထိန်းချုပ်နိုင်ရန် အမေရိကန်ပြည်ထောင်စု အပါအဝင် ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် အီရန်တို့ကြား ၂ဝ၁၅ ခုနှစ်အတွင်း လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။
သဘောတူစာချုပ်အရ အီရန်က ၎င်းတို့၏ နျူကလီးယား လုပ်ဆောင်ချက်များကို လျှော့ချရမည်ဖြစ်ပြီး အပြန်အလှန် အနေဖြင့် အနောက်နိုင်ငံများက အီရန်အပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုအချို့ကို ဖယ်ရှားပေးခဲ့သည်။
သို့သော် အမေရိကန်ပြည်ထောင်စု၌ ဒေါ်နယ်ထရမ့်က သမ္မတဖြစ်လာခြင်းသည် အီရန်၏ နျူကလီးယား အစီအစဉ်အတွက် ကံဆိုးစေရန်ဖြစ်လာခဲ့သည်ဟု ဆိုနိုင်သည်။
အကြောင်းမှာ အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမား လက်ထက်တွင် လက်မှတ်ရေးထိုးခဲ့သည့် နျူကလီးယား သဘောတူစာချုပ်သည် အမေရိကန် ပြည်ထောင်စုအတွက် အကျိုးစီးပွား တစ်စုံတစ်ရာ ဖြစ်ပေါ်စေခြင်းမရှိဟု ဆိုကာ ဒေါ်နယ်ထရမ့်က ထိုသဘောတူစာချုပ်မှနေ၍ အမေရိကန်နိုင်ငံကို နုတ်ထွက်စေခဲ့သည်။
ထို့နောက် ထရမ့်အစိုးရသည် အီရန်အပေါ်ယခင်က ချမှတ်ထားသည့် ပိတ်ဆို့မှုများ ပြန်လည်ချမှတ်ခဲ့သည့်အပြင် အီရန်၏ စီးပွားရေးကိုအထိနာစေမည့် တင်းကျပ်သော ပိတ်ဆို့မှုများကိုပါ ထပ်လောင်းချမှတ်ခဲ့သည်။
ထိုအချိန်မှစ၍ အီရန်နှင့်အမေရိကန်တို့၏ ဆက်ဆံရေး ပိုမိုဆိုးရွားလာသည်။
ယင်းနောက်ပိုင်းတွင် အီရန်နိုင်ငံသည် နျူကလီးယား သဘောတူစာချုပ်ပါ ကန့်သတ်ချက်များကို လိုက်နာခြင်းမရှိဘဲ ယူရေနီယံ သန့်စင်မှုကို တိုးမြှင့် လုပ်ဆောင်လာသည်။
အီရန်၏ အဆိုပါ လုပ်ဆောင်ချက်များသည် အမေရိကန်၏ ဥရောပရှိ မဟာမိတ်နိုင်ငံများကို စိုးရိမ်မကင်းဖြစ်လာစေသည့် အပြင် တိုးမြှင့်လုပ်ဆောင်လာသည့် အီရန်၏နျူကလီးယား အစီအစဉ်သည် အမေရိကန်၏ အရှေ့အလယ်ပိုင်း မဟာမိတ်နိုင်ငံအချို့ကို နေမထိထိုင်မသာ အခြေအနေသို့ ရောက်ရှိလာစေသည်။
ထိုသို့သော အခြေအနေမျိုးတွင် အမေရိကန်ပြည်ထောင်စု၌ ဂျိုးဘိုင်ဒင် ဦးဆောင်သည့် အစိုးရတက်လာသည်။ ဂျိုးဘိုင်ဒင် အစိုးရလက်ထက်တွင် အီရန်နျူကလီးယား သဘောတူစာချုပ်၌ အမေရိကန်ကပြန်လည်ပူးပေါင်း ပါဝင်မည်ဟု သတင်းများ ထွက်ပေါ်လာသော်လည်း အကြောင်းအမျိုးမျိုးကြောင့် အကောင်အထည်ဖော် ဆောင်နိုင်ခဲ့ခြင်း မရှိပေ။
သို့သော် အီရန်အပေါ်ချမှတ်ထားသည့် ပိတ်ဆို့မှုများအနက် အချို့ကို အမေရိကန်အစိုးရက ယခုကဲ့သို့ ဖြေလျှော့ပေးလိုက်ခြင်းသည် နှစ်နိုင်ငံဆက်ဆံရေး အတွက် အပြုသဘောဆောင်သည့် ဆောင်ရွက်မှုတစ်ရပ်အဖြစ် ထွက်ပေါ်လာစေသည်ဟုလည်းဆိုနိုင်သည်။
အကြောင်းမှာ အမေရိကန်၏ အဆိုပါ ဆောင်ရွက်ချက်ကို အီရန်က ဖေဖော်ဝါရီ ၅ ရက်တွင် ကြိုဆိုလိုက်ခြင်းကြောင့် ဖြစ်သည်။
ယခုကဲ့သို့ အရေးယူပိတ်ဆို့မှု အချို့ကိုဖြေလျှော့ပေးခြင်းကို ကောင်းမွန်သော လုပ်ဆောင်ချက်အဖြစ် ရှုမြင်နိုင်ကြောင်း၊ သို့သော် လုံလောက်မှု မရှိသေးကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးက ပြောထားသည်။
အမေရိကန်အနေဖြင့် အီရန်အပေါ် ချမှတ်ထားသည့်ပိတ်ဆို့မှုများကို ဖြေလျှော့ပေးရေး လုပ်ဆောင်ရာတွင် ချင့်ချိန်နေရသောအခြေအနေတွင် ရှိနေသည်ကိုတွေ့ရသည်။
အဘယ်ကြောင့်ဆိုသော် အမေရိကန်နိုင်ငံကို အီရန်နျူကလီးယား သဘောတူစာချုပ်မှ နုတ်ထွက်ရန် ဒေါ်နယ်ထရမ့်ကို တိုက်တွန်းခဲ့သူများက ယခုအခါ ဂျိုးဘိုင်ဒင် အစိုးရကိုလည်း အကြံဉာဏ်များ ပေးနေသောကြောင့်ဖြစ်သည်။
အကယ်၍ ဂျိုးဘိုင်ဒင် အစိုးရအနေဖြင့် အီရန်အပေါ်ဖြေလျှော့မှုများ လုပ်ဆောင်လိုပါက အမေရိကန်သည် အီရန်ထံမှ သဘောတူညီချက်နှင့် စပ်လျဉ်း၍ တောင်းဆိုမှုအချို့ကို ပြုလုပ်သင့်သည်ဟု အမေရိကန်အကြံပေးများက တိုက်တွန်းထားသည်။
တစ်နည်းအားဖြင့်ဆိုရလျှင် အမေရိကန်အနေဖြင့် အီရန်နျူကလီးယား သဘောတူစာချုပ် အရေးနှင့်စပ်လျဉ်း၍ ဖြေလျှော့မှုများကို အလွယ်တကူ မလုပ်ဆောင်ရန် တိုက်တွန်းနေခြင်းဖြစ်သည်ဟုလည်း ဆိုနိုင်သည်။
ထို့ကြောင့် ဂျိုးဘိုင်ဒင်အစိုးရ အနေဖြင့် အကြံပေးများ၏ တိုက်တွန်းချက်အတိုင်း ချင့်ချိန်နေရသည့် အခြေအနေတွင် ရှိနေသည်။ အခြားတစ်ဖက်တွင်မူ အမေရိကန်၏ ဖြေလျှော့ပေးမှုအပေါ် အီရန်က ကြိုဆိုထားသော်လည်း ပိတ်ဆို့မှုများကြောင့် များစွာ အထိနာခဲ့သည့်အီရန်အတွက် အဆိုပါ ဖြေလျှော့မှုမှာ လုံလောက်မှုမရှိဟု အီရန်က ဆိုထားခြင်းဖြစ်သည်။
ထို့ကြောင့် အချုပ်အားဖြင့်ဆိုရပါမူ အမေရိကန်အစိုးရသည် အီရန်အနေဖြင့် နျူကလီးယား သဘောတူစာချုပ်ပါ ကန့်သတ်ချက်များကို ပြန်လည်လိုက်နာစေရန် ဖြေလျှော့မှုအချို့ကို ပေးအပ်၍ အနုနည်းဖြင့် ဆွဲဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။
ယင်းအချက်ကို အီရန်ကလည်း သဘောပေါက်ထားဖွယ်ရှိသည်။ ထို့ကြောင့် နောက်ထပ်ဖြေလျှော့မှုများ ရရှိစေရန် တောင်းဆိုခြင်းဖြစ်သည်။
သို့ရာတွင် အမေရိကန်အနေဖြင့် လတ်တလောတွင် အီရန်၏ တောင်းဆိုချက်ကို လိုက်လျောမည့် အခြေအနေမရှိဘဲ အီရန်၏ လုပ်ဆောင်ချက်များကို စောင့်ကြည့်နေမည်သာဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။