အိန္ဒိယ-ပါကစ္စတန်အရေး ကြားဝင်စေ့စပ်ပေးချင်နေပြန်သည့် ဒေါ်နယ်ထရမ့်

ကမ္ဘာပေါ်၌ ဒုတိယကမ္ဘာစစ်အပြီး တတိယကမ္ဘာစစ်ကို ဖန်တီးမည့်သူများအဖြစ်  ရုရှားနှင့် အမေရိကန်တို့ကို တစ်ကမ္ဘာလုံးက စစ်အေးခေတ်ကာလတွင် မျက်စိဒေါက်ထောက်  ကြည့်ခဲ့ ကြသည်။ စစ်အေးခေတ်ကာလ ပြီးပြန်တော့လည်း ရုရှားနှင့်အမေရိကန်တို့ ဆက်ဆံရေးက ထပ်မံဆိုးရွားလာခဲ့ပြန်ကာ ရုရှားအပေါ် အရေးယူပိတ်ဆို့မှုများကို အမေရိကန်က ကုလ သမဂ္ဂ၊ ဥရောပသမဂ္ဂတို့နှင့် ပေါင်းကာ ချမှတ်ခဲ့ပြန်သည်။

ယခုတော့ တတိယကမ္ဘာစစ်ဖြစ်မည့်အရေးကို ကျော်လွန်သွားခဲ့ပြီဟု ကုလသမဂ္ဂအတွင်း ရေးမှူးချုပ် အန်တိုနီယိုဂူတာရက်က (၇၅) နှစ်မြောက် ကုလသမဂ္ဂတည်ထောင်ခြင်း နှစ်ပတ် လည်နေ့ စက်တင်ဘာ ၂၁ ရက်တွင် မိန့်ခွန်းပြောခဲ့ပြီး တစ်ကမ္ဘာလုံးကိုကြေညာခဲ့သည်။   သို့သော်လည်း ကမ္ဘာပေါ်တွင် နျူကလီးယားပိုင်ဆိုင်ခွင့်ရရန် ကြိုးစားလာသည့် နိုင်ငံများ ကြောင့်သာမက ပိုင်ဆိုင်ပြီးသား နိုင်ငံကြီးများကလည်း ဆက်ဆံရေးတင်းမာမှုများ ထပ်မံမြင့် တက်လာပြန်သည့်အတွက် ခေတ်သစ်နျူကလီးယားစစ်ပွဲဆီသို့ ခေါ်ဆောင်သွားမည့် အရေး က ယခုအချိန်ထိ ရတက်မအေးနိုင်အောင်ဖြစ်နေရသည်။

၂၀၁၄ ခုနှစ် ခရိုင်းမီးယားအရေးကြောင့် ရုရှားနှင့် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (နေတိုး) တို့ စစ်ရေးတင်းမာမှုအမြင့်ဆုံး အနေအထားထိရောက်ရှိခဲ့ကာ နှစ်ဖက်စလုံးမှ နယ်စပ်၌   လက်နက်ကြီးများကို အပြိုင်အဆိုင်ရွှေ့ပြောင်းပြီး အင်အားပြခဲ့ကြသည်။ ရုရှားတို့ကလည်း တိုက်ပွဲဝင်ရန် အသင့်အနေအထားအထိ နယ်စပ်တွင် အမြင့်ဆုံး သတိပေးချက်များဖြင့်   အဆင်သင့်ပြင်ထားခဲ့သောကြောင့် ရုရှားနှင့်အမေရိကန် မဟာမိတ်တို့ တင်းမာမှုက တစ်ကျော့ပြန် ခေါင်းထောင်လာခဲ့သည်။

သို့သော်လည်း အမေရိကန်၌ သမ္မတဒေါ်နယ်ထရမ့်တက်လာပြီးနောက် ရုရှားနှင့် အမေရိကန် ဆက်ဆံရေးက အတိုင်း အတာတစ်ခုထိ တည်ငြိမ်ခဲ့ကာ ရန်လိုသည့်စကားလုံးများ ထွက်ပေါ် မလာခဲ့ပေ။ သို့သော်လည်း ရုရှားနှင့် ဥရောပသမဂ္ဂတို့ ဆက်ဆံရေးတင်းမာမှုကတော့ ယခုအချိန်ထိ တိုးတက်သည့်ဖြေရှင်းမှုမရခဲ့ဘဲ နေတိုးနှင့်ရုရှားတို့ ပုံမှန်အတိုင်းဆက်ဆံရေး မရရှိသေးပေ။

ထိုအချိန် အာရှ၌ နျူကလီးယားပိုင်ဆိုင်သည့် အိန္ဒိယနှင့်ပါကစ္စတန်တို့ ဆက်ဆံရေးတင်းမာမှု ကလည်း ထပ်မံမြင့်တက်လာခဲ့ကာ စက်တင်ဘာ ၂၃ ရက်က နှစ်ဖက်အသေအပျောက်ရှိ သည်အထိ အပြန်အလှန်ပစ်ခတ်ခဲ့ကြပြန်သည်။ ပါကစ္စတန်တို့ ထုတ်ပြန်ချက်ထဲတွင် အိန္ဒိယ ဘက်မှ စတင်ပစ်ခတ်ခဲ့သောကြောင့်ဟု ဆိုထားပြီး ယင်းတိုက်ပွဲကြောင့် ပါကစ္စတန်စစ်သား နှစ်ဦးသေဆုံးခဲ့သည်။

ထို့ပြင် အိန္ဒိယဘက်ကို အထိနာစေရန် တန်ပြန်ထိုးစစ်ဆင်နိုင်ခဲ့သည်ဟု ဆိုထားပြန်ကာ အိန္ဒိယဘက်ကတော့ တရားဝင် ထုတ်ပြန်ခြင်းမရှိသေးပေ။ အိန္ဒိယနှင့် ပါကစ္စတန်တို့ ကက်ရှ်မီးယား စစ်ပွဲသမိုင်းများကြောင့် နှစ်ဖက်နယ်စပ်စစ်တပ်များ ထိပ်တိုက်တွေ့ဆုံမှု  ရှောင်ရှားနိုင်စေရန် ၂၀၀၄ ခုနှစ်က သဘောတူလက်မှတ်ရေး ထိုးခဲ့ကြသော်လည်း   ထိုနောက်ပိုင်းတွင် အသေအပျောက်ရှိသည်အထိ ထိပ်တိုက်တွေ့ဆုံမှုမရှိခဲ့ပေ။

ထို့ကြောင့် ယခုပစ်ခတ်မှုကို အိန္ဒိယဘက်မှ ၂၀၀၄ ခုနှစ်သဘောတူညီချက် အား ချိုးဖောက် သည်ဟု ပါကစ္စတန်ဘက်က အပြစ်တင်ထားကာ အမေရိကန်အစိုးရမှ နှစ်ဖက်ငြိမ်းချမ်းရေး အတွက် ကြားဝင်စေ့စပ်ပေးမည်ဟုပြောပြီး နောက်တစ်ရက်အကြာတွင်  ထိပ်တိုက်တွေ့ဆုံ ခဲ့ခြင်းဖြစ်သည်။ ထရမ့်လက်ထက် အာရပ်-အစ္စရေး သံတမန်ဆက်ဆံရေး ထူထောင်ပေးပြီး ချစ်ကြည်ရေးလမ်းကြောင်းပေါ် တင်ပေးလိုက် နိုင်သည့်အတွက် အမေရိကန်၏ တတိယ နိုင်ငံရေးက အောင်မြင်စွာအလုပ်ဖြစ်နေ ဆဲဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။

ယခုလည်း ထရမ့်က ကမ္ဘာ့ရန်ဘက် နှစ်နိုင်ငံကို ချစ်ကြည်ရေးလမ်းကြောင်းပေါ် တင်ပေးရန် ကြိုးစားလာသည်။ ၎င်းကိုယ်တိုင် ပါကစ္စတန်ဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် ဝီလီယံ တော့ဒ်ကို အဆိုပြုထားကာ ကြားဝင်စေ့စပ်ပေးရေးကိုယ်စား လှယ်အဖြစ် တိုက်ရိုက် အမိန့် ပေးထားသည်။ 

လာမည့် နိုဝင်ဘာရွေးကောက်ပွဲအတွက် ထရမ့်က နိုင်ငံခြားရေးကို အဓိက အသုံးချနေခြင်း ဖြစ်သည်ဟု နိုင်ငံတကာ အကဲဖြတ်အဖွဲ့က မှတ်ချက်ပေးခဲ့ကာ ထရမ့်ကို အများစုက မြောက်ကိုရီးယားနှင့် နျူကလီးယားသဘောတူညီချက်ဖြင့် တွဲမြင်တတ်ကြသည်။ သို့သော်  မထင်မှတ်ထားသည့်အပြောင်းအလဲက ထရမ့်နှင့် မြောက်ကိုရီးယားတို့ နှစ်ဖက်တွေ့ဆုံမှုများ မရှိသည်မှာ ကြာခဲ့ပြီဖြစ်သည်။

သို့သော်လည်း ထရမ့်က ၎င်းသာ နောက်ထပ် ရွေးကောက်ပွဲ သက်တမ်းတစ်ခု ထမ်းဆောင် ရလျှင် အချိန်မဆွဲဘဲ မြောက်ကိုရီးယားနှင့် နျူကလီးယားအရေး ဆောင်ရွက်ပေးမည်ဟု ထပ်မံကြွေးကြော်ထားပြန်ကာ ထိုအချိန် ထရမ့်အတွက်ကြားဝင် ဆောင်ရွက်ပေးရေး ကဏ္ဍ ကိုအဆင့်မြှင့်ပေးခဲ့သည်က အာရပ်-အစ္စရေး ချစ်ကြည်ရေးကဏ္ဍသစ်ဖြစ်သည်။

အစပိုင်းတွင် အာရပ်စော်ဘွားများပြည်ထောင်စု့ UAE နှင့် အစ္စရေးတို့သာရှိခဲ့သော်လည်း တရားဝင်လက်မှတ်ရေးထိုးမှုမတိုင်မီ ရက်ပိုင်းအလိုတွင် ဘာရိန်းပါဝင်လာခဲ့သောကြောင့်   သုံးပွင့်ဆိုင် သံတမန်ချစ်ကြည်ရေးဖြစ်သွားခဲ့ကာ အိန္ဒိယနှင့်ပါကစ္စတန်တို့ကို ထိုပုံစံအတိုင်း ဖြစ်လာစေရန် ထရမ့်ကြိုးစားနေခြင်းဖြစ်သည်။

အိန္ဒိယ-ပါကစ္စတန် တည်ငြိမ်သည့်ချစ်ကြည်ရေး လမ်းကြောင်းတစ်ခုကို ထူထောင် ပေးနိုင် လျှင် ထရမ့်ကဆုံးဖြတ်ချက်အမှားများ မည်မျှပင်ချခဲ့စေကာမူ သမိုင်းမှတ်တိုင်စိုက်ထူနိုင်မည့် သမ္မတအဖြစ် သတ်မှတ်ခြင်း ခံရမည်ဖြစ်သည်။

ပါကစ္စတန်နှင့် အိန္ဒိယတို့ ဆက်ဆံရေး တင်းမာမှုများကို အစပြုခဲ့သည်မှာ အငြင်းပွားဖွယ်ရာ ကက်ရှ်မီးယားအရေးကြောင့်ဖြစ်သည်။ နှစ်နိုင်ငံစလုံးက ကက်ရှ်မီးယားကို ပိုင်ဆိုင်သည်ဟု ကြေညာထားကာ လက်ရှိ အိန္ဒိယဘက်မှ နယ်မြေ ၅၅ ရာခိုင်နှုန်းကို ထိန်းချုပ်ထားပြီး ပါကစ္စတန်ဘက်မှ ၄၅ ရာခိုင်နှုန်းကို ထိန်းချုပ်ထားသည်။ အိန္ဒိယဘက်မှ ကက်ရှ်မီးယားရှိ လူဦးရေ  ၇၀  ရာခိုင်နှုန်းကို ထိန်းချုပ်ထားပြီး ပါကစ္စတန်ဘက်မှ ၃၀ ရာခိုင်နှုန်းကို  ထိန်းချုပ်ထားသည်။

ထိုအတွက်ကြောင့်ပင် ကက်ရှ်မီးယားက မငြိမ်းချမ်းသည့် နေရာတစ်ခုဖြစ်လာခဲ့ကာ သမိုင်း တွင် ကက်ရှ်မီးယားအရေးကြောင့် အိန္ဒိယနှင့်ပါကစ္စတန်တို့ နှစ်ကြိမ် စစ်ပွဲများဖြစ်ခဲ့ကြသည်။ ၁၉၄၇ ခုနှစ်နှင့် ၁၉၆၅ ခုနှစ် အကြီးဆုံးစစ်ပွဲ နှစ်ခုက ကက်ရှ်မီးယားမှအစပြုခဲ့ကြပြီး    နှစ်ဖက်သေဆုံးမှု ထောင်သောင်းမက ရှိခဲ့ကြသည်။

နှစ်ကြိမ်စလုံး အိန္ဒိယတို့ကအနိုင်ရခဲ့ပြီး နှစ်နိုင်ငံစလုံးကလည်း လက်ရှိတွင် နျူကလီးယား လက်နက် ရာချီပိုင်ဆိုင်ထားသောကြောင့် တည်ငြိမ်သည့် ဆက်ဆံရေးတစ်ခုကိုသာ ထရမ့် ဆောင်ရွက်နိုင်ခဲ့ပါက အာရှမှ နျူကလီးယားစစ်ပွဲတစ်ခုကို ဖယ်ရှားနိုင်မည့် အမေရိကန် သမ္မတအဖြစ် သတ်မှတ်ခံရမည်ဖြစ်ပါကြောင်း  ရေးသားတင်ပြလိုက်ရပါသည်။       ။            

ရှိန်းထက်

Ref;CNN