
ကမ္ဘာမကျေ၊ မြန်မာပြည်၊ တို့ဘိုးဘွားအမွေစစ်မို့ ချစ်မြတ်နိုးပေ ဟု စာရေးသူတို့ ငယ်စဉ်ကတည်းကပင် အသံနေအသံထားဖြင့် အားရပါးရ ဟစ်ကြွေးခဲ့ကြသည်။
အနည်းငယ်အရွယ်ရောက်သည့်အခါ နိုင်ငံတော်သီချင်းဆိုလျှင် ခန္ဓာကိုယ်မှာ ကြက်သီးမွေးညင်းလေးများ ဖြစ်ပေါ်လာသည်အထိ အသွေးအသားမှ ခံစားပြီး ချစ်မြတ်နိုးခဲ့ရသည်။ အမွေဟူသည် ဘိုးဘွားမိဘများထံမှ ဆက်ခံရရှိသော ဥစ္စာပစ္စည်းများကိုပင်ဆိုလိုခြင်း မဟုတ်ပါ။ ထိန်းသိမ်းသင့်သောဓလေ့၊ ယဉ်ကျေးမှု၊ မျိုးရိုးဂုဏ် စသည်တို့လည်းပါဝင်ပါသည်။ သီချင်းစာသား၌ ဘိုးဘွားအမွေစစ် ဟုဖော်ပြထားသည်။ အစစ်ဟူသည် အတုအယောင်မဟုတ်၊ မည်သည့်အရာနှင့်မျှရောနှောထားခြင်း မရှိသော ပကတိအတိုင်း တည်ရှိနေသည်ကို ခေါ်ဆိုခြင်း ဖြစ်သည်။ ဘိုးဘွားအမွေစစ်သည် မည်သည့်အရာနည်း။ စာရေးသူတို့နေထိုင်သော မြန်မာပြည်သည် မြန်မာပြည်သူပြည်သားများအတွက် အမွေစစ်ပင်ဖြစ်ပေသည်။
ဘိုးဘွားများ၏ အသက်သွေး ချွေးရင်းနှီးခဲ့ရသော အမွေဖြစ်၍ မြန်မာပြည်သူပြည်သားများ အားလုံး ထိန်းသိမ်းကြရမည် ဖြစ်သည်။ တစ်ဦးပိုင်လည်းမဟုတ်၊ အသင်း၊ အဖွဲ့အစည်းတစ်ခုပိုင်သည်လည်း မဟုတ်၊ပြည်သူပြည်သား အားလုံးနှင့် သက်ဆိုင်သော ပိုင်ဆိုင်သော အမွေဖြစ်သည်။ ထိုအမွေသည် ဘိုးဘွားများ၏ အသက်သွေးချွေး ပေးဆပ်ခဲ့ကြရုံသာမက ပြည်သူပြည်သားအားလုံး စည်းလုံးညီညွတ်၍လည်း ရရှိခဲ့ကြခြင်း ဖြစ်သည်။ ဘိုးဘွားများ၏ အသက်သွေးချွေး ပေးဆပ်သော်လည်း အသက်ရှင်သန် နေထိုင်ဆဲ ပြည်သူပြည်သားများ မညီညွတ်ခဲ့လျှင် လွတ်လပ်ခြင်းအမွေကို ရရှိခဲ့လိမ့်မည် မဟုတ်ပေ။ စည်းလုံးညီညွတ်မှုကို အခြေခံပြု၍ အသက်သွေးချွေးစတေးလျက် တိုက်ပွဲဝင်ခဲ့သောကြောင့်သာ လွတ်လပ်ခြင်း အမွေကို ရရှိခဲ့ခြင်းဖြစ်သည်။ စည်းလုံးခြင်းသည် အင်အားတစ်ခုပင်ဖြစ်သည်။
ထိုအင်အားကိုစုပေါင်း၍သာ ပြည်ထောင်စုဟု ခေါ်ဆိုရခြင်း ဖြစ်သည်။
မြန်မာနိုင်ငံသည် တိုင်းတစ်ပါးလက်အောက်သို့ သုံးကြိမ်တိုင်တိုင် ကျရောက်ခဲ့ရသည်။ တတိယကျူးကျော် စစ်အပြီး ဗြိတိသျှတို့သည် မြန်မာနိုင်ငံကို ရေရှည်အုပ်ချုပ်နိုင်ရန်အတွက် သွေးခွဲအုပ်ချုပ်ခဲ့ကြသည်။
မြန်မာတို့သည် ဗြိတိသျှလက်အောက်မှ လွတ်မြောက်ရန် နှစ်(၇၀)နီးပါးကြိုးစား ခဲ့သော်လည်း စည်းလုံးမှု အားနည်းသောကြောင့် လွတ်လပ်ရေးနှင့်ဝေးကွာခဲ့ကြရသည်။ သို့သော် ဖက်ဆစ်ဂျပန်ကို တော်လှန်ရာ၌ စည်းလုံးညီညွတ်စွာ လက်တွဲ၍ တိုက်ထုတ်နိုင်ခဲ့ကြသည်။ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် မြန်မာ့တိုင်းရင်းသား အမျိုးသားခေါင်းဆောင်များ၏ ကြိုးပမ်းမှုကြောင့် လွတ်လပ်ရေးရရှိရန် အလားအလာ ကောင်းခဲ့သည်။ ထိုအခါ ဖက်ဆစ်ဂျပန်တို့သည် မြန်မာနိုင်ငံအား ရသရွေ့ခွဲခြားအုပ်ချုပ်ရန် ကြိုးပမ်းကြသည်။ မြေပြန့်နှင့် တောင်တန်းဒေသခွဲခြား၍ လွတ်လပ်ရေးပေးချင်ကြသည်။အမျိုးမျိုးလှည့်ဖြား၍ သွေးဆောင် ကြသည်။
၁၉၄၆ ခုနှစ် ဇန်နဝါရီလတွင် ရွှေတိဂုံဘုရားကုန်းတော်အလယ်ပစ္စယာ၌ ကျင်းပသည့် ဖဆပလညီလာခံကြီးမှ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုတွင် တိုင်းရင်းသားအားလုံး လက်တွဲဆောင်ရွက်ပြီး လွတ်လပ်သည့် ပြည်ထောင်စု မြန်မာနိုင်ငံထူထောင်ရန် ဆုံးဖြတ်ချက်ချခဲ့ကြသည်။ ရှမ်းစော်ဘွားများ ညီလာခံကို ရှမ်းပြည်မြောက်ပိုင်းနှင့် တောင်ပိုင်း၏ ဗဟိုချက်ဖြစ်သော ပင်လုံမြို့တွင်ကျင်းပရာ မြန်မာ့ခေါင်းဆောင်များ တက်ရောက်ခဲ့ကြပြီး လွတ်လပ်ရေးရရန် ကြိုးပမ်းမှုများကို ရှမ်းတိုင်းရင်းသားတို့အား သဘောပေါက်ရန် ရှင်းလင်းပြောဆိုခဲ့ကြသည်။
၁၉၄၇ ခုနှစ် ဇန်နဝါရီလတွင် ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် ဗြိတိန်နိုင်ငံသို့ မြန်မာ့လွတ်လပ်ရေးအတွက် သွားရောက် အရေးဆိုခဲ့ကြသည်။ ဗြိတိသျှတို့မှ တောင်တန်းဒေသကို လွတ်လပ်ရေးပေးရန် ချန်လှပ်ထားသော်လည်း မြန်မာကိုယ်စားလှယ်အဖွဲ့မှ တောင်တန်းနှင့်ပြည်မ မခွဲခြားဘဲ လွတ်လပ်ရေးပေးရန် အရေးပေး တောင်းဆိုခဲ့ကြသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဗြိတိသျှတို့နှင့်ဘိလပ်၌ ဆွေးနွေးနေစဉ် မြန်မာပြည်တွင်း၌လည်း တောင်တန်းနှင့်ပြည်မကွဲပြားရန်အတွက် ဗြိတိသျှတို့သည် တစ်ဖက်တစ်လမ်းမ ှသွေးထိုးလှုံ့ဆော်ကြပြန်သည်။ ထို့ကြောင့်မြန်မာ့ခေါင်းဆောင်တို့သည် တောင်တန်းဒေသသို့ သွားရောက်လျက် စည်းလုံးညီညွတ်ရန် လှုံ့ဆော်ကြရပြန်သည်။
ဗြိတိသျှတို့သည် ပရိယာယ်သုံးလျက် တောင်တန်းနှင့်ပြည်မပူးပေါင်းလျှင် တစ်နိုင်ငံလုံးလွတ်လပ်ရေး ရရှိမည်။ တောင်တန်းနှင့်ပြည်မပူးပေါင်းရေးကို တောင်တန်းဒေသမှ ခေါင်းဆောင်များသာ ဆုံးဖြတ်စေရန် ဟူသော သဘောတူညီချက်ပါသည့် အောင်ဆန်းအက်တလီစာချုပ်ကို ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့၌ ဘိလပ်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်နေ့၌ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီး ဖေဖော်ဝါရီလ ၈ ရက်နေ့၌ ပင်လုံညီလာခံကို တက်ရောက်ခဲ့ကြသည်။ ပြည်မနှင့်တောင်တန်းဒေသ မခွဲခြားဘဲ လွတ်လပ်ရေးရယူရန် ဆွေးနွေးခဲ့ကြ၏။ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ညနေတွင် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ရရှိခဲ့ကြပြီး ဖေဖော်ဝါရီလ ၁၂ ရက်နေ့နံနက် ၁၀ နာရီတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ကိုယ်စားလှယ် ၂၁ ဦးတို့သည် တောင်တန်းနှင့်ပြည်မ စည်းလုံးညီညွတ်ရေး ပြယုဂ်ဖြစ်သည့် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။
ထိုသို့တိုင်းရင်းသား အားလုံးစည်းလုံးညီညွတ်မှုကို ပြသနိုင်ခဲ့သည့်နေ့ကို ပြည်ထောင်စုနေ့အဖြစ် ယနေ့တိုင် သတ်မှတ်ခဲ့ကြခြင်း ဖြစ်သည်။ ပြည်ထောင်စုမြန်မာနိုင်ငံ ဖြစ်မြောက်ရေးအတွက် အုတ်မြစ်ချခဲ့သော ပြည်ထောင်စုနေ့ကို မမေ့အပ်ကြချေ။ ပြည်ထောင်စုနေ့အခမ်းအနားကို ၁၉၄၈ ခုနှစ်နှင့် ၁၉၄၉ ခုနှစ်တို့တွင် ပင်လုံမြို့၌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြသည်။ ၁၉၅၀ ပြည့်နှစ်မှစ၍ ရန်ကုန်မြို့၌ ကျင်းပခဲ့၏။ ထူးခြားချက် အနေဖြင့် ၁၉၅၄ ခုနှစ်မှစ၍ အလှည့်ကျရာ ပြည်နယ်တိုင်း အသီးသီးမှ ပြည်ထောင်စု အလံတော်ကို ပြည်ထောင်စုနေ့ သဘင်ကျင်းပချိန်အမီ ရန်ကုန်မြို့သို့ လက်ဆင့်ကမ်းသယ်ဆောင်ပြီး နိုင်ငံတော်ဝန်ကြီးချုပ် လက်သို့ပေးအပ်ခဲ့ကြသည်။ ပြည်ထောင်စုဖွား တိုင်းရင်းသား အားလုံး စည်းလုံးညီညွတ်မှုကို ကမ္ဘာကပင် အသိအမှတ်ပြုကြရသည့်နေ့ပင် ဖြစ်သည်။
အမိမြန်မာနိုင်ငံတော်ကြီးသည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်းဟူသည့် တိုင်းရင်းသားအပေါင်း စုစည်းနေထိုင်ရာ နိုင်ငံတော်ကြီး ဖြစ်ပါသည်။ တိုင်းရင်းသားမျိုးနွယ်စုတို့သည် ရှေးယခင်ကတည်းကပင် မိမိတို့ဒေသ၌ ကိုယ့်မင်းကိုယ့်ချင်းဖြင့် စုစည်းနေထိုင် ခဲ့ကြပေသည်။ ထိုသို့နေထိုင်ခဲ့ကြရာမှ နယ်ချဲ့တို့၏ အုပ်စိုးမှုအောက်တွင် သူ့ကျွန်ဘဝသို့ ကျရောက်ခဲ့ရပြီး လွတ်လပ်ရေး ဆုံးရှုံးခဲ့ကြသည်။
တိုင်းရင်းသားအားလုံးမှ စည်းလုံးညီညွတ်စွာ တွန်းလှန်နိုင်ခဲ့သောကြောင့် သူ့ကျွန်ဘဝမှ လွတ်မြောက်ခဲ့ရသည်။
အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင်မှုဖြင့် မအိပ်မနေကြိုးပမ်း အားထုတ်မှုကြောင့် တိုင်းရင်းသားအားလုံး၏ သွေးစည်းညီညွတ်မှု ပြယုဂ်ဖြစ်သည့် ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ကာ လွတ်လပ်ရေးကို ပြန်လည်ရယူနိုင်ခဲ့သည်။ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုကြောင့် ကြီးမားသော အောင်မြင်မှုကိုရရှိခဲ့ခြင်း ဖြစ်ပေသည်။
တစ်ယောက်အားနှင့်ယူသော်မရ၊ တစ်သောင်းအားနှင့် ယူသော်ရ၏ဟူသော မြန်မာစကားပုံသည် လိုက်နာကျင့်သုံးရမည့် ညီညွတ်ခြင်း ထုံးနည်းနာများကို ရည်ညွှန်းပြထားခြင်းပင် ဖြစ်သည်။ တစ်ယောက်တစ်လက်၊ ကျောင်းသားလက် ဟူသော ဆိုရိုးစကားသည်လည်း တစ်ဦးတစ်ယောက်တည်း အားဖြင့် အရာရာပြီးမြောက်သည်မဟုတ်။ စုပေါင်းအားဖြင့်သာ အရာရာစွမ်းဆောင်နိုင်ပြီး လုပ်ငန်းမြန်ဆန် အောင်မြင်စွာ ပြီးမြောက်မည်ကို ညွှန်းဆိုပြထားခြင်းပင် ဖြစ်သည်။ လက်ချောင်းလေးများ၏ အင်အားကို စုစည်းလိုက်လျှင် ခွန်အားအပြည့်ရှိသော လက်သီးဆုပ်တစ်ခုဖြစ်လာသည်ကိုပင် သာဓကယူကြည့်ပါက စည်းလုံးညီညွတ်ခြင်း၏ ခွန်အားကို နားလည်သဘောပေါက်ကြပေလိမ့်မည်။
မိသားစုတစ်စုတွင် စည်းလုံးညီညွတ်မှုမရှိပါက တစ်ပါးသူ၏ သွေးထိုးဝင်ရောက်ခြင်းကို ခံစားကြရပေမည်။ ရပ်ကွက်တစ်ခုတွင် စည်းလုံးညီညွတ်မှု မရှိလျှင် အခြားရပ်ကွက်တစ်ခုမှ လွှမ်းမိုးအုပ်ချုပ်ခြင်းကို ခံကြရမည်။ နိုင်ငံတစ်နိုင်ငံတွင် စည်းလုံးညီညွတ်မှု ပျက်ပြားပါက တိုင်းတစ်ပါး၏ သွေးထိုးလှုံ့ဆော်ခြင်းကို ခံကြရပေမည်။ နွားကွဲလျှင်ကျားဆွဲ ဆိုသည့်အတိုင်း မိမိတို့နိုင်ငံအား တိုင်းတစ်ပါးနိုင်ငံများမှ တဖြည်းဖြည်းဝါးမျိုခြင်းကို ခံစားကြရပြီး သူ့ကျွန်ဘဝသို့ ကျရောက်ကြရမည် ဖြစ်သည်။ စည်းလုံးညီညွတ်မှု ပျက်ပြား၍ သူတစ်လူငါတစ်မင်း ဖြစ်နေလျှင် တိုင်းပြည်၏ အနာဂတ်သည် လမ်းပျောက်နေပေလိမ့်မည်။ တိုးတက်မှု နှောင့်နှေးကြန့်ကြာပေလိမ့်မည်။ စည်းလုံးခြင်းဟူသည် အားကြီးသော တန်ခိုးရှင်ဖြစ်သည်ကို လူတိုင်းသိရှိနားလည်ရန် လိုအပ်ပေသည်။ စည်းလုံးညီညွတ်မှုရှိလျှင် အားကြိုးတင်းတင်း၊ လူချင်းချင်းကို၊ ဘယ်မင်းဖက်ပြိုင်၊ ဘယ်တပ်ဆိုင်အံ့၊ သူ့နိုင်ငံသား၊ သံမှုန့်စားမှ၊ တို့ဓားတုံးမည်၊ မှတ်တော်တည်လော့ ဟုအားမာန်အပြည့်ဖြင့် ဟစ်ကြွေးအောင်ပွဲခံနိုင်ပေလိမ့်မည်။
ဘိုးဘွားများ၏အမွေ၊ စည်းလုံးညီညွတ်ခြင်းတို့၏ အသီးအပွင့်များကို စားသုံးခဲ့ကြသည်မှာ နှစ်ပေါင်းခုနစ် ဆယ်ကျော်၍ စိန်ရတုသို့ပင်ရောက်ရှိခဲ့ပြီ ဖြစ်သည်။
ယခုခေတ်တွင် စည်းလုံးညီညွတ်မှုဟူသည် မရောင်ရာဆီလိမ်းသကဲ့သို့ ဖြစ်နေပေသည်။ ပုဆိန်ရိုးများ၏ ကိုယ်ကျိုးအတွက် သွေးထိုးခြင်းများကို ယုံကြည်နေကြသည်။ မိမိအိမ်၊ မိမိခြံဝင်း၊ မိမိနေရပ်၊ မိမိနိုင်ငံကို စည်းလုံးခြင်း ခွန်အားဖြင့် စည်းတားထားရမည့်အစား တိုင်းတစ်ပါးကို ယုံကြည်ကိုးစားနေကြသည်။
မိမိစည်းရိုးကို မိမိတို့ကိုယ်တိုင်ပင် ချိုးဖျက်နေကြသည်။အသိတရားများ ပျက်စီး၍ ကြိုးမဲ့စွန်များကဲ့သို့ လေနှင်ရာလွင့်နေကြသည်။ သူ့ကျွန်အဖြစ်နွံနစ်ကြရမည်ကို မေ့လျော့နေကြသည်။ ညီညာမှပြည်သာမည်ကို သိရမည့်အစား ညာနေသောနေရာမှာ သွားရောက်ညီညွတ်နေကြသည်။ တိုင်းပြည်၏ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေပြန်သည်။ မညီညွတ်ခြင်း၏ ဆိုးကျိုးသမိုင်းကိုမကြည့်ဘဲ ထင်ရာစိုင်းနေကြတော့သည်။
စည်းလုံးညီညွတ်မှုပျက်ပြားသည့်အတွက် အုပ်ချုပ်ရေးယန္တရား၊ စီးပွားရေးလုပ်ငန်းများ၊ နိုင်ငံတော် အေးချမ်းသာယာမှု၊ ဖွံ့ဖြိုးတိုးတက်မှုတို့သည် အဟန့်အတားဖြစ်နေကြရ၏။ ဤအခြေအနေအရပ်ရပ်ကို သိမြင်ပြီး ဖြစ်ပါလျက် ငြင်းဆန်ပြိုင်ဆိုင် နေမည်ဆိုလျှင် ကမ္ဘာပေါ်တွင် မြန်မာသည် ခေတ်အနောက်ကျဆုံး နိုင်ငံဖြစ်သွားပေလိမ့်မည်။ လမ်းမှန်ကိုပြန်လျှောက်ပြီး နောက်မကျသေးသော အချိန်ကာလမှာ လက်တွဲညီညီ ဖြင့် ဆောင်ရွက်ကြမည်ဆိုလျှင်အေးချမ်းသာယာပြီး ခေတ်မီတိုးတက်သော နိုင်ငံတော်ကြီး မလွဲမသွေ ဖြစ်လာပေလိမ့်မည်။ ဘိုးဘွားအမွေမြန်မာပြည်ကို ညီညွတ်ခြင်း အင်အားဖြင့် ရေရှည်တည်တံ့ရန် ကာကွယ်ကြပါစို့ဟု တိုက်တွန်းရေးသားလျက် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုအပ်ပါသည်။ ။
မေတ္တာမိုးနှင်း(ပဲခူး)