ကိုဗစ်ရောဂါ မရှိသည့်ဒေသများ၌ ကန့်သတ်ချက်များ ဖြေလျှော့ခြင်းက တစ်နှစ်လျှင် လူနှစ်သန်းကို သေဆုံးစေနိုင်ဟုဆို

ကိုဗစ်ရောဂါ မရှိသည့်ဒေသများ၌ ကန့်သတ်ချက်များ ဖြေလျှော့ခြင်းက တစ်နှစ်လျှင် လူနှစ်သန်းကို သေဆုံးစေနိုင်ဟုဆို

ကိုဗစ်-၁၉ ရောဂါကင်းစင်သော ဒေသများ၌ ပြည်သူများကို ပုံမှန်အတိုင်းသွားလာ လှုပ်ရှားခွင့်ပြုသည့် ကန့်သတ်ချက်များကို ဖြေလျှော့ပေးခြင်းသည်    တစ်နှစ်လျှင် လူနှစ်သန်းကို သေဆုံးစေနိုင်ကြောင်း တရုတ်သုတေသန ပညာရှင်များက ပြောသည်။

အလားတူ ရောဂါပိုးကို ထိန်းချုပ်နိုင်ရေး အတွက် အဓိက အကျဆုံးသော အရာမှာ ကူးစက်မှုကို   အကောင်းဆုံး ကာကွယ်နိုင်သည့် ကာကွယ်ဆေးများကို    ဖော်စပ်ထုတ်လုပ်ရေး ဖြစ်ကြောင်း သုတေသီများက ဆက်ပြောသည်။

ထို့ပြင်   ကိုဗစ်-၁၉ ရောဂါ၏ ကူးစက်ပျံ့နှံ့မှု အန္တရာယ်သည် လွန်စွာမြင့်တက်နေကြောင်းနှင့် လူအစုလိုက် အပြုံလိုက် ရောဂါပိုးကူးစက်မှုက ကျန်းမာရေးစနစ်အပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်လာစေနိုင်ကြောင်း တရုတ်သိပ္ပံ ပညာရှင်များနှင့် ကျန်းမာရေး ကျွမ်းကျင်သူများက ထပ်လောင်း သတိပေးထားသည်။

သုတေသနပညာရှင်များသည် လက်ရှိထုတ်လုပ်ထားသည့်    ကာကွယ်ဆေးများအနက် ကိုရိုနာဗက်၊ ဖိုင်ဇာနှင့် အက်စထရာဇီနီကာတို့၏      အခြေခံအာနိသင် သက်ရောက်မှုကို တွက်ချက်နိုင်ရေးအတွက် ဗြိတိန်နှင့်ချီလီနိုင်ငံတို့မှ     သုတေသန အချက်အလက်များကို အသုံးပြုခဲ့ခြင်းဖြစ်သည်။

၎င်းတို့၏လေ့လာချက်အရ ထိုကာကွယ်ဆေးများသည် ရောဂါလက္ခဏာပြသော ရောဂါဖြစ်ပွားမှုကို ၆၈ ဒသမ ၃ ရာခိုင်နှုန်း ကာကွယ်နိုင်ကာ သေဆုံးမှုကို ၈၆ ရာခိုင်နှုန်းအထိကာကွယ်နိုင်သည်ကို တွေ့ရသည်။

သို့သော် တစ်ကမ္ဘာလုံး အတိုင်းအတာအနေဖြင့်   ကာကွယ်ဆေးထိုးပြီးမှု ၉၅ ရာခိုင်နှုန်းရှိသည့်တိုင်အောင် လူအများ သွားလာလှုပ်ရှားမှုများကို ၂ဝ၁၉ ခုနှစ် ကာလကကဲ့သို့ လုပ်ဆောင်ပါက   ကိုဗစ်ရောဂါကင်းစင်သော   ဒေသများတွင် တစ်နှစ်အတွင်း   ရောဂါပိုး ကူးစက်ခံရသူ ၂၃၄ သန်းအထိ ရှိနိုင်ကြောင်းနှင့် ထိုအထဲတွင် ရောဂါလက္ခဏာပြသော ရောဂါဖြစ်ပွားသူ ၆၄ သန်းနှင့် သေဆုံးသူ နှစ်သန်းပါဝင်ကြောင်း သုတေသနပညာရှင်များက ခန့်မှန်းထားသည်။

ပြည်သူများအနေဖြင့်  ယခင်အတိုင်း ပုံမှန်လှုပ်ရှား သွားလာလိုပါက ရောဂါကူးစက်မှုအတွက် ကာကွယ်ပေးနိုင်သည့် ကာကွယ်ဆေးများ၏ အာနိသင်ထိရောက်မှုကို ၄ဝ ရာခိုင်နှုန်းတိုးမြှင့်ကာ ရောဂါလက္ခဏာပြသော ရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်သည့် အာနိသင်    ၉ဝ ရာခိုင်နှုန်းအထိ တိုးမြှင့်ရန် လိုအပ်ကြောင်း တရုတ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာနက ထုတ်ပြန်ထားသည်။