တိုင်းစစ်ဌာနချုပ် အသီးသီးရှိ တပ်မတော်ဆေးရုံများ၌ တက်ရောက်ကုသမှု ခံယူနေသူများအား ကြည့်ရှုအားပေး၊ COVID-19 ရောဂါကုသရန် ပြင်ဆင်ထားရှိမှုများအား ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ စက်တင်ဘာ - ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နှင့် မိုင်းဖြတ်မြို့တို့ရှိ တပ်မတော်ဆေးရုံများနှင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ နယ်မြေခံ ဆေးတပ်ရင်းတို့၌ တက်ရောက် ဆေးကုသမှု ခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများအား စက်တင်ဘာ ၂၄ ရက်နှင့် ယနေ့တို့တွင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များ အလိုက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေး တိုးတက်မှု အခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်း အားပေးစကား ပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်ကြသည်။ ထို့နောက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက ဆေးရုံများအတွင်း လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကြသည်။

ထို့ပြင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ တပ်မတော်ဆေးရုံ၌ COVID-19  ရောဂါပိုး စစ်ဆေးသည့်  RT-PCR  COVID-19 စက်၊ Pockit Central Nucleic Acid Analyzer    စက်နှင့် COVID-19  လူနာများထားရှိမည့် အထူးကြပ်မတ် ကုသဆောင်များအား တိုင်းမှူး  ဗိုလ်ချုပ် ခင်လှိုင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ ၎င်းအပြင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ အခြေခံပညာ အထက်တန်းကျောင်းတွင် ဖွင့်လှစ်ထားသည့် Quarantine Center  ရှိ သီးသန့်စောင့်ကြည့်ထားသူ ၄၈ ဦးကို ပျဉ်ပုံကြီးတပ်နယ် တပ်မတော်သားများက စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။