အမေရိကန်၌ စားဝတ်နေရေးအတွက် အစစအရာရာ ဈေးနှုန်းများ ဆက်လက်မြင့်တက်
အမေရိကန်နိုင်ငံ၌ ဇန်နဝါရီလအတွင်း စားသုံးသူဈေးနှုန်း ဖောင်းပွမှုသည် သုည ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်လာသည့်အတွက် နှစ်စဉ်ငွေကြေး ဖောင်းပွမှုနှုန်းကို ၇ ဒသမ ၅ ရာခိုင်နှုန်းအထိ မြင့်တက်လာစေသောကြောင့် စားဝတ်နေရေးအတွက်အစစအရာရာ ဈေးနှုန်းများ ဆက်လက် မြင့်တက်လာကြောင်း အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ယခုကဲ့သို့ငွေကြေး ဖောင်းပွမှုသည် ၁၉၈၂ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးနှုန်းထားဖြစ်ပြီး အထူးသဖြင့် အစားအစာနှင့် လောင်စာဆီဈေးနှုန်းများ မြင့်တက်မှုကြောင့် ကုန်ပစ္စည်းအမျိုးမျိုး၏ ဈေးနှုန်းများ မြင့်တက်ခြင်းဖြစ်သည်ဟုဆိုသည်။
ဂျုံများ၊ မုန့်ဖုတ်ပစ္စည်းများ၊ နို့ထွက်ကုန်များ၊ အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များ၏ ဈေးနှုန်းမြင့်တက်ခြင်းကြောင့် အစားအစာ ဈေးနှုန်းသည် ၁ ရာခိုင်နှုန်းသို့လည်းကောင်း၊ လျှပ်စစ်မီးသည် ၄ ဒသမ ၂ ရာခိုင်နှုန်းသို့ လည်းကောင်း၊ အိမ်ငှားရမ်းခသည် သုည ဒသမ ၄ ရာခိုင်နှုန်းသို့ လည်းကောင်း မြင့်တက်လာသည်ကို တွေ့ရသည်။
အဆိုပါ ငွေကြေးဖောင်းပွမှုသည် ဗဟိုဘဏ်၏ မျှော်မှန်းချက်ဖြစ်သော ၂ ရာခိုင်နှုန်းထက် များစွာကျော်လွန်နေသောကြောင့် လက်ရှိစီးပွားရေး အခြေအနေအပေါ် ထိခိုက်စေကာ လာမည့်လ အနည်းငယ်အတွင်း အတိုးနှုန်းကို တိုးမြှင့်ရမည့် အလားအလာရှိကြောင်း လေ့လာသူများက ပြောသည်။
ကျွမ်းကျင်ပညာရှင် အချို့ကမူ ဇူလိုင် ၁ ရက်အရောက်တွင် အတိုးနှုန်းကို ၁ ရာခိုင်နှုန်းအထိ တိုးမြှင့်ရမည်ဟု ပြောထားသည်။
သို့သော် အချို့ပညာရှင်များမူ ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်လာခြင်း ကျဆင်းစေရေးအတွက် အခြားနည်းလမ်းများကို ရှာဖွေရန် မျှော်လင့်ထားကြောင်း သိရသည်။