ပူတင်နှင့် မက်ခရွန်တို့ကြား စားပွဲရှည်ခြားပြီး ဆွေးနွေးရသည့် အကြောင်းရင်း ရုရှား ထုတ်ပြန်

ပူတင်နှင့် မက်ခရွန်တို့ကြား စားပွဲရှည်ခြားပြီး ဆွေးနွေးရသည့် အကြောင်းရင်း ရုရှား ထုတ်ပြန်

မကြာသေးမီက တွေ့ဆုံခဲ့သော  ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ပြင်သစ်သမ္မတ အမ်မန်နျူယယ်မက်ခရွန်တို့ကြား  စားပွဲ ရှည်ခြားပြီး ဆွေးနွေးရသည့် အကြောင်းရင်းကို ရုရှားသမ္မတရုံးက ထုတ်ပြန်လိုက်ကြောင်း သိရသည်။

ပူတင်နှင့်မက်ခရွန်တို့သည် ပုံမှန်မဟုတ်ဘဲ ရှည်လျားလှသည့် စားပွဲရှည်၏ ထိပ်တစ်ဖက်တစ်ချက်စီတွင်ထိုင်ကာ ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ထိုသို့သော အခြေအနေဖြင့် ဆွေးနွေးရခြင်းသည် မက်ခရွန်က ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးမှုခံယူရန် ငြင်းဆိုခြင်းကြောင့် ဖြစ်သည်ဟု ရုရှားသမ္မတရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အချို့သော နိုင်ငံ့ခေါင်းဆောင်များသည် ကိုယ်ပိုင်စံများဖြင့်သာ နေထိုင်ကာ ဧည့်သည်နိုင်ငံ၏စစ်ဆေးမှုကို ခံယူလေ့မရှိကြောင်းနှင့် ထိုပုံစံသည် ပုံမှန်သာဖြစ်ကြောင်း၊ ယခုအခြေအနေတွင် သမ္မတပူတင်၏ ကျန်းမာရေးကို  ကာကွယ်သည့်အနေဖြင့် စားပွဲရှည် ခြားပြီးဆွေးနွေးခြင်းသာဖြစ်ကြောင်း ရုရှားသမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ   ဒီမီထရီပက်စကော့က ပြောသည်။

ထို့ပြင် ခေါင်းဆောင်နှစ်ဦးကြား စားပွဲရှည်ခြားနေခြင်းသည်   ၎င်းတို့နှစ်ဦးကြား ဆွေးနွေးမှုများအပေါ်  မည်သည့်အဟန့် အတားမျှ မဖြစ်စေကြောင်း   ဒီမီထရီပက်စကော့က ဆက်ပြောသည်။

မက်ခရွန်သည် ဖေဖော်ဝါရီ ၇ ရက်တွင် ရုရှားနိုင်ငံသို့ လာရောက်ကာ ယူကရိန်းအရေးနှင့် ပတ်သက်၍ ဥရောပနှင့် ရုရှားတို့ကြား   ဖြစ်ပွားနေသော တင်းမာမှုများ ပြေလျော့စေရေး ဦးတည်ဆွေးနွေးခဲ့ကြောင်း သိရသည်။