ငယ်ဘဝ

ယမန်နေ့မှအဆက်

မောင်ငြိမ်းချမ်းပေးသော ဆီးထုပ်မျိုးကို မစားနိုင်။ “အေဝမ်းဆီးထုပ်ဝယ်ကျွေးပါ”ဟု ပြော သည်။

မောင်ငြိမ်းချမ်းစားသော ဆီးပေါင်းမှာ တစ်ပဲတန်ဖြစ်သည်။ သူတောင်းဆိုသော အေဝမ်း ဆီးပေါင်းထုပ်မှာ တစ်မတ်တန်ဖြစ်သည်။ ဈေးကြီးလွန်း၍ မောင်ငြိမ်းချမ်းတစ်ခါမျှ ဝယ်မစား ပါ။ နေ့ကျောင်းသူ အစ်မကြီး တစ်ယောက် ဝယ်ကျွေးသွား၍ တစ်ခါစားဖူးပါသည်။

အလွန်ကောင်းပါသည်။ မောင်ငြိမ်းချမ်းမှာ ငွေများများမရှိ၍ ကိုယ်တိုင်ဝယ်မစားရက်သော အေဝမ်းဆီးထုပ်ကို တစ်မတ်ပေးပြီး နာလန်ထဖြစ်သူကို ဝယ်ကျွေးလိုက်ပါသည်။ တစ်လ ကျော်ကျော်ကြာပါသည်။ သူ့မိဘများလာခေါ်၍ မောင်မောင်ပြန်လိုက်သွားပါသည်။ ဘဝမှာ တစ်လသာတွေ့ကြုံလိုက်ရသော သူငယ်ချင်းဖြစ်ပါ၏။

မောင်ငြိမ်းချမ်းနှင့် ဘောလုံးကစားခြင်း

စနေနေ့ညတွင် မောင်ငြိမ်းချမ်းတို့ ဘောလုံးပွဲကြည့် နိုင်သည်။ ဗထူးကွင်းအထိခြေကျင် လျှောက်သွားကြသည်။ မိနစ် ၂၀ ခန့် လျှောက်ရသည်။ စနေနေ့ဆိုလျှင် ပွဲကြီးပွဲကောင်းများ ရှိတတ်သည်။ ဘောလုံးပွဲကို ဝင်ကြေးပေးပြီး  ကြည့်နိုင် သည်မဟုတ်ပါ။

ဗထူးကွင်းအရှေ့ဘက်ရှိ ချုံနွယ်တောများအကြားမှနေ၍ အုတ်တံတိုင်းအမြင့်ကြီးကို ကျော် တက်ရသည်။ ထိုသို့ကျော်တက်နိုင်သောနေရာကို ကျောင်းသားကြီးများက လမ်းပြထားကြ သည်။ တက်ပုံတက်နည်းကိုလည်း သင်ကြားပေးကြသည်။ တံတိုင်းပေါ်ရောက်လျှင်တော့ အောက်သို့ ခုန်ချရသည်။ အမြင့်ကြီးမို့ စွန့်စားရသည်မှာ ရင်အေးစရာ။

အတွင်းဘက်ရောက်သွားလျှင် ဘာမျှပြဿနာမရှိ။ ခပ်တည်တည်လျှောက်သွားပြီး အရှေ့ ဘက်ပွဲကြည့်စင်မှာ ကြိုက်ရာနေရာတွင် ထိုင်ကြည့်၍ရသည်။ အလွန်ကြည့်၍ ကောင်းသော ပွဲကောင်းများစွာကို ကြည့်ခွင့်ရပါသည်။

ထိုဘောလုံးပွဲကောင်းများကိုကြည့်ပြီး မောင်ငြိမ်းချမ်း ဘောလုံးကစားခြင်းကို ဝါသနာပါ လာသည်။ ဘောလုံးသမားကောင်း ဖြစ်ချင်လာသည်။ ကျောင်းမှာ ဘောလုံးကွင်းရှိသည်။   ဘောလုံးပွဲရှိသည့် ညနေတိုင်း ဘော်ဒါမှခိုင်းထားသော အလုပ်တာဝန်များပြီးလျှင် ဘောလုံး ကစားကြသည်။ ဘောလုံးကစားခြင်းမှာ မောင်ငြိမ်းချမ်း အနှစ်သက်ဆုံးကစားနည်းဖြစ်လာ သည်။

မောင်ငြိမ်းချမ်းတို့ဘော်ဒါမှ ကျောင်းလက်ရွေးစင် ကိုအောင်ခင်ကိုအားကျသည်။ သူဘောလုံး သယ်သွားလျှင် အလွန်ကြည့်၍ကောင်းသည်။ ဘယ်သူမျှမတားနိုင် မောင်ငြိမ်းချမ်းငယ်သေး သည်။ အတန်းကြီးလာလျှင် ကိုအောင်ခင်လို ကျောင်းလက်ရွေးစင်ဖြစ်ချင်သည်။ ကိုအောင် ခင်ကိုပြောပြတော့ ကိုအောင်ခင် သဘောကျသည်။ သင်ပေးမည်ဟုဆိုသည်။ ညနေတိုင်း ဘောလုံးကစားခိုင်းသည်။ စိတ်ပါ၍လားမသိ။ တစ်နေ့တခြားဘောလုံး ကစားခြင်းကို ကျွမ်း ကျင်လာသည်။

ကိုအောင်ခင်သာမက ကြီးသူများကပါ ဘောလုံးကစားနည်းကို သင်ပေးကြသည်။ မိဘမဲ့ ကျောင်းတွင် မောင်ငြိမ်းချမ်း စာပညာသာမက ဘောလုံးကစားခြင်းပါ သင်ကြားခွင့်ရခဲ့သည်။ စနေနေ့ညနေတိုင်း ဗထူးကွင်းမှာ သွားကြည့်ရသည်။ ဘောလုံးပွဲများကလည်း ဘောလုံး ကစားနည်းအတွက် အထောက်အပံ့ကောင်းများ ဖြစ်ပါသည်။

ချစ်သောဆရာနှင့်ခွဲခွာရခြင်း

မောင်ငြိမ်းချမ်း ပထမအစမ်းစာမေးပွဲဖြေခါနီးမှာ ဆရာဦးစံလှိုင် အလုပ်ခန့်စာရသည်။ စဉ့်ကိုင်မြို့နယ်မှ တဘက်ဆွဲရွာတွင် မူလတန်းကျောင်းအုပ်အဖြစ် သွားရောက်ရမည်။ မောင်ငြိမ်းချမ်းတို့ ဝန်းသိုရွာနှင့် တစ်မြို့နယ်တည်းဖြစ်ရုံမက မြောင်းရိုး တစ်ခုတည်းဖြစ် သည်။ ၅ မိုင်ခန့်သာဝေးသည်။ ဆရာအလုပ်ရသွားသည့်အတွက် မောင်ငြိမ်း ချမ်းဝမ်းသာပါ သည်။ သို့သော် ကိုယ့်အတွက်တော့ စိတ်အားပျက်ရသည်။ မိဘမဲ့ကျောင်း ရောက်စက စိတ်အားငယ်ခဲ့ရသည်။ နောက်တော့ ဆရာ့ကြောင့် စိတ်အားတက်ခဲ့ရသည်။ ဆရာက အင်္ဂလိပ်စာ သင်ပေးရုံသာမက ချစ်ခင်ကြင်နာစွာ စောင့်ရှောက်ခဲ့သည်။ စာကြိုးစားဖို့ အမြဲတမ်း ဆုံးမခဲ့သည်။ အတူနေရင်း သွားရင်းလာရင်းနှင့်လည်း အမြဲသင်ပေးသည်။ ငယ်စဉ် ကပင် ဖခင်ကွယ်လွန်ခဲ့သော မောင်ငြိမ်းချမ်းအတွက် ဖခင်အစားရသလိုဖြစ်နေသည်။

အခု ဆရာနှင့်ခွဲရတော့မည်။ “ပထမအစမ်းမှာ အဆင့်တစ်မှ တစ်ဆယ်အတွင်း ဝင်အောင် ကြိုးစားပါ။ ဆရာပြန်လာခဲ့မယ်။ တစ်ဆယ် အတွင်းဝင်ရင် ဆုချမယ်။ တကယ်တော့ ဆရာက မင်းကိုတစ်၊ နှစ်၊ သုံးဖြစ်စေချင်တာ။ ဒါပေမဲ့ ဒီကျောင်းမှာ ဒုတိယတန်းအောင်ပြီး  တက်လာတဲ့ကလေးတွေက မင်းထက် အခြေခံကောင်းနေတယ်။ ကြိုးစားတာချင်းတူရင် သူတို့ကိုချက်ချင်းတော့ မီမှာမဟုတ်သေးဘူး။ ဒါကြောင့်မို့ တစ်ဆယ်အတွင်း ဝင်ရင်ဆုပေး မှာ။ နောက်နှစ်ဆိုရင် တစ်၊ နှစ်၊ သုံး၊ လေး ဝင်အောင်လုပ်ရမယ်။ ဆရာမရှိပေမယ့် လိမ်လိမ်မာမာနေပြီးစာကြိုးစားပါ။ ဆရာ့ကိုသတိရရင် စာကိုပိုပြီး ကြိုးစား။”

ဆက်လက်ဖော်ပြပါမည်။