ရှစ်ကြိမ်မြောက် စုပေါင်းအဲဒိုပေါ်မီ ခေါ် ဒီးကူပွဲတော်ကို အကျဉ်းချုံးသာကျင်းပမည်

ဖရူဆို၊ ရိုးရာပွဲတော်

ရှစ်ကြိမ်မြောက် ကယားအမျိုးသားတို့ စုပေါင်းအဲဒိုပေါ်မီ ခေါ် ဒီးကူပွဲတော်ကို စက်တင်ဘာ ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် ဖရူဆိုမြို့နယ် လောပလျားလဲကျေးရွာ၌ ကျင်းပရန်လျာထား ခြင်းဖြစ်သော်လည်း ယခင်နှစ်ကဲ့သို့ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်တော့မည် မဟုတ် တော့ကြောင်း၊ ပွဲတော်ကျင်းပမည့်ရက်ကို ကယားရိုးရာ ကြက်ရိုးထိုးဗေဒင်ဖြင့် ရက်သတ် မှတ်မည်ဖြစ်ကြောင်း ဖရူဆိုမြို့နယ် စုပေါင်းအဲဒိုပေါ်မီပွဲတော်ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ခူးဖဲတူး၏ ပြောကြားချက်အရ သိရသည်။

ကယားလူမျိုးများတွင် ပွဲတော်များရှိသည့်အနက် ထင်ရှားသည့်ပွဲတော်နှစ်ခုမှာ ကေ့ထျိုးဘိုး ခေါ် တံခွန်တိုင်ပွဲတော်နှင့် အဲဒိုပေါ်မီ ခေါ် ဒီးကူပွဲတော်တို့ဖြစ်သည်။ ကယားအမျိုးသားတို့က ရိုးရာဓလေ့ကို ချစ်မြတ်နိုး၍ အလေးထားထိန်းသိမ်း တတ်စေရန်ရည်ရွယ်ပြီး ရိုးရာဓလေ့ကို  အစဉ်မပြတ် ထိန်းသိမ်းရေး၊ ခေတ်သစ်လူငယ်များကို လက်ဆင့်ကမ်းပညာပေးရေးတို့ အတွက် အဆိုပါပွဲကို  ကျင်းပခြင်း ဖြစ်သည်။

ရှေးယခင်က ငွေတောင်ပြည်သည် ယွန်းလူမျိုးတို့၏ လက်အောက်ကျရောက်ခဲ့သည်။ ထိုအချိန်တွင် ကယားတိုင်းရင်းသားတို့သည် ကောက်ညှင်းဆန်ကို ဒီးကူရွက်ဖြင့်ထုပ်ကာ စစ်သုံးရိက္ခာအဖြစ် အသုံးပြုပြီး ယွန်းလူမျိုးတို့ကို ချေမှုန်းနိုင်ခဲ့သည်။ ကယား တိုင်းရင်းသား တို့သည် ဒီးကူထုပ်ကဲ့သို့ စည်းလုံးညီညွတ်ခြင်း၊ လွတ်မြောက်ခြင်းနှင့် မကောင်းဆိုးဝါးများ အား အောင်နိုင်ခြင်းစသည့် တန်ဖိုးကြီးလှသော ရိုးရာအစဉ်အလာ ကောင်းတစ်ရပ်အဖြစ် အဲဒိုပေါ်မီပွဲကို ကယားတိုင်းရင်းသားများက နှစ်စဉ်တောင်ယာ၊ လယ်စိုက်ပျိုးပြီးသည့် တော်သလင်းလနှင့် သီတင်းကျွတ်လတို့တွင် ကျင်းပလေ့ရှိပြီး နှစ်စဉ်နှင့်အမျှ   ကျေးရွာတိုင်း လိုလိုက သူ့ရွာနှင့်သူ ကြက်ရိုးထိုးပြီး ပွဲကျင်းပဖို့ ရက်သတ်မှတ်ကြသည့် အစဉ်အလာ ရှိကြောင်း သိရသည်။          

(၄၀၅)