ဥရောပ-ရုရှားပူးတွဲဂြိုဟ်ပတ် ယာဉ်က အင်္ဂါဂြိုဟ်ပေါ်ရှိ အိပ်မက်ဆန်ဆန် မြေပြင်ကို ရိုက်ကူးမိ
ဥရောပအာကာသ အေဂျင်စီနှင့်ရုရှား အာကာသအေဂျင်စီတို့က ပူးတွဲလွှတ်တင်ထားသော အင်္ဂါဂြိုဟ်ပတ်ယာဉ်သည် ထိုဂြိုဟ်ပေါ်၌ ဖြစ်ပေါ်နေသည့် အိပ်မက်ဆန်ဆန် မြေပြင်အခြေအနေ ဓာတ်ပုံကို ရိုက်ကူးမိကြောင်း ဥရောပအာကာသ အေဂျင်စီက ထုတ်ပြန်သည်။
အဆိုပါ အေဂျင်စီသည် ဂြိုဟ်ပတ်ယာဉ်က ရိုက်ကူးရရှိသည့် ဓာတ်ပုံကို ပြီးခဲ့သည့် သီတင်းပတ်အကုန်တွင် တွစ်တာ၌ ဖော်ပြထားခြင်းဖြစ်သော်လည်း ဂြိုဟ်ပတ်ယာဉ်က ယင်းဓာတ်ပုံကို ဖေဖော်ဝါရီ ၁ ရက်တွင် ရိုက်ကူးခဲ့ဖွယ်ရှိသည်။
ဂြိုဟ်ပတ်ယာဉ်သည် အင်္ဂါဂြိုဟ်တောင်ပိုင်းရှိ ကုန်းပြင်မြင့်နေရာများကို ရိုက်ကူးမိခြင်းဖြစ်ပြီး ထိုသို့ရိုက်ကူးစဉ် အလွန် အင်အားပြင်းသော လေပွေကြောင့်ဖြစ်နိုင်ဖွယ်ရှိသည့် အပြာရောင်နွယ်ပင် နှာမောင်းဖြစ်ပေါ်မှုကို တွေ့ရှိရသည်။
ယင်းဓာတ်ပုံသည် အင်္ဂါဂြိုဟ်တောင်ပိုင်းရှိ ဟု(ခ်)ချိုင့်ကြီးအနီးမှ မြေပြင် အခြေအနေများ၏ ရှားပါးလှသောအမြင်ကို ပေးစွမ်းကြောင်း ဥရောပအာကာသ အေဂျင်စီက ပြောသည်။
ExoMars Trace Gas အမည်ရှိ အဆိုပါဂြိုဟ်ပတ်ယာဉ်သည် ၂ဝ၁၈ ခုနှစ်မှစ၍ ၎င်း၏တာဝန်များကို စတင်ထမ်းဆောင်ခြင်းဖြစ်သည်။ ထိုတာဝန်များတွင် ယခုကဲ့သို့ဓာတ်ပုံများ ပြန်ပို့သည့် လုပ်ငန်းအပြင် အင်္ဂါဂြိုဟ်လေထုအတွင်းရှိ ဓာတ်ငွေ့များ စာရင်းကို ပြုစုခြင်းသာမက ဂြိုဟ်ပေါ်၌ ရေရရှိနိုင်သော နေရာများအတွက် မြေပုံရေးဆွဲခြင်းတို့ ပါဝင်ကြောင်း သိရသည်။