ရုရှားရေပိုင်နက် အတွင်း အမေရိကန်ရေငုပ်သင်္ဘော ဝင်ရောက်သည်ဟူသော စွပ်စွဲချက်ကို အမေရိကန်ငြင်းဆို
အမေရိကန်နှင့် ရုရှားနိုင်ငံတို့ကြား ပထဝီနိုင်ငံရေးဆိုင်ရာ တင်းမာမှုများ မြင့်တက်နေစဉ် နျူကလီးယား စွမ်းအင်သုံး အမေရိကန်ရေငုပ်သင်္ဘော တစ်စင်းသည် ရုရှားရေပိုင်နက်ကို ကျူးကျော်ဝင်ရောက်ခဲ့သည်ဟူသော စွပ်စွဲချက်များကို အမေရိကန်ရေတပ်က ငြင်းဆိုလိုက်ကြောင်း သိရသည်။
ရုရှားရေပိုင်နက်အတွင်း အမေရိကန် ရေငုပ်သင်္ဘော ဝင်ရောက်သည်ဟူသော ရုရှားအစိုးရ၏ စွပ်စွဲချက်မှာ မှန်ကန်မှုမရှိကြောင်း အမေရိကန်ရေတပ်ဗိုလ်မှူးကြီး ကိုင်လီရိန်းက ဖေဖော်ဝါရီ ၁၂ ရက်တွင် ပြောသည်။
သို့သော် အမေရိကန်ရေငုပ်သင်္ဘောများ မည်သည့်နေရာတွင် စစ်ဆင်ရေး ဝင်ရောက်ခဲ့သည်ဟူသော မေးခွန်းကိုမူ အမေရိကန်၏ အင်ဒို-ပစိဖိတ်စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူက ဖြေဆိုထားခြင်း မရှိသော်လည်း အမေရိကန်ရေငုပ် သင်္ဘောများသည် နိုင်ငံတကာ ရေပိုင်နက်အတွင်း ဘေးကင်းစွာ ခုတ်မောင်းခဲ့သည်ဟု ၎င်းကဆိုသည်။
အမေရိကန်၏ Virginia အမျိုးအစား နျူကလီးယားစွမ်းအင်သုံး တိုက်ခိုက်ရေး ရေငုပ်သင်္ဘောသည် ကူရိုင်းကျွန်း၏ ရေပိုင်နက်အတွင်း ပေါ်လာသည်ကို တွေ့ရှိကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၂ ရက် အစောပိုင်းတွင် ပြောထားသည်။
ရုရှားရေယာဉ်စုက အမေရိကန်ရေငုပ်သင်္ဘောမှ အမှုထမ်းများကို ရေယာဉ်ပေါ်သို့ ချက်ချင်းတက်လာရန် အမိန့်ပေးခဲ့သော်လည်း အမေရိကန်ဘက်က ထိုအမိန့်ကို လျစ်လျူရှုခဲ့သည်ဟု ရုရှားစစ်ဘက်က ပြောသည်။
အမေရိကန်၏ ယင်းအပြုအမူမှာ ရုရှားနိုင်ငံ၏ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေသည့်အပြင် နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက စွပ်စွဲပြောဆိုကာ တာဝန်ရှိသူများက အမေရိကန် စစ်သံမှူးကို ဆင့်ခေါ်ခဲ့ကြောင်း သိရသည်။