မလေးရှား၌ ကလေးငယ် ၁၃ဝဝဝဝ ကျော် ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးဖြစ်

မလေးရှား၌ ကလေးငယ် ၁၃ဝဝဝဝ ကျော် ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးဖြစ်

မလေးရှားနိုင်ငံ၌   ကလေးငယ်များ အတွက် ကာကွယ်ဆေးထိုး အစီအစဉ်စတင်ပြီး ၉ ရက်မြောက်ဖြစ်သော ဖေဖော်ဝါရီ ၁၂ ရက်တွင် အသက် ၅ နှစ်မှ ၁၁ နှစ်ကြားရှိ ကလေးငယ် ၁၃ဝဝဝဝ ကျော်မှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီး ဖြစ်ကြောင်း သိရသည်။

ထိုပမာဏသည် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့်  ကလေးငယ် ၃ ဒသမ ၈ ရာခိုင်နှုန်း ကာကွယ်ဆေး ထိုးပြီးဖြစ်သည်ကို ညွှန်းဆိုနေသည်ဟု  မလေးရှား အစိုးရ၏ CovidNow ဝက်ဆိုက်တွင် ဖော်ပြထားသည်။

ဖေဖော်ဝါရီ ၇ ရက်တွင် နိုင်ငံအတွင်းရှိ အသက် ၅ နှစ်မှ ၁၁ နှစ်ကြားရှိ ကလေးငယ် ၃ ဒသမ ၆ သန်းရှိသည့်အနက် ကလေးငယ် ၆၆၃၆၄၁ ဦးသည် ကာကွယ်ဆေးထိုးရန် အမည်စာရင်း ပေးသည်။

ထိုကလေးငယ်များကို  သီတင်းပတ် ရှစ်ပတ်ခြားကာ ကာကွယ်ဆေး နှစ်ကြိမ် ထိုးပေးသွားမည်ဟု အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မလေးရှားနိုင်ငံ၌ ပြီးခဲ့သည့်ခြောက်လ အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် အသက် ၅ နှစ်မှ ၁၁ နှစ်ကြားရှိ ကလေးငယ် ၂၆ ဦးသေဆုံးပြီး ၁၄၇၂၈၂ ဦးမှာ ရောဂါပိုး ကူးစက်ခံရသည်။

ဆယ်ကျော်သက်အရွယ်ဖြစ်သည့် အသက် ၁၂ နှစ်မှ ၁၇ နှစ်ကြားရှိ လူငယ် ၉ဝ ရာခိုင် နှုန်းခန့်သည် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးနှစ်ကြိမ် ထိုးထားပြီးဖြစ်သည့်အပြင် လူကြီး ၉၇ ဒသမ ၅ ရာခိုင်နှုန်းသည်လည်း ကာကွယ်ဆေး အကြိမ်ပြည့်ထိုးပြီးကာ ၎င်း တို့အနက် ထက်ဝက်ကျော်မှာ ထပ်ဆောင်း ကာကွယ်ဆေးထိုးပြီး ဖြစ်ကြောင်း  သိရသည်။