မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် မှီတင်း နေထိုင်ကြကုန်သော ရဟန်းရှင်လူပြည်သူအပေါင်း၏ လိုအင်ဆန္ဒ အစစ်အမှန်သည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ပြီး ငြိမ်းချမ်းသာယာစွာ နေထိုင်လိုခြင်း ဖြစ်သည်။ လူတိုင်းသည် မိမိတို့ကိုးကွယ်ရာဘာသာတရား များနှင့်အညီ ခိုက်ရန်မဖြစ်၊ အငြင်းမပွားဘဲအေးအတူပူအမျှနေထိုင်ရင်း ဘဝခရီးကို ဖြတ်သန်းလိုကြသည်။ နိုင်ငံရေးအရ တည်ငြိမ်မှုရှိနေခြင်း၊ စီးပွားရေးအရ ကြွယ်ဝချမ်းသာနေခြင်း၊ လူမှုရေးအရ ကျန်းမာရေး ကောင်းမွန်၍ ပညာတတ်မြောက်အောင် သင်ယူနိုင်ခြင်းတို့သည် လူတိုင်း မျှော်လင့်နေသော အရာများ ဖြစ်သည်။
မြန်မာ့သမိုင်းတွင် လွတ်လပ်ရေး ရပြီးချိန်မှစ၍ နိုင်ငံရေးစနစ် အမျိုးမျိုးကို ကျင့်သုံးခဲ့ကြသည်။ လွတ်လပ်ပြီး စတွင် ပါလီမန် ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့သည်။ ထိုစနစ်အရ အချင်းချင်းအပြိုင်အဆိုင် အာဏာရရှိရေး ဆောင်ရွက်ကြရသည်။ ပြည်သူအချင်းချင်း စိတ်ဝမ်းကွဲကြရသည်။ နောက်ဆုံးပါတီတစ်ခုတည်းမှာပင် စိတ်ဝမ်းကွဲခဲ့ကြသည်။ သည်ကြားထဲမှာ ပြည်တွင်းရန်၊ ပြည်ပရန်တွေကများလှသည်။ တပ်မတော်က ရှိသမျှအင်အားနှင့် တိုက်ထုတ်ပေးရသည်။ ပါလီမန်ဒီမိုကရေစီကျင့်သုံးနေစဉ် စိတ်ဝမ်းကွဲပြားမှုတွေ များလွန်းသဖြင့် နောက်ဆုံးတွင် ကာကွယ်ရေးဦးစီးချုပ်အား အိမ်စောင့်အစိုးရအဖြစ် တိုင်းပြည်ကို ထိန်းသိမ်း ပေးပါရန် နိုင်ငံတော်အာဏာလွှဲအပ်ခဲ့ရသည်။
အိမ်စောင့်အစိုးရသည် လူအများမုန်းတီးသည်ကို ဂရုမစိုက်အား၊ တိုင်းပြည်ကောင်းမွန်ရေးကို ရှေးရှုလုပ်ဆောင်ပေးခဲ့သည်။ အိမ်စောင့်အစိုးရ၏ ဆောင်ရွက်ချက်ကို ယနေ့တိုင်ပြသနိုင်သော မြင်ကွင်းများရှိနေသေးသည်။ ထိုမြင်ကွင်းများကို လူငယ်လူရွယ်တို့ကြည့်မြင်သင့်သည်၊ သိမြင်သင့်သည်။ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ သာကေတ၊ သုဝဏ္ဏဆိုသော မြို့သစ်များသည် အိမ်စောင့်အစိုးရ လက်ထက်က တည်ဆောက်ပေးခဲ့သောမြို့များဖြစ်သည်။ သတ်မှတ်ကာလ ပြည့်သည့်အချိန်တွင် တရားမျှတသော ရွေးကောက်ပွဲကို ကျင်းပပေးခဲ့သည်။ ၁၉၆၀ ပြည့်နှစ်မှ ၁၉၆၂ ခုနှစ်အထိ ကာလသည်လည်း ပါလီမန်ဒီမိုကရေစီစနစ် ကျင့်သုံးခဲ့ခြင်း ဖြစ်သည်။
၁၉၆၂ ခုနှစ်တွင် တပ်မတော်က အာဏာသိမ်းလိုက်ရသည်။ သိမ်းရခြင်းအကြောင်းရင်းများကို ထိုအချိန်က မှန်မှန်ကန်ကန် ဘက်မလိုက်တမ်းရေးသားခဲ့သော စာအုပ်များတွင် ဖော်ပြထားသည်။ ထို့ပြင် ယနေ့တိုင်သက်ရှိထင်ရှား ရှိနေသေးသော ပုဂ္ဂိုလ်ကြီးများ ရှိနေပါသေးသည်။ သမိုင်းဖြစ်ရပ်မှန်မသိဘဲ တပ်မတော်မုန်းတီးရေး ဝါဒဖြန့်လှုံ့ဆော်နေသူတို့၏ စကားဝယ် လူငယ်လူရွယ်တို့ လမ်းမဆုံးစေချင်ပါ။ ၁၉၇၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ပေါ်ပေါက်ခဲ့သော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဆိုသည်မှာလည်း ပါတီအသီးသီးမှ ပုဂ္ဂိုလ်များကို နိုင်ငံ့ကောင်းကျိုးအတွက် စိတ်တူကိုယ်တူလုပ်ဆောင်ကြရန် တစ်ပါတီစနစ်တွင် စုဖွဲ့ပါဝင်စေခြင်း ဖြစ်သည်။ ၁၉၈၈ ခုနှစ်တွင် ပြည်သူတို့၏ တောင်းဆိုမှုအရ ဒီမိုကရေစီစနစ်သို့ ပြန်လည်ကူးပြောင်း ပေးရန်လိုက်လျောပေးခဲ့သည်။
ဆူပူအကြမ်းဖက်မှု ပြင်းထန်လာပြီး အစိုးရပိုင်ရုံး အဆောက်အအုံများ၊ တက္ကသိုလ်ကျောင်းများ၊ ရဲစခန်းများ ဖျက်ဆီးခံရသည်။ အပြစ်မဲ့ပြည်သူအချို့ကို အကြောင်းမဲ့သတ်ဖြတ်သည်။ အစိုးရယန္တရားတစ်ခုလုံး ရပ်ဆိုင်းသွားသည့်အတွက် တပ်မတော်က နိုင်ငံတော်တာဝန်ကို ယူလိုက်ရသည်။ အမှန်အားဖြင့် ထိုအချိန်က သမိုင်းဖြစ်ရပ်မှန်သည် တပ်မတော်က အာဏာသိမ်းလိုက်ရသည်မဟုတ်။ ပြိုလဲကျတော့မည့် အိမ်တစ်အိမ်ကို မလဲအောင် ကျားကန်ပေးလိုက်ရသည့်ပမာ ဖြစ်ပါသည်။ ထိုစဉ်ကာလက တပ်မတော်သားတို့သည် လွန်စွာပင်ပန်းကြသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို နေ့ညမနား လုပ်ဆောင်ရသည်။ မြို့ရွာရပ်ကွက် သန့်ရှင်းသာယာအောင် လုပ်ဆောင်ပေးကြရသည်။
ရန်ကုန်မြို့တွင်းကျူးကျော် နေထိုင်ကြသူများ၊ နေစရာအခက်အခဲ ရှိသူများအတွက် မြို့သစ်များ ဖော်ထုတ်ပေးကြရသည်။ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ အရှေ့ဒဂုံ၊ ရွှေပေါက်ကံ၊ ရွှေပြည်သာ၊ လှိုင်သာယာ စသည့် မြို့များသည် တပ်မတော်သားတို့စွမ်းဆောင်မှု၏ သမိုင်းမှတ်တိုင်များ ဖြစ်သည်။ ထို့အတူ မြစ်ကူး တံတားကြီးများ၊ ဆည်မြောင်းတာတမံများ၊ တက္ကသိုလ်များမှာ မရေတွက်နိုင်အောင် များပြားလှသည်။ နေပြည်တော် မြို့တော်ကြီးနှင့် ရုံးအဆောက်အအုံများမှာလည်း တည်ဆောက်မှုမြန်ဆန်လှ၍ ကမ္ဘာကပင် အံ့သြရသည်။ ပြည်သူများလိုလား တောင့်တသော ဒီမိုကရေစီစနစ်ကို လမ်းကြောင်းဖြောင့်ဖြူးစွာ ဖောက်လုပ်ပေးခဲ့သည်မှာ တပ်မတော်ပင်ဖြစ်သည်။ ဤသည်ကား မည်သူမျှမငြင်းနိုင်သော ဖြစ်စဉ်အမှန်ပင်တည်း။
သို့သော် ဤမျှမက လုပ်ဆောင်ပေးခဲ့သော တပ်မတော်ကို တချို့လူပုဂ္ဂိုလ် အဖွဲ့အစည်းများအနေဖြင့် အကောင်းမြင်နိုင်ခြင်း မရှိဘဲ တပ်မတော်ပြိုကွဲရေးကို လုပ်ဆောင်ခဲ့သည်။ အနှစ်ချုပ်ဆိုရသော် တပ်မတော်သည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကိုသာ ဦးတည်လုပ်ဆောင်နေသည်မှာ ထင်ရှားစွာ မြင်တွေ့နိုင်သော အထောက်အထားများစွာ ရှိနေသည်ကို မြင်အောင်ကြည့်ကာ သိအောင်ကြိုးစား၍ မိမိတို့နေထိုင်သော တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးတွင် ပါဝင်ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။ ။