ဘန်ကောက်၊ ပြည်တွင်းရေး
ကမ္ဘာ့ကပ်ရောဂါကြောင့် ထိုင်းနိုင်ငံ ကျေးလက်ဒေသများရှိ စီးပွားရေးကျဆင်းမှု၊ ဝင်ငွေ ကျဆင်းမှုတို့နှင့် ရင်ဆိုင်နေရသည့် တောင်သူများကို ကူညီရန် နိုင်ငံတစ်ဝန်းရှိ ကျောင်းသား များက ပြည်တွင်းဖြစ် ချည်ထည်များကိုသာ ချုပ်လုပ်ဝတ်ဆင်နေကြောင်း သိရသည်။
ထိုင်းနိုင်ငံ တောင်ပိုင်းရှိ အစိုးရတက္ကသိုလ်ဖြစ်သော နခွန်ဆီသမ်မာရတ်ရာဂျာဘတ် တက္ကသိုလ်က ကျောင်းသား၊ ကျောင်းသူများအတွက် လိုအပ်သည့် ကျောင်းဝတ်စုံများကို ပြည်တွင်းဖြစ် ချည်ထည်များကိုသာ အသုံးပြုချုပ်လုပ်ပြီးနောက် နိုင်ငံတစ်ဝန်း၌ အဆိုပါ လှုပ်ရှားမှုထွက်ပေါ်လာခြင်း ဖြစ်သည်။
ကပ်ရောဂါကာလအတွင်း မည်သည့်ပြည်ပ ခရီးသွားမျှမရှိသောကြောင့် ပြည်တွင်းစီးပွားရေး ကိုလှုံ့ဆော်ပေးနိုင်စေရေးအတွက် လူ့အဖွဲ့အစည်းများကို ကူညီပေးရန် လိုအပ်ကြောင်း၊ ယခု လုပ်ဆောင်မှုတွင် တက္ကသိုလ်အများအပြားက ပါဝင်လိုပြီး အချို့တက္ကသိုလ်များမှာ အစော ပိုင်းကတည်းက ယင်းလုပ်ဆောင်မှုကို ဆောင်ရွက်နေပြီဖြစ်ကြောင်း အမျိုးသား အထက် တန်း ပညာရေးသုတေသနဌာနမှ ဒေါက်တာ ကီတီပေါင်းပရွမ်ဝေါင်းက ပြောသည်။
ထို့ပြင် ထိုင်းနိုင်ငံအတွင်းရှိ တက္ကသိုလ်ပေါင်း ၁၈၀ ကျော်သည် ပြည်တွင်းစီးပွားရေးအတွက် အဓိက မောင်းနှင်အားဖြစ်နိုင်ကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ချည်ထည် ဝယ်ယူမှုကြောင့် တောင်သူများအတွက်ဝင်ငွေအဖြစ် ဘတ် ၁ ဒသမ ၈ ဘီလီယံ ဖန်တီးပေး နိုင်ကြောင်း အထက်တန်းပညာရေး သုတေသနဌာနက ထုတ်ပြန်ထားသည်။
အလားတူ ထိုင်းပြည်သူများအနေဖြင့် တောင်သူများကို ကူညီပေးနိုင်ရန် သီတင်းပတ်တစ် ပတ်လျှင် အနည်းဆုံးနှစ်ရက်နှုန်းဖြင့် ထိုင်းရိုးရာချည်ထည်များကို ဝတ်ဆင်ရန် ဝန်ကြီးချုပ် ပရာယုချန်အိုချာက ဇွန်လတွင် တိုက်တွန်းထားသည်။
ထိုင်းနိုင်ငံ၏ စီးပွားရေးသည် ယခုနှစ်တွင် စံချိန်တင်ကျဆင်းမည်ဖြစ်ပြီး ကပ်ရောဂါမတိုင်မီ အခြေအနေသို့ ပြန်ရောက်ရန်အချိန် နှစ်နှစ်ကြာမြင့်မည်ဖြစ်ကြောင်း ထိုင်းဗဟိုဘဏ်က ခန့်မှန်းထားသည်။
Ref: The Straits Times