လက်တွေ့အသုံးချဆေးနည်းတို (ဆေးမြီးတို)များ(၁၆၁)

မေး။   ။  ဆရာကြီးခင်ဗျာ။ ကျွန်တော် အသက်ငယ်စဉ်ကတည်းက မကြာခဏဝမ်းချုပ်ပြီး ဝမ်းသွားရခက်တဲ့ရောဂါ ဖြစ်ခဲ့ပါတယ်။ အသက် ၄၀ ခန့်မှာ ရုံးလုပ်ငန်းလုပ်သူဖြစ်သဖြင့် အထိုင်များရာမှ စအိုဝတစ်ဝိုက်မှာ အောင့်သက်သက်ဖြစ်လာပါတယ်။ ဝမ်းနုတ်ဆေးစားရင် အနည်းငယ်သက်သာပါတယ်။ ဆေးစားဆေး သောက်လုပ်ရင်း အသက် ၅၀ ရောက်လာတဲ့အထိ စအိုဝအောင့်တဲ့ရောဂါမပျောက်ပါ။  ဒီနောက်ပိုင်းမှာ  မရိုသေစကား စအိုဘေး  လက်တစ်လုံးခန့် အကွာမှာ အပူဖုလေးပေါက်လာပြီး လက်နဲ့ဖိကြည့်ရင် အောင့်ပြီးနာပါတယ်။ တစ်ခါတစ်ရံ အနာပြည်ကိုက် သလိုကိုက်လို့ မိမိဖာသာ ဆောင့်ကြောင့်ထိုင်ပြီး   မှန်တစ်ခုကို အောက်ကခံပြီး အဖုတည့်တည့်ကို မီးကင်ထားတဲ့ အပ်ကလေးနဲ့ထိုးဖောက်လိုက်ပါတယ်။ ထိုအခါ ပြည်လို၊ သားနံရည်လို အရည်ကြည်များ ထွက်ကျလာပါတယ်။ အဲ့ဒီလိုထွက်သွားပြီးတဲ့နောက် တစ်နေ့လုံး နေလို့ထိုင်လို့ ကောင်းပါတယ်။ သို့ပေမယ့် သုံး၊ လေးရက်ကြာတဲ့အခါ ထိုအဖုကလေးဟာ စအိုဘေးမှာ နဂိုအတိုင်း ပြန်ထွက်လာပြီး    ပြည်ကိုက်သလို  ကိုက်လို့ထပ်ဖောက်ရပြန်ပါတယ်။ အဲ့ဒီလို အဖုထွက်လိုက် အပ်နဲ့ဖောက်လိုက်နဲ့ကြာတော့ အနာရင်းသလိုဖြစ်ပြီး အမြဲတမ်း သားနံရည်ထွက်ပြီး အထိုင်များတဲ့အခါ ထိုင်တဲ့နေရာနောက်ပိုင်း  ပုဆိုးနဲ့တင်ပါးမှာပါ အရည်ကွက်ဖြစ်ဖြစ်နေလို့ ထသွားမယ် ဆိုရင် ပုဆိုးကို လှည့်လှည့်ဝတ်နေရပါတယ်။   နောက်ပိုင်း  လိပ်ခေါင်းကုတဲ့ ဆရာတစ်ဦးနဲ့ပြကြည့်တော့ လိပ်ခေါင်းမဟုတ်ဘူး ဂရင်ဂျီနာလို့ ပြောပါတယ်။ ခွဲစိတ်ကုသရမယ်။ ဒါမှမဟုတ် ဂရင်ဂျီနာ ကုတဲ့ အနာပေါက်ဆရာပြရမယ်လို့လည်း ပြောပါတယ်။  ကျွန်တော်သိလိုတာက

ဂရင်ဂျီနာဆိုတာ လိပ်ခေါင်းနဲ့မတူဘူးလား။ ဘယ်လို ဆေးဝါးတွေနဲ့ကုသရင် ပျောက်ကင်း နိုင်သလဲဆိုတာ သိလိုပါတယ်။ ရှင်းပြပေးပါဆရာ။

ဖြေ။   ။ ဂရင်ဂျီနာဆိုတာ  ဝမ်းသွားတဲ့ အူမကြီးအဆုံး စအိုနားမရောက်ခင်မှာ အပူကြောင့် ဝမ်းချုပ်တဲ့ ဝမ်းကမာကြောပြီး ရှမိလို့အနာကဲ့သို့ဖြစ်ပြီး  ပြည်တည်ရာမှ အူမကြီးဘေးအတိုင်း အနာလမ်းကြောင်း လေးဖြစ်ပြီး အတွင်းမှ မန်းရည်များ၊ သွေးနဲ့ပြည်များ စအိုအနီးလက်တစ်လုံးခန့် အကွာမှာ ပေါက်ထွက်လာတဲ့ အနာတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီနာကို အချို့က ဘရင်ဂျီနာလို့လည်း ခေါ်ကြပါတယ်။  လိပ်ခေါင်းနဲ့ မတူပါ။  လိပ်ခေါင်းက စအိုအတွင်းက ထွက်လာတဲ့ သွေးကြောထုံးတဲ့ ဝမ်းညှစ်တဲ့  ကြွက်သားများ ဖြစ်ပါတယ်။ ဂရင်ဂျီနာကုသရာမှာ ခွဲစိတ်ကုသရင်လည်း အနာစဖြစ်ရာ အတွင်းအဆုံးအထိ   ခွဲစိတ်ရပါတယ်။

တိုင်းရင်းဆေး     အနာပေါက်ဆရာများကလည်း  ဂရင်ဂျီနာကို အတွင်းထဲအထိ စိမ့်ဝင်အောင် ဆေးရည် သို့မဟုတ် ဆေးမှုန့်ထည့်ပြီး စိတ်ရှည်ရှည်နဲ့ကုသလို့ ဂရင်ဂျီနာ  ပျောက်ကင်းတာလည်း တွေ့ဖူးပါတယ်။

အမှန်တကယ် ကျွမ်းကျင်တဲ့အနာပေါက်ဆရာဖြစ်ဖို့တော့ လိုပါတယ်။

ဂရင်ဂျီနာအတွက် ဆေးနည်းတိုများမှာ

-        ကြက်မောက်ဆူးပြန်ကို အနာအတွင်းသို့ ဝင်အောင် သန့်ရှင်းသော ဝါးချောင်းဖြင့် ဝင်အောင်ထည့်ပါ။ အနာဝပိတ်မသွားစေရန် ဝါဂွမ်းတွင် နှမ်းဆီနှင့် ပျားရည်ဆွတ်ပြီး ဆို့ထားပေးပါ။

-        နလင်ကျော်အခေါက်ကိုသွေး နနွင်းနှင့်ရော၍  ဂရင်ဂျီနာဖြစ်သော  အနာဝတွင် လိမ်းပေးပါ။ အတွင်းမှပြည်နှင့်သွေးပုပ်များ ကျဆင်းလာပါလိမ့်မည်။

-        ညောင်ဗုဒ္ဓဟေအခေါက်ကို   ပြာချပျားရည်နှင့်    နှမ်းဆီတို့ဖြင့်ရော၍နယ် ဆေးတောင့်ပြုလုပ်ပြီး ဂရင်ဂျီနာ အပေါက်ထဲသို့ အတွင်းထိဝင်အောင် အရှည်လိုက် ထိုးထည့်ပေးပါ။  မန်းရည်ကျလာလျှင် တဖြည်းဖြည်း ဖယ်ပေးပါက အနာအသားနုတက်လာပြီး ဆေးတောင့်အပြင်သို့ ပြန်ထွက်လာမည်။

-        ပိစပ်ရွက်ကို မီးကင်အလိပ်ငယ်ပြုလုပ်ပြီး အနာပေါက်အတွင်းသို့ထည့်ပါ။ မန်းရည်များ ကျလာပြီး အနာကျက်စေနိုင်ပါသည်။

-        ဆားခါး၊  သိန္ဓောဆား၊  ဇဝက်သာ၊ ပျားရည်၊ မုန်ညင်းဆီတို့ကိုရောချက်ပြီး အနာကျက်ဆီ ပြုလုပ်၍ ဂရင်ဂျီနာအတွင်းသို့ ဝါဂွမ်းဖြင့် လိပ်၍ထည့်ပါ။

-        ဇာတိပ္ဖိုလ်သီးအဆန်ကို    သွေး၍ အနာဝတွင် လိမ်းပါ။

-        မုရိုးပင် (ငဖြူကြီးပင်) အရိုးအရွက်များကိုပြုတ်၍ ပေါင်းချွေးခံ(ထိုင်လျက်) ပေးပါက ဂရင်ဂျီနာမှ မန်းရည်များကျလာပြီး အနာကျက်စေသည်။

-        ဟင်းနုနယ်  ဆူးပေါက်တစ်ပင်လုံးကို နုတ်၍ မဖောက်ထုံးသင့်ရုံထည့်၍ ရေနွေးဖြင့် ပြုတ်ပါ။ အငွေ့ကိုခွ၍ ထိုင်ပြီးခံပေးလျှင် ( ကုလားထိုင်အပေါက်ဖောက်၍ထိုင်ပါ။)အနာကျက်မြန်သည်။

-        ကြိတ်မှန်ရွက်၊ ကြက်သွန်နီ၊ စမုန်မျိုးငါးပါး၊  မန်ကျည်းမှည့်၊  ထန်းလျက်ရော၍ ယိုထိုးစားပါ။ မန်းရည်ကျ၍ အနာကျက်မြန်စေသည်။

-        တောရှောက်ခါးသီးကို  ထန်းလျက်နှင့် သိန္ဓောဆား အနည်းငယ်ထည့်၍ ယိုထိုးစားပါ။

-        အထက်ပါနည်းများမှ မိမိနှင့်သင့်တော်ရာ နည်းတစ်နည်းနည်းကို အသုံးပြုကုသပါ။ ၁၄ ရက်ခန့် စိတ်ရှည်ရှည်ကုသပေးနိုင်လျှင် ဂရင်ဂျီနာပျောက်ကင်းစေနိုင်ပါသည်။

မေး။   ။ ဆရာကြီးခင်ဗျာ။  မြစ်ပွားနာဆိုတာ ဘယ်လိုရောဂါမျိုးပါလဲ။  တီဘီရောဂါလား၊ ကင်ဆာရောဂါလား သေသေချာချာမသိလို့ပါ။ ရှင်းပြပေးပါခင်ဗျာ။

ဖြေ။   ။ မြစ်ပွားနာဆိုတာ ဥတစ်ခုကနေ အမြစ်များထွက်လာပြီး ဘေးကိုပြန်ပွားပြီး အမြစ်များ လိုက်တွယ်တဲ့ ရောဂါလို့  ဆိုလိုပါတယ်။ တစ်ခါတစ်ရံငြိမ်နေပြီး တစ်ခါတစ်ရံ ရုတ်တရက် အမြစ်များပွားသွားတက်ပါတယ်။ သူ့ကိုသွားဖြတ်တောက်ရင်လည်း ကုန်စင်အောင်မဖြတ်တောက်ရင် ပိုပြီး ပွားသွားတတ်ပါတယ်။ ယခုခေတ် အကျိတ်ကနေ ပြန်ပွားသွားတဲ့ ကင်ဆာရောဂါနဲ့ အလားသဏ္ဌာန်တူပါတယ်။ ကုရခက်သောရောဂါ ကံနာ၊ ဝဋ်နာအမျိုးအစားတွင် ပါဝင်ပါတယ်။

မြစ်ပွားနာအတွက် တိုင်းရင်းဆေးနည်းများမှာ

-        တစ်ပင်တိုင်မြနန်းဥကိုသွေး၍ သောက်ပါ။ အနာလုံးပေါ်လျှင် သွေးလိမ်း၍လည်း ရသည်။ (တစ်ပင်တိုင်မြနန်းဥဖြူ၊ ဥနီ၊ ဥနက် ဟူ၍ရှိရာ ဥနီနှင့်ဥနက်က ပို၍ဆေးစွမ်းထက်သည်ဟု ဆိုသည်။)

-        ကမ်းဇော်ဆီ (တနသာၤရီတိုင်းဒေသကြီးဘက်မှလာသည်။) ကမ်းဇော်ပင်၏ အသီးမှ ကျိတ်၍ရသော အဆီကို ကမ်းဇော်ဆီဟု ခေါ်သည်။  ထိုအဆီကို  တစ်နေ့လျှင် ဟင်းစားဇွန်းတစ်ဇွန်းမှ နှစ်ဇွန်းအထိ သောက်ပါ။ အနာပေါ်တွင်လည်း လိမ်းပေးပါ။ သားအိမ်ကင်ဆာ၊ ရင်သားကင်ဆာ၊ အစာ

အိမ်ကင်ဆာ၊ အူမကြီးကင်ဆာတို့အတွက် အနောက်တိုင်းဆေးဖြင့် ဓာတ်ကင်ကုသရင်း ကမ်းဇော်ဆီကို တွဲဖက်သောက်သုံးသူများ ရှိသည်။

-        သင်္ဘောရွက်အစိမ်းကို အရည်ညှစ်ပြီး ဟင်းစားဇွန်း နှစ်ဇွန်းမှ  သုံးဇွန်း တစ်နေ့ နှစ်ကြိမ်သောက်သုံးလျှင် မြစ်ပွားနာရောဂါများ သက်သာစေနိုင်သည်။

မေး။   ။ ဆရာကြီးရှင့်။ ကျွန်မကလေး ၁ နှစ် ၁ လသားလေး နို့မစို့နိုင်ဘဲ လျှာပေါ်မှာ ဖြူဖြူအနှစ်တွေတက်ပြီး လျှာဘေးမှာလည်း အနီစက်ငယ်လေးများ တွေ့ရပါတယ်။  ဘာဖြစ်တာလဲရှင့်။  ကလေး နို့စို့နိုင်အောင် ဘယ်လိုပြုလုပ်ပေးရမယ် ဆိုတာ ညွှန်ပြပေးပါ။

ဖြေ။   ။ မှက္ခရုနာဖြစ်နေတာပါ။ မှက္ခရုဆိုတာ ကလေးငယ်များ လျှာပေါ်မှာ ဖြူဖြူအနှစ်များတက်ပြီး နို့မစို့နိုင်၊ အစာမစားနိုင်သော လျှာနာရောဂါတစ်မျိုး ဖြစ်ပါတယ်။ လျှာမှက္ခရုနာ    ပျောက်ကင်း ဖို့အတွက် လက်ချားကို ပရဆေးဆိုင်မှာ မေးဝယ်ပါ။

မီးဖောက်ပါ။ သံပြားပေါ်တွင် မီးအပူပေးပြီး လက်ချားကိုတင်သောအခါ ပေါက်ပေါက်ဖောက်သကဲ့သို့ ပွင့်ထွက်သဖြင့် လက်ချားမီးဖောက်ဟုခေါ်သည်။  ထိုလက်ချားမီးဖောက်ကို ပုလင်းဖြင့်ကျိတ်၍ အမှုန့်ပြုပြီး ကလေး၏  လျှာပေါ်တွင်ပွတ်ပေးပါက မှက္ခရုပျောက်သည်။

မေး။   ။ ဆရာကြီးခင်ဗျာ။ ကျွန်တော့်မှာ ရင်ကျပ်ရောဂါရှိပါတယ်။   ငယ်စဉ်ကတည်းကဖြစ်တာပါ။ ဆောင်း၊ နွေ၊ မိုး မရွေးပါဘူး။ သူဖြစ်ချင်တဲ့အချိန် ထဖြစ်ပါတယ်။ အထူးသဖြင့်တော့ အစားမှားတဲ့အခါ ပိုဖြစ်ပါတယ်။ ဥပမာ- ပန်းဂေါ်ဖီတို့ မုန်လာထုပ်ကြီးတို့ အုန်းနို့ခေါက်ဆွဲတို့ စားမိရင် ရင်ကျပ်လေ့ရှိပါတယ်။ အချို့က ရင်ကျပ်ရင် သလိပ်ထွက်ရင် သက်သာတယ်လို့ ပြောကြပါတယ်။ ကျွန်တော်ကတော့ ရင်ကျပ်ရင် သလိပ်မထွက်ပါ။ အသက်ရှူရင် ရွှီရွှီနဲ့မြည်ပြီး မောပါတယ်။ ရင်ကျပ်ရောဂါ  ပျောက်ကင်းသက်သာစေမယ့်ဆေးနည်းများ သိရှိလိုပါတယ်။

ဖြေ။   ။ ရင်ကျပ်ရောဂါမှာ သလိပ်ကြောင့် ဖြစ်သော ရင်ကျပ်ရောဂါနဲ့ လေပူကြောင့်ဖြစ်သော ရင်ကျပ်ရောဂါဟူ၍ နှစ်မျိုးရှိပါတယ်။ (သလိပ်ပန်း၊ လေပူပန်းလို့လည်းခေါ်ကြပါတယ်။) ရင်ကျပ်ရောဂါအတွက် ဆေးနည်းများကတော့-

-        ဇော်ဂျီတောင်ဝှေးပင် အရွက်၊ အရိုးပါ ပြုတ်သောက်ပါ။ ဒိုဘာလာသကြား(သကြားခဲ) ထည့်ပြုတ်သောက်လျှင် ပိုကောင်းပါတယ်။ မှန်ရောင်သကြားခဲဟုလည်း ခေါ်ပါတယ်။ ပရဆေးဆိုင်များတွင် မေးဝယ်ရပါတယ်။ တစ်နေ့ကို   မတ်ခွက်တစ်လုံးလောက် သောက်ဖို့လိုပါတယ်။  ရှေးက  စာရေးဆရာကြီးဓူဝံရဲ့ နှစ် ၄၀ ကျော်ကြာ ရင်ကျပ် ပန်းနာရောဂါဟာ ဇော်ဂျီတောင်ဝှေးရွက်ကို ဒိုဘာလာသကြားနဲ့ရောပြုတ်ပြီး တစ်နေ့လုံး ရေနွေးကြမ်းသောက်သလို သောက်ရာမှ ပျောက်ကင်းသွားတယ်လို့   ဖတ်ရှုရဖူးပါတယ်။

-        သလိပ်ကြောင့်ဖြစ်သော ရင်ကျပ်ရောဂါဖြစ်လျှင် ကွမ်းရွက်၊ ချင်း၊ သိန္ဓောဆား ရောပြုတ်သောက်ပါ။

-        ကလေးရော လူကြီးပါ ချွဲသလိပ်ထွက်စေသောဆေးနည်းမှာ ကွမ်းရွက်သုံးရွက်တွင် ဆားဟင်း စားဇွန်း တစ်ဇွန်းထည့်၍ထုပ်ပြီး  သံပြားပေါ်တင် မီးအပူပေးပြီး ပြာချပါ။ ထိုပြာကို သံပရာရည်ဖြင့် ဖျော်၍ လျက်ပေး၊ သောက်ပေးပါက ချွဲသလိပ်များ ပျော်ထွက်လာပြီး ရင်ကျပ်သက်သာစေသည်။

-        လေပူ၊ အမောရင်ကျပ်ရောဂါဖြစ်လျှင် ပင်စိမ်းရွက်ကို ထန်းလျက်နှင့် ရောကျိုသောက်ပါ။

-        ပတဲကောကြီးအမြစ်မှုန့်ကို ကွမ်းရွက်၊ ထန်းလျက်ပြုတ်ရည်ဖြင့် ရောသောက်ပါက အသက်ရှူမဝသော တရွှီရွှီမြည်သော ရင်ကျပ်ရောဂါကို သက်သာစေနိုင်သည်။

- ကလေးငယ်များချွဲကျပ်လျှင် ရင်ဘတ်တွင် ကွမ်းရွက်ကို မီးကင်ပြီး ကပ်ပေးပါ။ မုန်ညင်းဆီတွင် ကွမ်းရွက်နှင့် ချင်းတက် အနည်းငယ်ထည့်ပြီး မီးဖြင့်ဆူအောင်ချက် ရင်ဘတ်နှင့် နောက်ကျောတွင် လိမ်းပေးပါ။

ကြည်လွင်မြင့်(မုဒြာ)