နိုင်ငံပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်လာသော စစ်သင်္ဘောအားလုံးကို ရုရှားက ပစ်ခတ်ရန်အသင့်ရှိ
နိုင်ငံ၏ရေပိုင်နက်အတွင်းသို့ ကျူးကျော် ဝင်ရောက်လာသော ပြည်ပစစ်သင်္ဘောများ အားလုံးကို ပစ်ခတ်ရန် အသင့်ရှိကြောင်း ရုရှားစစ်ဘက် အရာရှိကြီးတစ်ဦးက ဖေဖော်ဝါရီ ၁၄ ရက်တွင် ပြောသည်ဟု Interfax သတင်းဌာနက ဖော်ပြသည်။
သို့သော် ထိုသို့သော ဆုံးဖြတ်ချက်များကို အမြင့်ဆုံးသော အဆင့်ကချမှတ်သွားမည် ဖြစ်ကြောင်း ဦးစီးအရာရှိ ပင်မစစ်ဆင်ရေးဌာနမှ ဒုတိယ ဌာနမှူး စတာနီစလက်ဂက်ဇီမာဂိုမီဒေါ့က ပြောသည်။
ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ရုရှားရေပိုင်နက်သို့ တရားမဝင် ဝင်ရောက်လာသော အမေရိကန်ရေငုပ်သင်္ဘော တစ်စင်းကို ရုရှားစစ်သင်္ဘောတစ်စင်းက နောက်ယောင်ခံလိုက် မောင်းထုတ်လိုက်ကြောင်း ရုရှားအစိုးရက ထုတ်ဖော်ပြောဆိုပြီး နောက်နှစ်ရက်အကြာတွင် ယခုကဲ့သို့ မှတ်ချက်ပြုပြောဆိုမှု ထွက်ပေါ်လာခြင်းဖြစ်သည်။
သို့သော် အဆိုပါ ရေငုပ်သင်္ဘောက ရုရှားရေပိုင်နက်အတွင်း စစ်ဆင်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည် ဟူသော ထုတ်ပြန်ချက်ကို အမေရိကန်က ငြင်းဆိုထားသည်။
ပင်လယ်နက်နှင့် ဘောတစ်ပင်လယ် အတွင်း အမေရိကန် ရေယာဉ်စုကို အပြည့်အဝ တုံ့ပြန်တိုက်ခိုက်နိုင်ကြောင်း စတာနီစလက်ဂက်ဇီမာဂိုမီဒေါ့က ပြောသည်။
ရုရှား စစ်ရေယာဉ်စုများသည် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း အတ္တလန္တိတ်သမုဒ္ဒရာ၊ ပစိဖိတ်သမုဒ္ဒရာနှင့် မြေထဲ ပင်လယ်အပါအဝင် နေရာများစွာ၌ စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ထားသည်။
ရုရှားအစိုးရသည် မည်သည့်အချိန်တွင်မဆို ယူကရိန်းကို တိုက်ခိုက်လာနိုင်ကြောင်း အမေရိကန်အစိုးရက သတိပေး ထုတ်ပြန်သည်ဟူသော စွပ်စွဲမှုများနှင့်အတူ နှစ်နိုင်ငံကြား တင်းမာမှုများ ပိုမိုမြင့်တက်လာခြင်း ဖြစ်သည်။
ရုရှားနိုင်ငံအနေဖြင့် ယင်းကဲ့သို့သော ရည်ရွယ်ချက် မရှိကြောင်းနှင့် အနောက်နိုင်ငံများမှ အစိုးရများသည် ဆောက်တည်ရာမရ ပြောဆိုနေခြင်းသာ ဖြစ်ကြောင်း ရုရှားအစိုးရက တုံ့ပြန်ထားသည်။