မြန်မာတို့၏ ဆယ့်နှစ်လရာသီတွင် တပို့တွဲလပြည့်နေ့ကို သြဝါဒပါတိမောက် အခါတော်နေ့အဖြစ် သိမှတ်ကြသည်။ ထိုနေ့အကြောင်းကို မှတ်တမ်းပြုရမည် ဆိုပါလျှင် ဗုဒ္ဓဘုရားရှင်ပွင့်တော်မူပြီးနောက် မဟာသက္ကရာဇ် ၁၀၃ ခုနှစ် တပို့တွဲလပြည့်နေ့တွင် မဇ္ဈိမဒေသ မဂဓတိုင်း ရာဇဂြိုဟ်မြို့ ဝေဠုဝန် ကျောင်းတော်ကြီး၌ ပထမဆုံးအကြိမ် သံဃာ့အစည်းအဝေးကြီးကျင်းပပါသည်။ အဆိုပါ အစည်းအဝေးကြီးသည် ဆီးနှင်းမြူတိမ် အသူရိန်မီးခိုး အညစ်အကြေး ငါးမျိုးကင်းစင်ကာ သန့်ရှင်း ကြည်လင်သည့် လပြည့်နေ့ဖြစ်ခြင်း၊ ကိလေသာအညစ်အကြေး ကင်းစင်သည့် ရဟန္တာကြီး ၁၂၅၀ ကို မဖိတ်မကြားဘဲ စုဝေးမိခြင်း၊ အားလုံးသောရဟန္တာများမှာ ဧဟိဘိက္ခုချည်းသာ ဖြစ်တော်မူခြင်း၊ အားလုံးသော ရဟန္တာကြီးများမှာ အဘိညာဉ်ခြောက်ပါး ရတော်မူကြသည့် ဆဠဘိညရဟန္တာ ကြီးများဖြစ်ခြင်း ဟူသော အင်္ဂါလေးပါးနှင့် ပြည့်စုံသော အစည်းအဝေးကြီး ဖြစ်ပါသည်။
မြတ်စွာဘုရားရှင်သည် အရှင်သာရိပုတ္တရာမထေရ်မြတ်ကို ပထမအဂ္ဂသာဝကအဖြစ် လည်းကောင်း၊ အရှင်မောဂ္ဂလန်မထေရ်မြတ်ကို ဒုတိယအဂ္ဂသာဝက အဖြစ်လည်း ကောင်းချီးမြှင့် အပ်နှင်းတော်မူကာ ဘုရားရှင်တိုင်းပြုမြဲဖြစ်သည့် တပည့်သားသံဃာတော်တို့အား သြဝါဒပေးတော်မူပါသည်။ ဘုရားရှင် အဆူဆူတို့၏ အဆုံးအမဖြစ်သော သြဝါဒပါတိမောက်သည် ပိဋကတ်သုံးပုံ၏ အနှစ်ချုပ်လည်း ဖြစ်ပါသည်။ သီလ၊ သမာဓိ၊ ပညာတို့ကို ဟောကြားထားပြီး လိုက်နာကျင့်သုံးသူများမှာ ကိုယ်နှုတ်နှလုံးသုံးပါးလုံး ယဉ်ကျေးလိမ္မာပြီး အိုခြင်း၊ နာခြင်း၊ သေခြင်းတို့ကင်းရာ မြတ်နိဗ္ဗာန်သို့ ရောက်ရှိနိုင်မည် ဖြစ်သည်။
မြတ်စွာဘုရားရှင်သည် သြဝါဒပါတိမောက်ကို ဂါထာသုံးဂါထာဖြင့်ဟောကြားတော်မူပါသည်။ ပထမဂါထာမှာ ခန္တီ ပရမံ တပေါ တိတိက္ခာ၊ နိဗ္ဗာနံ ပရမံ ဝဒန္တိ ဗုဒ္ဓါ။ န ဟိ ပဗ္ဗဇိတော ပရူပ ဃာတိ၊ န သမဏော ဟောတိ ပရံ ဝိဟေဌယန္တော။ သည်းခံမှုခန္တီတရားသည် မြတ်သောအကျင့်တည်း။ နိဗ္ဗာန်ကို အလွန်မြတ်၏ဟု ဘုရားရှင်တို့ ဟောတော်မူကုန်၏။ ရဟန်းဟူသည် သူတစ်ပါးကို မညှဉ်းဆဲ၊ သူတစ်ပါးကိုညှဉ်းဆဲသော် ရဟန်းမဟုတ်ဟူ၍ဖြစ်သည်။ ဒုတိယဂါထာမှာ သဗ္ဗပါပဿ အကရဏံ၊ ကုသလဿ ဥပသမ္မဒါ။ သစိတ္တ ပရိယောဒပနံ၊ ဧတံ ဗုဒ္ဓနသာသနံ။ မကောင်းမှုဟူသမျှကိုမပြုရာ။ ကုသိုလ်နှင့်ပြည့်စုံစေရာ၏။ မိမိစိတ်ကိုဖြူစင်စေရာ၏။ ဤသည်တို့ကား ဘုရားရှင်တို့၏ အဆုံးအမတော်တည်းဟူ၍ ဖြစ်သည်။ တတိယဂါထာမှာ အနုပဝါဒေါ အနုပဃာတော၊ ပါတိမောက္ခ စ သံဝရော။ မတ္တညုတာ စ ဘတ္တသ္မိံ၊ ပန္တဉ္စ သယနာသနံ။ အဓိစိတ္တေ စ အာယောဂေါ၊ ဧတံ ဗုဒ္ဓါနသာသနံ။ သူတစ်ပါးကို မကဲ့ရဲ့ မစွပ်စွဲ မညှဉ်းဆဲရာ။ ပါတိမောက် သံဝရသီလကို စောင့်ရှောက်ရာ၏။
စားဖွယ်၌အတိုင်းအရှည်ကို သိရာ၏။ ဆိတ်ငြိမ်သော ကျောင်းအိမ်ရာနေရာသို့ ကပ်ရောက်နေထိုင်၍ ထူးမြတ်သော စိတ်၌ လွန်စွာအားထုတ်ရာ၏။ ဤသည်ကား ဘုရားရှင်တို့၏ အဆုံးအမတော်ပေတည်း။
သံဃာတော် အရှင်မြတ်များသည် မြတ်ဘုရားဆီသို့ ဦးညွှတ်၍ နားစိုက်တော်မူကြပါသည်။ မြတ်ဘုရားကိုယ်တော်မှ ခြောက်သွယ်သောရောင်ခြည်တော်တို့သည် တောတောင်ရေမြေ၊ နေ၊ လနက္ခတ်တာရာ တို့ကို လွှမ်းမိုးကာရှိနေလေသည်။ ခြောက်မျိုးသောရောင်ခြည်တော်များသည် စကြဝဠာအနှံ့ ပြန့်ပွားပြေးသွားလေ ဘိသကဲ့သို့ မြတ်ဘုရားရှင်ဟောမြွက်သည့် သြဝါဒပါတိမောက်ဒေသနာကို အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော အသံတော်ဖြင့် အကနိဋ္ဌဗြဟ္မာပြည်သို့တိုင်အောင် လျှံ၍ညံ၍ ရှိလေသည်။
တပို့တွဲလအချိန်အခါသည် ဆောင်းလည်းမပီ နွေလည်းမမည်သောကာလဖြစ်သည်။ တဖွဲဖွဲ ကျဆင်းနေသော ငွေနှင်းမှုန်လေးများ ပြယ်စပြုလာကာ ကောင်းကင်တစ်ခွင်လုံး ဝင်းပကြည်လင်လျက် ရှိသည်။ တပို့တွဲလသည် ကောက်ဦးပေါ်ချိန်ဖြစ်၍ လဆန်းအချိန်မှ လပြည့်နေ့တိုင်အောင် နိုင်ငံအနှံ့အပြားတွင် ထမနဲထိုးပွဲများကို ကျင်းပလေ့ရှိကြသည်။ နှမ်းဆီနှင့် နှမ်းနိုင်နိုင်ထည့်ရသည်ကို အကြောင်းပြု၍ နှမ်းမနဲဟူ၍လည်း အမည်တွင် သေးသည်။ တချို့ဒေသတွင် ယာဂုဟု ခေါ်ကြသည်။ အများမတူသပ၊ သာဓုပွဲမဟာကို၊ ယာဂုထမနဲထိုးချိန်အခါကျမှ ပျော်စရာကောင်းလှကြောင်း ရှေးစာဆိုများက ဖွဲ့ဆိုကြသည်။
ယနေ့ခေတ်ကာလတွင် တပို့တွဲလဟု ဆိုလိုက်သည်နှင့် ထမနဲဟူသော ဝေါဟာရနှင့် ဆက်စပ် သိမြင်ကြသည်။ ထမနဲသည် တပို့တွဲလနှင့် လိုက်ဖက်သောစားဖွယ်ဖြစ်သည်။ တပို့တွဲလတွင် ထမနဲပွဲများကို ပျော်ပျော်ပါးပါး ကျင်းပသည့် အစဉ်အလာရှိပါသည်။ ဒယ်အိုးကြီးများတွင် ကောက်ညှင်း၊ မြေပဲ၊ ဆီ စသည်ဖြင့် ထမနဲအတွက် လိုအပ်သော ပစ္စည်းများကို အချိုးကျထည့်ကာ အားကောင်းမောင်းသန် ယောကျ်ားကြီးများက ခါးတောင်းကျိုက်ကျားကျားလျားလျားဖြင့် အားသွန်ခွန်စိုက် ယောက်မကြီးများဖြင့် မွှေကာ ထမနဲထိုးကြသည့် မြင်ကွင်းသည် ရိုးရာထမနဲပွဲ၏ မြင်ကွင်းသရုပ်ဖြစ်သည်။ ကျောင်းများ၊ ရုံးများ၊ အသင်းအဖွဲ့များတွင် ထမနဲထိုးပြိုင်ပွဲများကို တပျော်တပါးကျင်းပသည်။ အကဲဖြတ်ဒိုင်များဖြင့် အမှတ်ပေးကာ ဆုရွေးချယ်ချီးမြှင့်ပေးသည့်အတွက် အလွန်ပျော်စရာကောင်းလှသည်။
ထမနဲများကို ဘုရားအားကပ်လှူခြင်း၊ အများပရိသတ်အားဝေငှခြင်းတို့သည်ကား ကုသိုလ်ပွားများခြင်း ဖြစ်သည်။
မြန်မာတို့၏ စည်းလုံးညီညွတ်ခြင်းနှင့် ကုသိုလ်ယူသည့် ပျော်စရာပွဲဖြစ်ပါကြောင်း ရေးသားလိုက်ရ ပေသည်။ ။