
လူသားတစ်ဦးအနေနဲ့ အမိမြေဆိုတာ အလွန်အရေးကြီးပါတယ်။ ကိုယ်မွေးဖွားရာဒေသ၊ မိဘဘိုးဘွားများနဲ့ အတူ နွေးထွေးစွာနေထိုင်နိုင်တဲ့မြေ၊ တစ်ဦးချင်းစီကို ဘယ်သူဘယ်ဝါဖြစ်ကြောင်း အသိသက်သေပြနိုင်တဲ့ သူတွေရှိနေတဲ့မြေ၊ မိဘဘိုးဘွားတို့ရဲ့ အကောင်းအဆိုးသမိုင်းကြောင်းတွေ သက်ဝင်ခဲ့တဲ့နေရာ၊ နိုင်ငံသားတွေရဲ့အထွတ်အမြတ်ထားယုံကြည်ကိုးကွယ်ရာ ဗုဒ္ဓအမွေအနှစ်တွေကိန်းဝပ်တည်ရှိရာနေရာ၊ အထူးသဖြင့် နိုင်ငံသားတစ်ဦးစီအတွက် စိတ်ချလုံခြုံစွာ ခိုနားနိုင်တဲ့မြေ၊ ဒါဟာအမိမြေပါပဲ။ လူတစ်ဦးစီမှာ အမိမြေနဲ့ပတ်သက်ပြီး ဒါ့ထက်ကျယ်ပြန့်တဲ့အနက် အဓိပ္ပာယ်တွေလည်း ရှိနိုင်ပါသေးတယ်။ သေချာတာကတော့ အမိမြေလို့ ပြောလိုက်ရတာနဲ့ ရင်ထဲမှာ နွေးထွေးတဲ့ ခံစားချက်ကို ဖြစ်စေပါတယ်။
နိုင်ငံခြားကို အထင်ကြီးပြီး သွားချင်ကြတယ်။ အခြေချနေထိုင်ချင်ကြတယ်။ ဘယ်လောက်ကြာအောင်နေနေ ဧည့်သည်ဟာဧည့်သည်ပါပဲ။ ဘယ်တော့မှအိမ်ရှင်ဖြစ်မလာပါဘူး။ ဧည့်သည်ဆိုတာအိမ်ရှင်ကြည်ဖြူမှ၊ မျက်နှာသာပေးမှ အနေချောင်ပါတယ်။ ဘယ်နိုင်ငံက ဘယ်လိုသာယာတယ်လို့ ပြောကြလည်း မြန်မာလူမျိုးတွေအတွက် ကိုယ့်မြန်မာနိုင်ငံလောက် ဘယ်လိုမှ အပြည့်အဝ အဆင်မပြေနိုင်ပါဘူး။ ဒါ့ကြောင့် လူတိုင်းအမိမြေကို ချစ်ခင်တန်ဖိုးထားဖို့ လိုအပ်ပါတယ်။
သစ္စာစောင့်သိဖို့လိုအပ်ပါတယ်။
ဘာတွေကို သစ္စာစောင့်သိတန်ဖိုးထားရမယ်ဆိုတာ ခြေခြေမြစ်မြစ်သိဖို့ နိုင်ငံသားတိုင်းဟာ ကိုယ့်နိုင်ငံ သမိုင်းကြောင်းကို လေ့လာရပါမယ်။ ဒါမှသာအချုပ်အခြာအာဏာပိုင် နိုင်ငံတော်တစ်ခုအဖြစ် ရပ်တည်ဖို့ ခေတ်အဆက်ဆက်က နိုင်ငံ့ခေါင်းဆောင်တွေ ဘယ်လိုကြိုးစားခဲ့ရတယ် ဆိုတာ သိကြမယ်။ တန်ဖိုးပိုထားလာပါမယ်။
သူ့ကျွန်ဘဝမှာ ဘယ်လောက်ဖိနှိပ်ခံခဲ့ရတယ် ဆိုတာသိမှ လွတ်လပ်ရေးရဲ့ အရသာကိုသိမယ်။ လွတ်လပ်ရေးကို တန်ဖိုးထားထိန်းသိမ်းဖို့ တာဝန်ရှိတဲ့အကြောင်းလည်း သေသေချာချာ နားလည်လာပါလိမ့်မယ်။
လက်ရှိနိုင်ငံတော်ကို တာဝန်ယူနေတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကို ဆောင်ရွက်နေတယ်ဆိုတာ မြင်သာပါတယ်။ တပ်မတော်ကအာဏာထိန်းတယ်ဆိုပေမယ့် အလွန်ပျော့ပျောင်းညင်သာတဲ့ နည်းတွေနဲ့ ကိုင်တွယ်နေတယ်ဆိုတာ အားလုံးအသိအမြင်ပဲ ဖြစ်ပါတယ်။ နိုင်ငံအတွက်အလေးထားပြီး ဖြည်းဖြည်းမှန်မှန်နဲ့ အရွေ့တစ်ခုကို ရောက်အောင်သွားနေကြောင်းကိုလည်း နေ့စဉ်ဆောင်ရွက်ချက်တွေကို ကြည့်ရင်သိနိုင်ပါတယ်။ နိုင်ငံတော် အကြီးအကဲရဲ့ ညွှန်ကြားချက်တွေ၊ မိန့်ခွန်းတွေကို နားထောင်ကြည့်ရင် နိုင်ငံအတွက် ဘယ်လောက်စေတနာ ထားတယ်ဆိုတာ ကိုလည်း အလွယ်တကူသိနိုင်ပါတယ်။ နိုင်ငံတော်ကို သစ္စာရှိပြီး နိုင်ငံတော်ကို ချစ်တယ်ဆိုတာကို အပြောအဆို၊ အပြုအမူတွေမှာ တွေ့မြင်ရတဲ့အတွက် ပြည်သူတစ်ယောက်အနေနဲ့ ကျေနပ်နှစ်သက် မိပါတယ်။
နိုင်ငံသားတစ်ယောက်အဖြစ် ကိုယ့်ကိုအသိအမှတ်ပြုပေးခဲ့တဲ့ နိုင်ငံတော်ကိုချစ်ဖို့၊ နိုင်ငံတော်ကိုသစ္စာရှိဖို့ နိုင်ငံသားတိုင်းမှာတာဝန်ရှိပါတယ်။ မိဘဆွေမျိုးကို ချစ်တာ၊ မိသားစုကို ချစ်တာတွေထက် နိုင်ငံတော်ကိုချစ်တဲ့ချစ်ခြင်းက လူတွေအတွက်ပို အဓိပ္ပာယ်ရှိပြီး လေးနက်ပါတယ်။ နိုင်ငံတော်ကိုချစ်တဲ့သူဟာ နိုင်ငံသား တစ်ယောက် တာဝန်ကျေရပါမယ်။ လိုက်နာစောင့်ထိန်းစရာတွေကိုလည်း လိုက်နာစောင့်ထိန်းရပါမယ်။ အခြေခံဥပဒေမှာလည်း နိုင်ငံသားတစ်ယောက် စောင့်ထိန်းရမယ့် အရာတွေနဲ့ နိုင်ငံသားတစ်ယောက်ရဲ့ တာဝန်တွေကို တိတိကျကျ ပြဋ္ဌာန်းထားတာကို တွေ့ရပါတယ်။
ဒို့တာဝန်အရေးသုံးပါးလို့ ပြောကြတဲ့ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဆိုတာတွေကို စောင့်ထိန်းရန် တာဝန်ရှိသည်လို့ ပုဒ်မ ၃၈၃ မှာ အတိအလင်းပြဋ္ဌာန်းထားပါတယ်။ နိုင်ငံသားတိုင်းအလေးအနက် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒီသုံးချက်ကို လေ့လာသုံးသပ်ကြည့်ရင် တိုင်းရင်းသား ၁၃၅ မျိုးနဲ့ တည်ဆောက်ထားတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ အချက်များဖြစ်လို့ တတ်သိပညာရှင်တွေက အမြော်အမြင်ကြီးစွာ ထည့်သွင်းရေးဆွဲခဲ့တယ်လို့ မှတ်ယူပါတယ်။ နိုင်ငံတည်တံ့ခိုင်မြဲရေးကို ရှေးရှုတဲ့ အချက်တွေဖြစ်လို့ နိုင်ငံတော်ကို ချစ်ကြသူတွေအတွက် အဓိကကျတဲ့ အချက်များပဲ ဖြစ်ပါတယ်။
မတည်ငြိမ်အောင်ဆူပူသောင်းကျန်းတာ၊ အကြောက်တရားလွှမ်းမိုးလာအောင်လူသတ်တာ၊ ပစ္စည်းဖျက်ဆီး တာတွေက နိုင်ငံသားတစ်ယောက် စောင့်ထိန်းရမယ့် အရာတွေကို ချိုးဖျက်တာပါပဲ။ အလွန်ရိုင်းစိုင်းရက်စက်တဲ့ အပြုအမူပါပဲ။ ဒီမိုကရေစီဆိုတာနဲ့လုံးဝမသက်ဆိုင်တဲ့ လုပ်ရပ်တွေပါပဲ။
နိုင်ငံသားတစ်ယောက်ကို ကောင်းကောင်းဆိုးဆိုး လက်ခံတာက အမိနိုင်ငံပါပဲ။ ကိုယ့်မိဘကို ထိခိုက်နစ်နာအောင်၊ အကျိုးပျက်စီးအောင်၊ လိမ္မာတဲ့ ဘယ်သားသမီးကမှ လုပ်လေ့မရှိပါဘူး။ ကိုယ်တိုင်ကနိုင်ငံ အကျိုးဖြစ်ထွန်းအောင် မလုပ်ဆောင်ဖူးဘဲ ကိုယ့်နိုင်ငံမကောင်းကြောင်း၊ ကိုယ့်လူမျိုးမကောင်းကြောင်း ပြောတတ်တဲ့သူဆိုတာကတော့ နိုင်ငံကို သစ္စာမရှိတဲ့သူပါပဲ။ ကိုယ့်နိုင်ငံကို နိုင်ငံတကာက ဖိအားပေးအောင်၊ သိက္ခာကျအောင်လုပ်ကြတဲ့ သူတွေကို အလွန်စက်ဆုပ်ပါတယ်။ ကိုယ့်ကိုသိက္ခာရှိတဲ့ လူတစ်ယောက်အဖြစ် ကြီးပြင်းခွင့်ပေးခဲ့တဲ့ အမိမြေရဲ့ကျေးဇူးကို မထောက်ထားဘဲ ကိုယ်ကောင်းဖို့၊ ကိုယ်အခွင့်အရေးရဖို့ လုပ်ဆောင်နေတဲ့ အချောင်သမားတွေကိုလည်း အလွန်တရာမှ ရွံရှာမိပါတယ်။
ကိုယ်နေထိုင်ရာရပ်ရွာက အစိုးရကိုဆန့်ကျင်တယ်လို့ အသံကောင်းဟစ်ပြီး စာသင်ကျောင်းကို မီးရှို့ကြတဲ့ အကြမ်းဖက်သူတွေကိုလည်း ပြောချင်ပါတယ်။ ကိုယ့်ဒေသ၊ ကိုယ့်ကျောင်းကိုယ်ကောင်းအောင် ပြင်ဆင်ခဲ့ကြရတာပါ။ ပညာရေးအတွက် ဘတ်ဂျက်တွေတိုးပြီး ချပေးခဲ့တဲ့ သမ္မတကြီး ဦးသိန်းစိန် လက်ထက်ကျမှ ကျောင်းဆောင်သစ်တွေဆောက်နိုင်ခဲ့ပါတယ်။ တစ်လျှောက်လုံး ကိုယ်ထူကိုယ်ထ ကျောင်းဆောင်ဆောက်ပြီး ဆင်းဆင်းရဲရဲနဲ့ စာသင်ခဲ့ကြရတာပါ။ ကိုယ့်ဒေသကကျောင်းကို ကိုယ်မီးရှို့ လိုက်တော့ ဘယ်သူကအသစ်ပြန်ဆောက်ပေးမှာတဲ့လဲ။ ကျောင်းမရှိလို့ စာမသင်နိုင်ရင် ဘယ်သူနစ်နာမလဲ။ ဆရာ၊ ဆရာမတွေကို CDM မလုပ်လို့ သတ်ကြတယ်တဲ့။ ဒီဆရာ၊ ဆရာမတွေက ဘယ်သူ့ကလေးကို စာလာသင်ပေးတာလဲ။ ကျောင်းလည်းမရှိတော့ဘူး။ ဆရာ၊ ဆရာမလည်း မလာရဲတော့ဘူး။
ဘယ်သူနစ်နာပါသလဲ။ စဉ်းစားစေချင်ပါတယ်။
ငြိမ်းချမ်းတဲ့ဒေသတွေမှာ စာသင်ကျောင်းတွေ အဆင့်မြှင့်နေကြပြီ။ ဆရာ၊ ဆရာမတွေဆိုတာ နဂိုက ဝန်ထမ်းအိမ်ရာ သီးသန့်မရတဲ့သူတွေပါ။ အခုစာသင်ကျောင်းတွေနဲ့ တွဲလျက် ဆရာ၊ ဆရာမအိမ်ရာတွေဆောက်နေကြပြီ။ ကျောင်းအားကစားကွင်းတွေ အဆင့်မြှင့်နေကြပြီ။ အားကစားပစ္စည်းတွေ တပ်ဆင်ပေးနေကြပြီ။ သူပုန်ထသောင်းကျန်းပြီး ကျောင်းမီးရှို့၊ ဆရာ၊ ဆရာမကိုသတ်တဲ့ဒေသတွေ နောက်ကျကျန်နေခဲ့ပြီ။ ငြိမ်းချမ်းတဲ့နေရာက ကလေးတွေ ကျောင်းတွေတက်၊ စာမေးပွဲတွေဖြေ၊ အားရစရာ ဖြစ်နေတဲ့ အခြေအနေမှာ ခြိမ်းခြောက်ခံရလို့ ကျောင်းမတက်ရဲတဲ့ ကလေးတွေ၊ မိဘတွေကြောင့် ကျောင်းတက်ခွင့်မရတဲ့ ကလေးတွေ ဘယ်လောက်များနစ်နာရပြီလဲ။ နဂိုကတည်းက ကိုဗစ်-၁၉ ကြောင့် နစ်နာနေရတဲ့ အခြေအနေမှာ စိတ်သဘောထားမမှန်တဲ့မိဘတွေကြောင့် နစ်နာမှုတွေပိုနေခဲ့ရပြီလို့ တွေးမိကြစေချင်ပါတယ်။
ဒီနေ့ပြုတ်ကျတော့မလို၊ နောက်နေ့ပဲပြုတ်ကျတော့မလို အွန်လိုင်းပေါ်မှာ လှုံ့ဆော်နေကြပေမယ့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကတော့ တကယ့်ကို အကွက်ကျကျထောင့်စေ့စေ့ အရှိန်အဟုန်နဲ့ အလုပ်လုပ် နေတာကို နေ့စဉ်သတင်းတွေမှာ တွေ့နိုင်ပါတယ်။ နိုင်ငံတော် အကြီးအကဲရဲ့ စေတနာပါတဲ့ မိန့်ကြားချက် တွေကလည်း မှတ်သားလိုက်နာဖွယ်များပဲ ဖြစ်ပါတယ်။ နိုင်ငံကိုမချစ်ဘဲ အာဏာကိုသာချစ်တဲ့ အစိုးရကြီးနဲ့တော့ အကွာကြီးကွာခြားနေတာ တွေ့နိုင်ပါတယ်။ မတည်ငြိမ်တဲ့ ဒေသတွေအတွက် စိတ်မကောင်း ဖြစ်ရပေမယ့် နိုင်ငံအတွက်တော့ အားတက်မိတာအမှန်ပါပဲ။
လုပ်သင့်လုပ်ထိုက်တာကိုလုပ်နေပြီး ကတိပေးထားတဲ့ ဦးတည်ချက်အတိုင်း ရွေးကောက်ပွဲကိုလည်း ပြုလုပ် ပေးမှာဖြစ်ပါတယ်။ အကြမ်းဖက်အားပေးပြီး သူပုန်ထနေတဲ့မြို့ရွာတွေကို ချန်လှပ်ပြီး အေးချမ်းတဲ့နေရာပဲ ရွေးကောက်ပွဲကို ဆောင်ရွက်ပေးမယ်ဆိုရင်ရော ကိုယ့်ဒေသအတွက် မနစ်နာနိုင်ဘူးလား။ စဉ်းစားကြရမှာပါ။
အစိုးရကိုမကြိုက်လို့ ကိုယ့်ဒေသက အခြေခံအဆောက်အဦတွေကို ဖျက်ဆီးမယ်ဆိုရင် ပျက်စီးတာပဲအဖတ်တင်မှာပါပဲ။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။ ပိုကောင်းလာအောင် ဘယ်လိုလုပ်ရမလဲလို့ အခြေခံကျတဲ့အချက်ကို စဉ်းစားပြီး ပိုကောင်းလာအောင် ဆောင်ရွက်ကြစေချင်ပါတယ်။
တိုင်းပြည်ရဲ့အားဟာ ပြည်တွင်းမှာပဲရှိပါတယ်။
ဘယ်နိုင်ငံကိုမှ အားကိုးလို့မရပါဘူး။
၁၉၄၉-၁၉၅၀ ကျော်က ဗမာပြည်ကွန်မြူနစ်ပါတီ အားကြီးခဲ့တဲ့ဒေသတွေမှာ ဝါဒမှိုင်းမိပြီး လူသတ်တဲ့ဖြစ်စဉ်တွေ အများအပြားဖြစ်ခဲ့ကြပါတယ်။ ကွန်မြူနစ်ဝါဒကျဆုံး သွားပေမယ့်ဒေသတွင်းမှာ အဲ့ဒီမိသားစုကလူတွေက တို့မိသားစုဝင်တွေကိုသတ်ခဲ့တယ် ဆိုတဲ့ နာကြည်းချက်တွေနဲ့ ရပ်ရွာတွေ မအေးချမ်းခဲ့တာကိုလည်း သိကြတဲ့
သူတွေရှိပါတယ်။ အခုရော ဒလန်ဆိုစွပ်စွဲပြီး သတ်ခံရတဲ့သူတွေက တစ်ရွာတည်းနေတစ်ရေတည်းသောက် ရပ်ဆွေရပ်မျိုးတွေပဲ မဟုတ်ဘူးလား။ ကိုယ့်ဆွေမျိုးကို ကိုယ်ပြန်သတ်နေလို့ တော်လှန်ရေးကြီးအောင်မြင်မှာတဲ့လား။ ဗမာပြည်ကွန်မြူနစ်ပါတီကျဆုံးခဲ့ရတာ လူသတ်ဝါဒ ကြောင့်ပါ။ အခုလည်း အမြင်မတူရင်သတ်တဲ့ လူသတ်ဝါဒကို လက်ကိုင်ထားတဲ့ အကြမ်းဖက်တွေနဲ့ အကြမ်းဖက်ဝါဒဟာ မကြာခင်မှာ ကျဆုံးတော့မှာ ဖြစ်ပါတယ်။ ဘယ်ပြည်သူကမှ ကိုယ့်နယ်မြေမအေးချမ်းအောင် လုပ်နေတဲ့အကြမ်းဖက်သူပုန်ကို ရေရှည်လက်ခံမှာ မဟုတ်တော့ပါဘူး။
မနူးမနပ်လူငယ်တွေကို မြှောက်ပေးဖျက်ဆီးတဲ့ နိုင်ငံရေးသမားတွေကိုကြည့်ပါ။ ဘယ်သူက အနစ်နာခံ အသက်စွန့်တယ်လို့ ရှိပါသလဲ။ နေရာရရင်ဝင်ယူဖို့ အသင့်စောင့်ဆိုင်းကာ ပုန်းအောင်းခိုလှုံပြီး Social Media ကနေ မြှောက်ပေးနေတာ အားလုံးအတွေ့ပဲ မဟုတ်ပါလား။ အခွင့်အရေးသမားတွေအတွက် ကိုယ့်ဘဝ ထိခိုက်အောင် မလုပ်သင့်ပါဘူး။ နိုင်ငံကိုတကယ်ချစ်ရင် အကျိုးပြုလုပ်ငန်းပဲလုပ်ပါ။ မဖျက်ဆီးကြပါနဲ့။
နိုင်ငံပိုင်ပစ္စည်းတွေဖျက်ဆီးပြီး အချင်းချင်းပြန်သတ်နေတာကတော့ နိုင်ငံကိုချစ်တယ်လို့ ဘယ်လိုမှ ပြောလို့မရပါဘူး။
လူတိုင်းအတွက် မိဘအိမ်ဆိုတာအအေးချမ်းဆုံးပါပဲ။ အကြမ်းဖက်လုပ်ရပ်တွေလုပ်ပြီး ဒုက္ခတွေခံနေမယ့်အစား အပြစ်ဝန်ခံပါ။ အိမ်ကိုပြန်လာပါ။ ပူပန်သောကတွေရောက်နေရတဲ့ ကိုယ်တိုင်အတွက်ရော၊ မိဘတွေအတွက်ရော အမြန်ဆုံးစိတ်သက်သာရာရအောင် အလင်းထဲကို ဝင်ရောက်ခဲ့ပါတော့လို့ နှိုးဆော်လိုက်ပါရစေ။
ကိုယ့်အိမ်ကိုယ့်ရာကို ပြန်ရောက်ပြီး စိတ်ချလက်ချ အနားယူရတဲ့ အရသာဟာ ဘာနဲ့မှမတူပါဘူး။ အဖျက်သမားလူရမ်းကားဘဝကို အမြန်ဆုံးစွန့်လွှတ်လိုက်ကြပါတော့။
လူ့အသက်တစ်ချောင်းဆိုတာ ရခဲပါတယ်။ ရခဲတဲ့ဘဝမှာလူ့တာဝန်ကျေဖို့လိုပါတယ်။ တာဝန်ကျေတဲ့ လူတစ်ယောက်၊ နိုင်ငံသားကောင်းတစ်ယောက်ဖြစ်ဖို့ နိုင်ငံတော်ကိုချစ်ဖို့၊ နိုင်ငံတော်ကို သစ္စာရှိဖို့ လိုပါတယ်။
လူပုဂ္ဂိုလ်အပေါ် အထင်ကြီး ကိုးကွယ်နေမှုတွေကို ပြန်သုံးသပ်ပါ။ လူပုဂ္ဂိုလ်ဆိုတာ မတည်မြဲပါဘူး။ နိုင်ငံတော်ဆိုတာက အမြဲထာဝရ တည်ရှိနေမှာ ဖြစ်လို့ နိုင်ငံတော်ကိုချစ်ပါ။ ချစ်ရာရောက်အောင် နိုင်ငံတော်ကို သစ္စာရှိပါ။
ဒါမှသာ လူပီသတဲ့လူတစ်ယောက်ဖြစ်နိုင်ပါမယ်လို့ ပြောလိုက်ပါရစေ။ ။
ခင်ခင်မျိုးချစ်(နေပြည်တော်)