ထမနဲနှင့်ကျန်းမာရေး

ထမနဲဟု ဆိုသည်နှင့်တစ်ပြိုင်နက် တပို့တွဲလ ထမနဲပွဲဟူသောစကားရပ်ကို မြန်မာပြည်သူပြည်သားများ နားရည်ဝနေကြပြီးဖြစ်သည်။ တစ်နည်းဆိုသော် ထမနဲပွဲသည် တပို့တွဲလ၏ ပုံရိပ်သင်္ကေတလည်း ဖြစ်ပါသည်။ တပို့တွဲလသည် မြန်မာပြက္ခဒိန်တွင် ဧကာဒသမမြောက်(တစ်ဆယ့်တစ်လမြောက်)ဖြစ်ပြီး  အင်္ဂလိပ်ပြက္ခဒိန်၏ ဇန်နဝါရီလ၊ ဖေဖော်ဝါရီလအတွင်း ကျရောက်သည်။ တပို့တွဲလ ရာသီပန်းမှာ ပေါက်ပန်းဖြစ်ပြီး  တပို့တွဲလ ရာသီပွဲတော်မှာ လူသိများထင်ရှားသည့် ထမနဲပွဲဖြစ်သည်။

တပို့တွဲလထမနဲပွဲကို ရှေးပဝေသဏီ ကတည်းကစ၍ ကျင်းပလာခဲ့သည်။ သို့သော် ထိုခေတ်က ထမနဲကို ယာဂုဟုသုံးနှုန်း ခေါ်ဝေါ်ခဲ့ကြသည်။ ကုန်းဘောင်ဆက် မဟာရာဇဝင်ကြီး၏  မှတ်တမ်းအရ မင်းတုန်းမင်းကြီး လက်ထက်တော်အခါက ယာဂုအလှူပွဲအကြောင်းနှင့်ပတ်သက်၍ ရွှေမြို့တော်လေးပြင်လေးရပ် တရုတ်၊ ကုလားမျိုးခြားမှစ၍ တိုင်းသူပြည်သား အားလုံးတို့သည် လူတစ်ကိုယ်ဆန်တစ်စလယ်ကျစုဆောင်း၍    ယာဂုကျိုရာ ယင်းယာဂု၌ ကောက်ညှင်းဆန်၊ ဆီ၊ ဆား၊ နှမ်း၊ ချင်းစိမ်း၊ မြေပဲ၊ အုန်းသီး၊ သစ်ကြားသီး စသည်တို့ကိုထည့်၍ကျိုသည် ဟုဆိုထားသည်။ ယာဂုကျိုခြင်းကို ယခုခေတ်မှာ ထမနဲထိုးတယ်ဟုဆိုကြသည်။

ထို့ပြင် ကုန်းဘောင်ခေတ်နှောင်း သီပေါမင်းလက်ထက်မှာလည်း တပို့တွဲလတွင် ဗုဒ္ဓမြတ်စွာဘုရားကို နံ့သာများ

မီးရှို့၍ပူဇော်ကျင်းပသောမီးပုံပွဲ(မီးဖုန်းပွဲ)နှင့်အတူ ယာဂုပွဲကိုပါကျင်းပခဲ့ကြကြောင်း ကုန်းဘောင်ခေတ် မဟာရာဇဝင်တော်ကြီးမှာ  ရေးသားမှတ်တမ်းတင်ထားကြောင်း  လေ့လာသိရသည်။ ရှေးခေတ်အခါ သမယကျင်းပခဲ့ကြသော   မီးပုံပွဲများတွင် ယာဂုအိုး ၁၀၀၀ လှူဒါန်းလေ့ ရှိကြသဖြင့် သဒ္ဓါတရားထက်သန်ပုံမှာ နှောင်းလူတို့အတွက် အံ့သြလေးစားဖွယ် ဖြစ်သည်။

နှာရည်ယိုရွှဲတပို့တွဲ

တပို့တွဲလသည် အချမ်းပိုသောလဖြစ်၍ နှာရည်ယိုရွှဲတပို့တွဲဟုလည်းကောင်း၊ အင်မတန်ထူသော ကျွဲအရေပြားပင်လျှင် တပို့တွဲလရောက်လျှင် ကျွဲများဆတ်ဆတ်တုန်အောင် ချမ်းကြသည်ဟုလည်းကောင်း ဆိုကြသည်။

ဝိနည်းတော်အရ မြတ်စွာဘုရားသည် ရဟန်းတို့ကို မီးမလှုံရန် တားမြစ်ပိတ်ပင်သည်။ တားမြစ်ရသည့် အကြောင်းမှာ မီးနှင့်မျက်စိမသင့်ခြင်း၊ မီးလှုံခြင်းကြောင့် အဆင်းပျက်ခြင်း၊ ခွန်အားဆုတ်ယုတ်ခြင်း၊ မီးလှုံရင်း အပေါင်းအဖော်တို့နှင့် မွေ့လျော်နေခြင်း၊ ယင်းတို့နှင့်ဆက်စပ်၍ အကျိုးမရှိသောစကားများကို ပြောဆိုမိတတ်ခြင်း စသည်တို့ကြောင့် မီးမလှုံရန်တားမြစ်ထားခြင်း ဖြစ်ပါသည်။ သို့သော် တပို့တွဲလကုန် တပေါင်းလကူးကြား ရှစ်ရက်သည် အလွန်တရာအေးမြသောကြောင့် ထိုရက်များအတွင်း ရဟန်းတို့ကို မီးလှုံရန် ခွင့်ပြုတော်မူခဲ့သည်။

ဤသည်ကိုအစွဲပြု၍ တပို့တွဲလ၌ မီးပုံသဘင်ကို ဆင်ယင်ကျင်းပလာကြသည်။ မီးပုံဟူသောအသုံးအနှုန်းမှာ အရပ်စကားဖြစ်ပြီး စာပေအမှတ်အသားအရမှာမူ မီးဖုန်းသဘင်  ဟုရေးသားရသည်။ အလှူရှင် ဒကာ၊ ဒကာမတို့သည် မီးဖုန်းပွဲကို ကျင်းပရန် အလို့ငှာ တောသို့တက်၍ နံ့သာစသော ထင်းများကို လူစုလူဝေးနှင့် ခုတ်ကြသည်။ ထို့နောက် ထိုထင်းများကို စုပုံရှို့၍ ဘုရားကျောင်းကန်၊ တန်ဆောင်း တို့၌ အပူဓာတ်ကို လှူဒါန်းပူဇော်ကြကြောင်း၊  အချို့ကလည်း မီးမယ်ဖျူးခေါ် မီးလင်းဖို၌  အမွှေးနံ့သာထင်းများကို ထည့်၍  မီးဖိုကာပူဇော်ကြကြောင်း သိရသည်။

ထမနဲစားသုံးသင့်သော လတပို့တွဲထမနဲ  သို့မဟုတ် ထမင်းနှဲဆိုသော စကားသည် ကောက်ညှင်းဆန်ကို ပျော့အိ

သွားသည်ထိနှဲခြင်းဖြစ်သည်။ တချို့ကလည်း နှမ်းကိုထူးကဲပြီး ထည့်သောကြောင့် နှမ်းမနဲဟုခေါ်သည်။ ထမနဲတွင်ကောက်ညှင်းဆန်၊ ဆီ၊ ဆား၊ နှမ်းစေ့၊ ချင်း(ဂျင်း)စိမ်း၊ မြေပဲလှော်၊ အုန်းသီးဆန်၊ သစ်ကြားသီးတို့ ပါဝင်သည်။ ခေတ်ကာလရွေ့လျားသည့်အလျောက် သစ်ကြားသီးထည့်သော ဓလေ့လည်း မရှိသလောက်ရှားသည်။

ထမနဲထိုးခြင်းနှင့်စပ်လျဉ်း၍ လိုအပ်သော ပစ္စည်းအချိန်အဆများကို ရှေးအခါက အောက်ပါအတိုင်း တေးထပ်စပ်ဆိုခဲ့ကြကြောင်း လေ့လာမှတ်သားရသည်။

စားတော်ရ ဆန်ပေါက်ဝါ

လေးပြည်သာထည့်မြဲ။

ချိန်ပိဿာ လျှံကြည်ရွှဲအောင်လို့

နှမ်းဆီလည်းထည့်ပြန်။

မြေပဲဆန် အဋ္ဌသုညငယ်နှင့်

ဒွတ္တိံသ တိလဗီဇံ။

အုန်းသီးစိတ် ကျပ်ဝီသံငယ်

လော န တံ ချိန်သတ်နှင့်

ချင်းနုဖတ် သိင်္ဂီမျှင်ရွှေ

သုံးကျပ်မသွေ။

ဟူ၍ဖြစ်သည်။ အဓိပ္ပာယ်မှာ ကောက်ညှင်းဆန်လေးပြည်၊ နှမ်းဆီတစ်ပိဿာ၊ မြေပဲဆန် ၈၀ ကျပ်သား၊ နှမ်းစေ့ ၃၂ ကျပ်သား၊ အုန်းသီးစိတ် ၂၀ ကျပ်သား၊ ဆား ၇ ကျပ်သား၊ ချင်းစိမ်း ၃ ကျပ်သားတို့ကို ဒယ်အိုးတွင်နှံ့အောင် မွှေ၍ ယာဂုနှင့်ထမနဲအတူတူပဲဟုဆိုသည်။

အထက်တွင်ဆိုထားသည့်အတိုင်း တပို့တွဲလသည် မြန်မာနိုင်ငံ၏ အအေးဆုံးလဖြစ်ကာ လူတို့အဆီ ခန်းခြောက်ကြပြီး ကိုယ်သားကိုယ်ရေအေးခြင်း၊ ခြေဖျားလက်ဖျားအေးစက်ခြင်း၊ အသားပပ်၍ ကိုယ်ရေပြား ယားယံခြင်း တို့ကို ဖြစ်ပေါ်ခံစားကြရသည်။ ထိုအခါ ဆီနိုင်သည့် အပူစာထမနဲကို စားသုံးပါက ကိုယ်ငွေ့ကောင်းပြီး အသားအရေစိုပြည်လာကာ အပူဓာတ်ရနိုင်သည်။

အကယ်၍ ကောက်ညှင်းသီးသန့်ကို များများစားမိပါက ဝမ်းချုပ်ကာ လေပူထခြင်းကို ဖြစ်စေတတ်သော်လည်း  ထမနဲစားခြင်းက ၎င်းတွင်ထည့်သုံးထားသည့် အခြားသော ပစ္စည်းအမယ်များက ခန္ဓာကိုယ်အတွက် လိုအပ်လျက်ရှိသော အပူဓာတ်ကို    အားဖြည့်ပေးသည့်အတွက် ထမနဲသည်  အအေးပိုသောကာလမှာ မဖြစ်မနေ စားသုံးသင့်သော   ဓာတ်စာတစ်မျိုးဖြစ်သည်။

ထို့ပြင် ထမနဲစားခြင်းကဝမ်းရောဂါကို ကြိုတင်ကာကွယ်ရာရောက်ကြောင်းနှင့် ပထဝီပျက်သူများအနေဖြင့်  ထမနဲကို အစာလည်းဆေး၊  ဆေးလည်းအစာအဖြစ်စားသုံးသင့်ကြောင်း  ရှေးလူကြီးများကဆိုသည်။

ထမနဲကျန်းမာရေးနှင့် ပတ်သက်၍ နောက်ထပ်မှတ်သားဖွယ်တစ်ခု ရှိသည်။ မြတ်စွာဘုရားရှင်သည် လေနာနှိပ်စက်ခြင်း ခံရချိန်၌ အရှင်အာနန္ဒာကို ယာဂုဆွမ်းခံစေရာ မာတုဂါမတစ်ဦး လှူဒါန်းလိုက်သော ချင်းစိမ်း၊ ငရုတ်၊ ကြက်သွန်၊ နှမ်းတို့ဖြင့် စီရင်ထားသည့် ယာဂုဆွမ်းကိုဘုဉ်းပေးသုံးဆောင်ပြီးနောက် လေနာရောဂါ ငြိမ်းသွားသည်ဟု ဆိုထားသည်။  အဆိုပါ ယာဂုတွင် ပါဝင်သော ပစ္စည်းအမျိုးအမည် များသည် ထမနဲကဲ့သို့ပင် တူသည်။

ထို့ပြင် တပို့တွဲလထမနဲပွဲနှင့် ပတ်သက်၍  မင်းတုန်းမင်းကြီးလက်ထက်တော် အခါက နာမည်ကျော် ဆေးသမားတော်ကြီးများကလည်း ယခုလိုဆိုထားသည်။ ဥတုသုံးလီရှိသည့်အနက် အထူးသဖြင့် ကောက်စိုက် တောင်သူများသည် အသက်မွေးဝမ်းကျောင်း သဘောသဘာဝအရ တစ်မိုးတွင်းလုံးနှင့် တစ်ဆောင်းတွင်းလုံးမှာ အအေးဒဏ်ခံစားရလေ့ရှိကြောင်း၊ တပို့တွဲလပြည့်နေ့ နီးလာသောအခါ၊ ဆောင်းကုန်လုနွေဦးရောက်ခါနီးအချိန်  စပ်ကူးမပ်ကူးကာလဖြစ်ရာ ဓာတ်ကြီးလေးပါး ဖောက်ပြန်တတ်ကြောင်း၊ ထို့ကြောင့် ဓာတ်ကြီးလေးပါး ညီညွတ်မျှတစေရန်အတွက် ဆေးဝါးဓာတ်စာအဖြစ် ကောက်သစ်ပေါ်ချိန်မှာ ထမနဲကိုစားပေးသင့်ကြောင်း အကြံပြုထားသည်။

အချုပ်အားဖြင့်ဆိုသော် နှင်းမှုန်ဝေသီသောကာလမှာ  အရိုးပေါ်အရွက်မဖုံး ထမနဲပွဲကျင်းပလေ့ရှိသော ချစ်စရာ့မြန်မာ့ဓလေ့သည် ပျော်စရာလည်းကောင်းလှသည်။  ကောက်ညှင်းဆန်စေးစေးကို မိုးပြဲဒယ်ကြီးများတွင် ထည့်ကာ ယောင်းမကြီးများဖြင့် ဘတစ်ပြန်ကျားတစ်ပြန် အားစိုက်နှဲကြရာ ရလဒ်အနေဖြင့် အိစက်ဆိမ့်မွှေးသော ထမနဲ(နှမ်းမနဲ)ပူပူလေးက စုပေါင်းညီညာအောင်ကြောင်းဖြာသော သရုပ်ကို ဖော်ဆောင်သည်။  ထို့ပြင်  ထမနဲသည် အဘိုးအို၊ အဘွားအိုများအတွက် တမြုံ့မြုံ့စားကောင်းသော ဓာတ်စာလည်း ဖြစ်ပေရာ တပို့တွဲလ ထမနဲစားဖွယ်ကို မဖြစ်မနေ စားပေးကြစေလိုပါကြောင်း   သတင်းကောင်းပါးလိုက်ရပါသည်။  ။