အစာလား အဆိပ်လား

အစာအဆိပ်သင့်ခြင်းဆိုတာ အစာအဆိပ်သင့် ဖြစ်ပွားစေတတ်တဲ့ အစားအသောက်တွေကို စားသောက်မိတာကြောင့် ဖြစ်ပွားရတာပါ။ အစာအဆိပ်သင့်မှုဟာ ရောဂါပိုးတွေကြောင့် ဖြစ်ပွားရတာများပြီး အခြားအဆိပ်အတောက်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေ၊ မစားသုံးသင့်တဲ့ မှို၊ အပင်တွေနဲ့ ငါး၊ ခရုတွေမှာပါလာတဲ့ အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတ်ပစ္စည်း တွေကြောင့်လည်း ဖြစ်ပွားတတ်ပါတယ်။

ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ အသက်အရွယ်ကြီးရင့်သူတွေနဲ့ ကိုယ်ခံအား ကျဆင်းနေသူတွေမှာ အစာအဆိပ်သင့်ရင် ဆိုးဆိုးရွားရွား ခံစားရနိုင်ပါတယ်။ ကိုယ်ခံအား ကျဆင်းနေသူတွေဆိုတာ နာတာရှည်ရောဂါတစ်ခုခု ခံစားနေရသူတွေ၊ ကိုယ်ခန္ဓာခုခံအားကို ချိုးနှိမ်ထားရသူတွေဖြစ်ပါတယ်။ ဥပမာ- ကျောက်ကပ်အစားထိုး၊ အသည်းအစားထိုး ကုသထားတဲ့လူနာတွေ၊ ကင်ဆာဆေး သောက်နေရသူတွေ၊ ခုခံအား ကစဉ့်ကလျားရောဂါ တစ်ခုခုခံစားနေရသူတွေပေါ့။

CDC Atlanta ရဲ့ အစီရင်ခံစာအရ နှစ်စဉ်အမေရိကန်နိုင်ငံမှာ အစာအဆိပ်သင့်မှု ကပ်အသွင် အစုလိုက်ဖြစ်ပွားခြင်းဟာ အကြိမ်ပေါင်း တစ်သောင်းလောက်ဖြစ်ပွားလေ့ရှိသည်။ ဖြစ်ပွားသူ လူပေါင်း ၄၈ သန်းမှာ တစ်သိန်းကျော် ဆေးရုံတက်ရောက် ကုသမှုခံယူရပြီး သုံးထောင်ခန့် သေဆုံးနေရပါတယ်။

အစာအဆိပ်သင့်မှုတွေကိုကြည့်လိုက်ရင် ရေမှတစ်ဆင့်၊ လူအချင်းချင်း၊ တိရစ္ဆာန်မှ လူထံကူး စက်ပျံ့နှံ့တတ်ကြောင်း တွေ့ရပါတယ်။ တစ်ခါတစ်ရံ အစုလိုက်ဖြစ်ပွားမှု တစ်ခုတည်းမှာပဲ   ကူးစက်ပုံက နည်းလမ်းမျိုးစုံ စုပေါင်းဖြစ်ပွားတာကို တွေ့ရပါတယ်။

ဥပမာ- ရေမသန့်ရှင်းမှုကြောင့် အစာအဆိပ်သင့်တယ်ပေါ့။ နောက်တော့ ရေကြောင့်တင် မကဘဲ လူ့မစင်ကနေ ထပ်ဆင့်ကူးစက်လာတဲ့အတွက် လူအချင်းချင်းကူးစက်ခြင်းပါ ရော ပြွမ်း လာပါတယ်။ 

လူနာကိုပြုစုပေးတဲ့သူက လက်ကိုဆပ်ပြာနဲ့ ရေပေါပေါသုံးပြီး မကြာခဏမဆေးတဲ့အတွက် လက်ကနေတစ်ဆင့် ကူးစက်နိုင်ပါတယ်။ ဒီနေရာမှာ အစုလိုက်ဖြစ်ပွားမှုဆိုတာက ရောဂါ ဖြစ်ပွားစေတဲ့ ရင်းမြစ် Source တစ်ခုတည်းကနေ အနည်းဆုံး လူနှစ်ယောက် သို့မဟုတ် နှစ်ယောက်နဲ့အထက် တူညီတဲ့ရောဂါလက္ခဏာတွေ ခံစားဖြစ်ပေါ်ခြင်းကို ခေါ်ဆိုတာပါ။

အစာအဆိပ်သင့်ခြင်းဖြစ်စေနိုင်သည့်  အကြောင်းအရင်းများ

အစာအဆိပ်သင့်ခြင်းမှာ ရောဂါပိုးကြောင့် အစာအဆိပ်သင့်ခြင်းရှိသလို ဓာတုပစ္စည်းတွေ ကြောင့် ဖြစ်ရတာလည်းရှိနိုင်ပါတယ်။ ရောဂါပိုးကြောင့် အစာအဆိပ်သင့်ခြင်းမှာ အသားစိမ်း၊ ငါးစိမ်းများစားမိခြင်း၊ မကျက်တကျက် ချက်ပြုတ်ထားတဲ့ အသားနှင့် ပင်လယ်စာများ စား သုံးမိခြင်း၊ ရက်လွန်အစားအစာများကို စားသုံးမိခြင်း၊ မသန့်ရှင်းသော နို့နှင့် နို့ထွက်ပစ္စည်း များ စားသုံးမိခြင်း၊ သိုးနေသော ထမင်းနှင့်ဟင်းများ စားသုံးမိခြင်း၊ အမှည့်လွန်နေသော သစ်သီးများ စားသုံးမိခြင်း၊ ဗက်တီးရီးယားပိုးပေါက်၍ ဖောင်းနေသော စည်သွတ်ဘူးများ အား စားသုံးမိခြင်း၊ မစားသုံးသင့်သည့် မှို၊ အသီးအရွက် စသည်တို့ကိုလည်းကောင်း၊ ငါး၊ ခရု စသည့် ပင်လယ်စာများကိုလည်းကောင်း စားသုံးမိခြင်း၊ မသန့်ရှင်းသော အိုးခွက်ပန်းကန် များဖြင့် သို့မဟုတ် မသန့် ရှင်းသောလက်ဖြင့် အစားအစာချက်ပြုတ်ပြင်ဆင် စားသုံးမိခြင်း တို့ကြောင့် ဖြစ်ရပါတယ်။ ဓာတုပစ္စည်းများကြောင့် အစာအဆိပ်သင့်ခြင်းကတော့ ဓာတု ပစ္စည်းတွေဖြစ်တဲ့ အင်ဂျင်ဝိုင်၊ ဒီဇယ်၊  မက်သနော စတာတွေကိုထည့်ထားတဲ့ ပုလင်း၊ ပုံး၊ ခွက်တွေနဲ့ အစားအသောက်တွေ၊ ရေတွေ ထည့်စားသောက်မိခြင်း၊ သန့်စင်မှုအားနည်းပြီး  မက်သနောပါဝင်မှုများတဲ့ အရက်တွေကို သောက်မိခြင်းတို့ကြောင့် ဖြစ်ရပါတယ်။

အစာအဆိပ်သင့်လက္ခဏာများ

အစာအဆိပ်သင့်ရပြီဆိုလျှင် မူးဝေခြင်း၊ အော့အန်ခြင်း၊ ဗိုက်နာခြင်း၊ အရည်ဝမ်းသွားခြင်း၊  ဖျားခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ ယားယံခြင်း၊ မျက်စိပြာဝေခြင်း၊ သွေးပေါင်ချိန်ကျ ခြင်း၊ တက်ခြင်း၊ ချွေးထွက် များခြင်း၊ သတိလစ်ခြင်း စတာတွေဖြစ်ပွားနိုင်ပြီး ရောဂါပြင်း ထန်ရင် အသက်ဆုံးရှုံးတဲ့အထိ ဖြစ်ပွားနိုင်ပါတယ်။ ဖြစ်စေတဲ့ ရောဂါပိုးမွှားတွေပေါ် မူတည် ပြီး ရောဂါပျိုးချိန်၊ ဖြစ်ပွားစေတဲ့ အစားအစာနဲ့ ရောဂါလက္ခဏာတွေလည်း ကွာခြားတာကို တွေ့ရပါတယ်။

Staphylococcus Aureus ရောဂါပိုးတွေက အသားစိမ်း၊ ငါးစိမ်းတွေ၊ ချိစ်၊ ကျိုချက်မထားတဲ့ နို့ စတာတွေမှာ ပါရှိနေတတ်ပြီး ရောဂါပျိုးချိန်က ၂- ၄ နာရီပဲ ကြာပါတယ်။ ဆိုလိုတာက ရောဂါပိုးမွှားပါတဲ့ အစားအသောက်ကိုစားမိပြီးရင် ၂ နာရီလောက်ကြာတာနဲ့ ရောဂါလက္ခ ဏာတွေ ပြတော့တာပါပဲ။

ဖြစ်လေ့ရှိတဲ့ရောဂါ လက္ခဏာတွေကတော့ မူးဝေခြင်း၊ အော့အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊  ကြွက်သားများ နာကျင်ကိုက်ခဲခြင်း၊ ဝမ်းသွားခြင်းတို့ဖြစ်ပါတယ်။ ရောဂါလက္ခဏာတွေက တစ်ခါတစ်ရံ ၁ ရက်မှ ၃ ရက်အထိ ကြာရှည်နိုင်ပါတယ်။

အသားစိမ်း၊ ငါးစိမ်းတွေစားမိရင် Clostridium Perfringens ဆိုတဲ့ ရောဂါပိုးတွေ ပါလာနိုင် ပါတယ်။ ရောဂါပျိုးချိန်က ၁၂ နာရီလောက်ကြာပါတယ်။ ဝမ်းသွားခြင်း၊ ဗိုက်အောင့်ခြင်း စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

ကျွန်တော်တို့နဲ့ သိပ်မစိမ်းတဲ့ Salmonella ရောဂါပိုးကတော့ ကြက်သားအစိမ်း၊ အသားစိမ်း၊ မကျက်တကျက် ချက်ပြုတ်ထားတဲ့ ဥတွေကနေ ပါလာနိုင်ပါတယ်။ စားပြီး ၁၂- ၃၆ နာရီ အတွင်း ဗိုက်အောင့်ခြင်း၊ မူးဝေခြင်း၊ ဝမ်းသွားခြင်း၊ ဖျားခြင်း၊ အော့အန်ခြင်း၊ ခေါင်းကိုက်ခြင်း ဖြစ်ပါတယ်။

ပျားရည်၊ တာရှည်ခံအောင်ပြုလုပ်ထားတဲ့ အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ အာလူး၊ စည်သွတ်ဘူး၊ အသားဘူး၊ ငါးသေတ္တာ၊ ချိစ် စတာတွေမှာ Clostridium botulinum ဆိုတဲ့ ရောဂါပိုးပါလာနိုင်ပါတယ်။ ဒီလိုရောဂါပိုးတွေပါတဲ့ အစားအသောက်ကို စားသောက်မိရင် ၁၂- ၃၆ နာရီအတွင်း မျက်စိဝေဝါးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ မူးဝေခြင်း၊ အော့အန်ခြင်း၊  အားယုတ်ခြင်း၊ မောပန်းခြင်း စတဲ့ ဝေဒနာလက္ခဏာတွေ တွေ့ကြုံခံစားရနိုင်ပါတယ်။

Vibrio Parahaemolyticus ဆိုတဲ့ကောင်တွေကတော့ အသားစိမ်း၊ ငါးစိမ်းတွေထဲ ကနေ ပါလာနိုင်ပါတယ်။ စားပြီး အစွမ်းပြချိန်က ၁၂ နာရီအတွင်းပဲဖြစ်ပါတယ်။ ဝမ်းသွား ခြင်း၊ ဗိုက်အောင့်ခြင်း၊ မူးဝေခြင်း၊ အော့အန်ခြင်း စတဲ့လက္ခဏာတွေဖြစ်ပေါ်လာနိုင်ပါတယ်။

ကုသရေးအစီအစဉ်များ

ဖြစ်နိုင်တဲ့ရောဂါပိုးမွှားပေါ်မူတည်ပြီး သင့်လျော်တဲ့ ကုသမှုအမျိုးအစားကို ရွေးချယ်ရပါမယ်။ မပြင်းထန်တဲ့ အခြေအနေဆိုရင်တော့ ဓာတ်ဆားရည် သောက်သုံးရန် လိုအပ်ပါတယ်။ ပဋိ ဇီဝပိုးသတ်ဆေးတောင် မလိုအပ်ပါဘူး။ ပြင်းထန်တယ်၊ ကိုယ်တွင်း အရည်ဓာတ်ခန်း ခြောက်မှုလည်း ရှိတယ်ဆိုရင်တော့ ဆေးရုံတက်ပြီး အကြောတွင်းဆေးရည်တွေ ထည့်သွင်း ကုသပေးဖို့လိုအပ်တယ်။ ပဋိဇီဝပိုးသတ်ဆေးသောက်ရမယ်ဆိုရင် နားလည်တတ်ကျွမ်းတဲ့ ကျန်းမာရေး ဝန်ထမ်းနဲ့ပြသပြီးမှ ဆေးပတ်လည်အောင်သောက်သုံးဖို့ လိုအပ်တယ်။ ဇင့်ဆေး ပြား၊ ဆေးရည်ကိုတော့ အသက် ခြောက်လအောက် ကလေးတွေဆိုရင်တစ်ခြမ်း၊ ၁၀ မီလီ ဂရမ်၊ ခြောက်လအထက် ကလေးတွေနဲ့ လူကြီးတွေအတွက် တစ်လုံး၊ ၂၀ မီလီဂရမ်နဲ့ ၁၀ ရက် သောက်သုံးပေးသင့်ပါတယ်။

ကာကွယ်ရေးအစီအစဉ်များ

အစားအစာကိုင်တွယ်ချက်ပြုတ် ပြင်ဆင်ပေးရသူတွေအနေနဲ့ အစားအစာနဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေး စည်းကမ်းတွေကို တိတိကျကျ လိုက်နာသင့်ပါတယ်။ ထို့ပြင် မီးဖိုချောင် သို့မဟုတ် စားဖိုဆောင် သန့်ရှင်းမှုရှိဖို့၊ သင့်လျော်တဲ့ အခန်းအပူချိန်ရှိဖို့ လိုအပ်ပါတယ်။ အစားအစာများ မကိုင်တွယ်မီ၊ ကိုင်တွယ်ပြီးနဲ့အိမ်သာတက်ပြီးတိုင်း လက်တွေကို ဆပ်ပြာနဲ့ စင်ကြယ်စွာ ဆေးကြောရန်၊ လက်သည်း ခြေသည်းတွေကို ပုံမှန်သန့်ရှင်းရေးပြုလုပ်ရန်၊ အဝတ်အထည်နှင့် Apron (ရှေ့ဖုံးခါးစည်း) များကို သန့်ရှင်းရန်၊ အရေပြား၊ နှာခေါင်း၊ မျက်စိ၊ လက်အစရှိသည်တို့မှာ အနာရှိသူများဟာ အစားအစာတွေကို ကိုင်တွယ် ချက်ပြုတ်ပြင်ဆင် ရာမှာ မပါဝင်သင့်ပါဘူး။ အစားအစာတွေကို စတင်ချက်ပြုတ် ပြင်ဆင်ချိန်ကနေ တည်ခင်း ဧည့်ခံစားသုံးချိန်အထိ လက်နဲ့အကြိမ်ကြိမ် ကိုင်တွယ်ခြင်းမျိုး မပြုလုပ်သင့်ပါဘူး။

ချက်ပြုတ်ပြင်ဆင်ပြီးတဲ့ အစားအသောက်တွေဟာ သာမန်အခန်းအပူချိန် (၁၉- ၂၂ .C) မှာ လေးနာရီ ထက် ပိုမထားသင့်ပါဘူး။ မြန်မြန် ပုပ်သိုးပျက်စီးနိုင်တဲ့ အစားအစာတွေဆိုရင် အချိန် ၂ နာရီထက် ပိုမသိမ်းသင့်ပါဘူး။ တကယ်လို့ ၂ နာရီအတွင်း ထိန်းသိမ်းထားမယ် ဆိုရင်လည်း ၆၀ ဒီဂရီ စင်တီဂရိတ်အထက် သို့မဟုတ် ၅ ဒီဂရီ စင်တီဂရိတ်အောက်တွင်သာ အနက်တိမ်တဲ့ခွက်၊ ပန်းကန်တစ်ခုခုနဲ့ ထည့်ပြီး ဖုံးအုပ်ထားဖို့လိုပါတယ်။

စားသုံးသူတွေအနေနဲ့လည်း သန့်ရှင်းလတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ အသား ငါးတွေကိုသာ ရွေးချယ်ဝယ်ယူ၊ ချက်ပြုတ်စားသုံးဖို့ လိုအပ်ပါတယ်။ ရက်လွန်အစားအစာ၊ ပုပ်သိုးနေတဲ့ အစားအစာ၊ အမှည့်လွန် သစ်သီးဝလံတွေနဲ့ သံချေးတက် ပုံပျက်နေတဲ့ စည်သွတ်ဘူးတွေကို ရှောင်ကြဉ်သင့်ပါတယ်။ အိမ်သာအသုံးပြုပြီးရင် သို့မဟုတ် အစားအစာ ကိုင်တွယ်ချက်ပြုတ်ပြင်ဆင်ခြင်းမပြုမီ လက်တွေကိုဆပ်ပြာနဲ့ သေချာဆေးကြောဖို့ လိုပါ တယ်။ အသီးအရွက်၊ အသားငါးတွေကို ကျက်အောင်ချက်ပြုတ် စားသောက်ပါ။ အစားအစာ ချက်ပြုတ်ပြီး မကြာမီ ပူပူနွေးနွေးစားရင် အကောင်းဆုံးပါပဲ။ လတ်တလော မစားသေးဘူး ဆိုရင် ရေခဲသေတ္တာထဲ အပူချိန် ၅ ဒီဂရီ စင်တီဂရိတ်အောက်မှာ သိမ်းဆည်းထားဖို့လိုပါမယ်။ ပြန်လည်စားသုံးတော့မယ်ဆိုရင် အပူချိန် ၆၀ ဒီဂရီ စင်တီဂရိတ်အထက် ဆူပွက်အောင်ပြန် နွှေးပြီးမှ စားသုံးသင့်ပါတယ်။

ချက်ပြုတ်ပြီးတဲ့ အစားအစာတွေနဲ့ မချက်ပြုတ်ရသေးတဲ့ အစားအစာတွေကို လှီးဖြတ်ရာမှာ လည်း သုံးတဲ့ဓားတို့၊ စဉ်းတီတုံးတို့ကို သက်သက်စီ ခွဲခြားအသုံးပြုသင့်ပါတယ်။ ချက်ပြုတ်ပြီး အစားအစာနဲ့ မချက်ပြုတ်ရသေးတဲ့ အစားအစာတွေကို  ရောနှောသိုလှောင် သိမ်းဆည်းတာ မျိုးမပြုသင့်ပါ။ ဝမ်းပျက်ဝမ်းလျှော လူနာတွေအနေနဲ့ အစားအစာတွေကို ကိုင်တွယ် ပြင်ဆင် ချက်ပြုတ်ပေးခြင်းမျိုး မလုပ်သင့်ပါဘူး။  

စားကြွင်းစားကျန်တွေ ထည့်ထားတဲ့ အမှိုက်ပုံးကို သေချာဖုံးအုပ်ထားဖို့နဲ့ မပြည့်လျှံခင် စွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ကြွက်နဲ့ ယင်တွေကတော့ စားသုံးသူတွေရဲ့ ရန်သူတွေပါပဲ။ ဒါကြောင့် မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်စွာ ထားသင့်ပါတယ်။ မက်သနောပါဝင်မှုများတဲ့ အရက်သေစာတွေကို မသောက်သုံးသင့်ပါဘူး။ အမျိုးအမည်မသိတဲ့၊ မစားဖူးတဲ့ မှို၊ သစ်သီး သစ်ဖုနဲ့ ပင်လယ်စာတွေကို စမ်းသပ်စားသုံးခြင်း မပြုသင့်ပါဘူး။ ဒါဆိုရင် စားသမျှ  အားဖြစ် ပါမယ်။ အစာက အဆိပ် မဟုတ်နိုင်တော့ပါဘူး။   ။

ဇော်သစ်ကြည်