
လည်ပင်းကြီးရောဂါဟာတောင်ပေါ်ဒေသ၊ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ တွေ့ရတာများပါတယ်။ လူနာအများစုမှာ လည်ပင်းမကြီးဘဲ၊ စိုးရိမ်လွန်ပြီးလာပြတတ်ကြပါတယ်။ လည်ပင်းကြီးတာ ဘယ်လိုသိနိုင်သလဲဆိုရင် မြင်ရတဲ့ အကျိတ်လက်မအရွယ် ထက်ကြီးလာတယ်ဆိုရင် လည်ပင်းကြီးတယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့က သတ်မှတ်ထားပါတယ်။
လည်ပင်းကြီးရောဂါဆိုတာ လည်ပင်းမှာရှိတဲ့ ဟော်မုန်းတွေထုတ်တဲ့ သိုင်းရွိုက်ဂလင်းကြီးလာတာ ဖြစ်တယ်။ သိုင်းရွိုက်ဂလင်းဆိုတာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ သိုင်းရွိုက်ဟော်မုန်းထုတ်ပေးတယ်။ သိုင်းရွိုက်ဟော်မုန်း ကခန္ဓာကိုယ်မှာ ကြွက်သားတွေအတွက်၊ ဦးနှောက်အတွက်လည်း လိုအပ်တယ်။ အဆိုပါ ဟော်မုန်းဓာတ်ကို စားလိုက်တဲ့ အစာထဲမှာပါတဲ့ အိုင်အိုဒင်းဓာတ်နဲ့ ဖွဲ့စည်းတယ်။ သိုင်းရွိုက်ဂလင်းကအိုင်အိုဒင်းကို သိုင်းရွိုက်ဟော်မုန်းအဖြစ် ပြောင်းလဲထုတ်ပေးတယ်။
လည်ပင်းကြီးရတာ စားတဲ့အစားအစာထဲမှာ အိုင်အိုဒင်းဓာတ်နည်းတာကြောင့် ဖြစ်တယ်။ အိုင်အိုဒင်း ဓာတ်ချို့တဲ့လို့ လည်ပင်းကြီးတာ အတွက်စီမံချက် ချမှတ်ပြီး လုပ်ဆောင်နေတယ်။ အခုနောက်ပိုင်း အိုင်အိုဒင်းချို့တဲ့တာ မဟုတ်တဲ့ လည်ပင်းကြီးရောဂါ ရှိနေတယ်။
အိုင်အိုဒင်းချို့တဲ့တာ မဟုတ်တဲ့ လည်ပင်းကြီးတာကို လူလတ်ပိုင်းတွေမှာ တွေ့ရတာများပါတယ်။ အိုင်အိုဒင်း ဖြည့်စွက်စာတွေသုံးတာကြောင့် အိုင်အိုဒင်းချို့တဲ့တာ သိပ်မတွေ့ရပါဘူး။ မြစ်ဝကျွန်းပေါ်ဒေသနဲ့ တောင်တန်း ဒေသတွေမှာ နေထိုင်ကြတဲ့သူတွေမှာ အိုင်အိုဒင်းချို့တဲ့ လို့လည်ပင်းကြီးတာအတွေ့ရများပါတယ်။
လည်ပင်းကြီးတာ အမျိုးသမီးတွေ ငါးနှစ်ကစပြီး တွေ့ရတတ်ပါတယ်။ မွေးရာပါလည်ပင်းကြီးတာလည်း တွေ့ရတတ်ပါတယ်။ အသက် ၇၀-၈၀ နှစ်အရွယ်ထိရှိတတ်ပါတယ်။ အဖြစ်အများဆုံး အရွယ်ကအသက် ၁၈ နှစ် အောက်နဲ့ ၃၆ နှစ်အထက်ပိုင်း အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ ကြားအသက်တွေမှာတော့ ရိုးရိုးလည်ပင်းကြီးတာများပါတယ်။ အမျိုးသားတွေမှာ လည်ပင်းကြီးတာဆိုရင် ကင်ဆာဖြစ်နိုင်ခြေပိုများ ပါတယ်။
လည်ပင်းကြီးတာက အချို့ယောင်ယောင်လေးပဲကြီးပြီး အကျိတ်အနေနဲ့ ကြီးတာတွေ့ရပါတယ်။ ရိုးရိုးအကျိတ်ကြောင့် လည်ပင်းကြီးတာဖြစ်နိုင်သလို၊ ကင်ဆာအကျိတ်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။
လည်ပင်းကင်ဆာက အမျိုးသမီးတွေမှာ သားအိမ်ကင်ဆာ၊ ရင်သားကင်ဆာတွေလောက်အဖြစ် မများပေမယ့် အခြားရောဂါတွေထက် အဖြစ်များပါတယ်။ နိုင်ငံတကာမှာအမျိုးသမီး ၁၀ ယောက်မှာ တစ်ယောက်လည်ပင်းကြီး ရောဂါ ဖြစ်နိုင်ပါတယ်။
မြန်မာနိုင်ငံမှာလည်း အဲဒီနှုန်းလောက်ရှိပါတယ်။ လည်ပင်းမကြီးအောင် ကာကွယ်မှုအနေနဲ့ အိုင်အိုဒင်းဆားကို စားသင့်ပါတယ်။ လည်ပင်းကင်ဆာ မဖြစ်အောင် ကာကွယ်ဖို့ ဓာတ်ရောင်ခြည်မထိအောင် နေသင့်ပါတယ်။ မြန်မာနိုင်ငံမှာ နေသူတွေ မစိုးရိမ်ရပါဘူး။ အိုင်အိုဒင်းဖြည့်စွက်ဆားကတော့ ဟင်းချက်တိုင်း စားသုံးပေးသင့်ပါတယ်။
လည်ပင်းကြီးလို့ အဆိပ်ဖြစ်ခြင်း ရှိတတ်ပါတယ်။လည်ပင်းကြီးတယ်။ ဟော်မုန်းထုတ်တာ မပြောင်းလဲဘူး။ အချို့ကတော့ လည်ပင်းကြီးတယ်။ ဟော်မုန်းဓာတ်ထွက်တာ များလာတာဆိုရင် လူကရင်တုန်လာတယ်။
မောလာတယ်။ ပိန်လာတယ်။ စိတ်တိုလွယ်လာတယ်။
ဝမ်းပျက်ဝမ်းလျှောခြင်းဖြစ်လာတယ်။ သိသာတဲ့ အချက်ကမျက်လုံးပြူးလာတယ်။ လည်ပင်းမကြီးပေမယ့်လည်း ဟော်မုန်းဓာတ်များနေရင် ဖြစ်တတ်ပါတယ်။ ဟော်မုန်းဓာတ်များတာနဲ့ တွဲလာတတ်တဲ့ လူနာတွေမှာတော့ ဟော်မုန်းဓာတ်တွေ ပုံမှန်ပြန်ဖြစ်အောင် ထိန်းပေးသင့်တယ်။ ဟော်မုန်းဓာတ်တွေ ပုံမှန်ဖြစ်သွားအောင် ထိန်းပေးရပါတယ်။ ကြီးနေတဲ့အကျိတ်ကို ခွဲစိတ်ဖယ်ရှားပေးရပါတယ်။ တကယ်လို့လူနာက မခွဲစိတ်ချင်ဘူးဆိုရင် ဆေးတွေပေးပြီး စောင့်ကြည့်ရပါတယ်။
အိုင်အိုဒင်းဆားကိုဘယ်အချိန်မှာ စားတာရပ်သင့်သလဲဆိုရင် လည်ပင်းကြီးပြီး ဟော်မုန်းထုတ်လုပ်တာ လည်းများနေတဲ့ အခြေအနေမျိုးမှာ ဆက်ပြီးမစားသင့်တော့ပါဘူး။ အိုင်အိုဒင်းဆား ရပ်လိုက်တာနဲ့တော့ မသက်သာတတ်ပါဘူး။ ဟော်မုန်းထိန်းချုပ်တဲ့ဆေးတွေသောက်သုံးပေးဖို့ လိုအပ်ပါတယ်။ အိုင်အိုဒင်းကို ရုရှား၊ ယူကရိန်းစတဲ့ အရှေ့ဥရောပနိုင်ငံတွေ ကစားတဲ့သကြားမှာ ဖြည့်စွက်ပေးထားတယ်။ မြန်မာအပါအဝင် နိုင်ငံအတော် များများမှာတော့ အိမ်သုံးဆားမှာ ဖြည့်စွက်ပေးထားတတ်ပါတယ်။ အိုင်အိုဒင်းမပါတဲ့ ဆားလည်းဈေးကွက်ထဲမှာရှိတယ်။
ဟော်မုန်းဓာတ်နည်းပြီး လည်ပင်းကြီးတတ်ပါတယ်။ လည်ပင်းမဆို စလောက်လေးပဲကြီးပြီး၊ ဟော်မုန်းဓာတ်နည်းသွားတတ်တယ်။ ဟော်မုန်းဓာတ်များတာရဲ့ ဆန့်ကျင်ဘက်ပုံစံတွေ ပြောင်းလဲ လာတတ်ပါတယ်။ ခြေဖျားလက်ဖျားအေးတယ်။ ဝလာတယ်။ ဝလာတာက ကျန်းမာပြီး နေကောင်းတဲ့ သူလိုဝလာတာမျိုးမဟုတ်ဘူး။ အသားအရေကြမ်းတမ်းပြီး ဖြူရော်ရော်ဖြစ်တယ်။ အသံသြလာတယ်။ လေးလာတယ်။ အိပ်ချိန်များလာတယ်။ နှေးလာတယ်။ လေးလံထိုင်းမှိုင်းလာတယ်။ လည်ပင်းအကျိတ်ကို ခွဲစိတ်ပြီး လုံးဝဖယ်ရှားလိုက်ရင်လည်း ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဟော်မုန်းဓာတ်ကို ပြန်လည်ဖြည့်ပေး ရပါတယ်။
မခွဲစိတ်ပဲထားရင် သိုင်းရွိုက်ကင်ဆာဖြစ်မှာ စိုးရိမ်ရပါတယ်။ ဆရာဝန်ကဓာတ်ခွဲခန်းအဖြေ၊ သွေးအဖြေနဲ့ လက်တွေ့လူနာစမ်းသပ်မှုအရချင့်ချိန်ပြီး ဆုံးဖြတ်တတ်ပါတယ်။
လည်ပင်းကြီးတာဟာမြန်မာနိုင်ငံမှာအဖြစ်များပါတယ်။ ဒေါက်တာနာဂဦးသန်းလှိုင်ဆိုတာ နာဂတောင်တန်းမှာ တာဝန်ကျစဉ်ကခွဲစိတ်ကိရိယာ၊ မေ့ဆေးစတဲ့ လိုအပ်ချက်မစုံမလင်နဲ့နာဂလူမျိုးတွေရဲ့စုန်းတိုက်၊ နတ်တိုက်လို့ လည်ပင်းကြီးတယ်ဆိုတဲ့ အယူအဆကို မြေလှန်ပစ်ပြီး၊ ခွဲစိတ်ပေးခဲ့တဲ့ ဆရာဝန်ကြီးပါ။
လည်ပင်းကြီးတာကို ကိုယ့်ဘာသာလည်းလက်နဲ့ စမ်းသပ်နိုင်ပါတယ်။ ကိုယ့်လက်မနဲ့တိုင်းကြည့်ပြီး ကြီးတယ်လို့ ထင်ရင်သိပ်မကြီးခင် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေး နိုင်ပါတယ်။ ဟော်မုန်းဓာတ်တွေများနေသလား၊ သိပ်ကြီးသွားသလား၊ ကင်ဆာဖြစ်နေပြီလား၊ ရိုးရိုးအကျိတ်လား၊ အရည်ကျိတ်လားဆိုတာ ခွဲခြားဖို့ ဓာတ်မှန်၊ တီဗီဓာတ်မှန်ရိုက် ကြည့်သင့်ပါတယ်။ ဟော်မုန်းပမာဏရှိသင့်တာထက် နည်းနေလား၊ များနေလား သွေးဖောက်ပြီး စစ်ဆေးသင့်ပါတယ်။
လေပြွန်ဖိမိတာ၊ ရင်ကျပ်သလိုခံစားနေရတာတွေဖြစ်ရင်တော့ကြီးနေတဲ့ လည်ပင်းအကျိတ်ကို ခွဲစိတ်ဖယ်ရှား ပေးသင့်ပါတယ်။
သိုင်းရွိုက်ဟော်မုန်းများတဲ့ လက္ခဏာတွေထဲမှာပိန်ခြင်း၊ အစာမကြာခဏဆာခြင်း၊ ဝမ်းချုပ်ခြင်း(သို့) ဝမ်းသွားခြင်း၊ အရပ်ရှည်ထွက်လာခြင်း၊ လက်တံ၊ ခြေတံရှည်လာခြင်း၊ အသံသြလာခြင်း၊ စားသင့်တဲ့ အစာအာဟာရထက် ပိုမိုစားသောက်ဖို့ လိုအပ်လာခြင်း၊ အသားအရေ ခြောက်သွေ့ခြင်း၊ ချွေးမထွက်ခြင်း၊ အစားအသောက်မျိုရတာမှာ တစ်ဆို့ဆို့ဖြစ်ခြင်း၊ ညအိပ်မပျော်ခြင်း၊ စိတ်လှုပ်ရှားနေခြင်း၊ စိတ်နေမပျော်ခြင်း၊ ခြေတုန်လက်တုန်ဖြစ်ခြင်း၊ ကိုင်လိုက်တဲ့ပစ္စည်းမမြဲခြင်း၊ လွတ်ကျခြင်း၊ နှလုံးခုန်နှုန်းမြန်ခြင်း၊ မျက်လုံးပြူးထွက်ခြင်း၊ စကားပြောရခက်လာခြင်းတို့ ဖြစ်နိုင်ပါတယ်။
လည်ပင်းကြီးရောဂါကုသနည်းမှာ ဆေးဝါးနဲ့နဂိုအခြေအနေအထိ လျှော့ချပြီးမှ သိုင်းရွိုက်အကျိတ် ဖယ်ရှားတဲ့နည်းပဲ ဖြစ်တယ်။ သိုင်းရွိုက်နဲ့ ကပ်ရပ်၊ အသံအိုးနာဗ်ကြောဖြတ်မိလို့ ပြတ်တောက်သွားရင် စကားပြောရင် အသံမထွက်ဘဲဖြစ်တတ်ပါတယ်။
အချို့သိုင်းရွိုက်ဂလင်းပိုပြီး ဖယ်ထုတ်မိလို့သိုင်းရွိုက်ဟော်မုန်းနည်းခြင်း ဖြစ်တတ်ပါတယ်။ လည်ပင်းကြီး ရောဂါခွဲစိတ်ပြီး လည်ပင်းပြန်ကြီးနိုင်ပါတယ်။
လုံလောက်တဲ့ ခွဲစိတ်ဖယ်ရှားမှုမပြုခဲ့လို့လည်း ဖြစ်နိုင်ပါတယ်။ စားဆေးတွေထဲမှာ ရေဒီယိုအိုင်အိုဒင်းက ဓာတ်ရောင်ခြည်ပါဝင်လို့ သူ့ဆေးသောက်နေရသူတွေ ကလေးရယူခြင်း၊ ကလေးမွေးခြင်း မပြုသင့်ပါဘူး။ မွေးလာတဲ့ ကလေးမှာဉာဏ်ရည် မမီတဲ့ကလေး၊ အော်တစ်ဇင်ကလေးတွေမွေးဖွားနိုင်လို့ သတိရှိသင့်
ပါတယ်။
လည်ပင်းကြီးရောဂါရှိ၊ မရှိကို ကိုယ်တိုင်စမ်းသပ်ခြင်းအပြင် မိသားစုဆရာဝန်၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဆရာဝန်တို့နဲ့ စနစ်တကျပြသကာ ညွှန်ကြားချက်အတိုင်းခံယူသင့်ပါတယ်။ အသံနဲ့ဆိုင်တဲ့ကိစ္စ၊ ကလေးနဲ့ဆိုင်တဲ့ ကိစ္စဖြစ်လို့ မိသားစုစီမံကိန်းရှိပြီး အသံနဲ့လုပ်စားရတဲ့(အဆိုတော်၊ သရုပ်ဆောင်)တွေ သေချာချင့်ချိန်ပြီး ခွဲစိတ်ကုသမှု ခံယူသင့်ပါတယ်။ ။