
ကမ္ဘာတစ်ဝန်းလုံးရှိ လူသားတို့၏သက်တမ်းသည် နှစ်(၁၀၀)သက်တမ်းဖြစ်သည်။ သို့သော် လူသားတိုင်းသည် နှစ် (၁၀၀) အထိ အသက်ရှည်စွာ နေနိုင်ကြသည် မဟုတ်ပေ။ များစွာသော လူသားတို့သည် သက်တမ်းမပြည့်မီ ကွယ်လွန်သွားကြသည်။ အနှစ်တစ်ရာသက်တမ်း အထိနေထိုင် ကွယ်လွန်သွားကြသူများ ရှိကြသော်လည်း ရှားလှပါသည်။ ထိုရှားပါးလှသောလူပုဂ္ဂိုလ်၊ ရဟန်းတော်တို့၏ သက်တမ်းပြည့် ပျံလွန်/ကွယ်လွန်သူများ၏ ဘဝနေထိုင်မှုကို လေ့လာကြည့်သောအခါ ကျန်းမာရေးနှင့် ညီညွတ်အောင် နေထိုင်ပြုမူလုပ်ကိုင်ခြင်းကြောင့် ဟူသောအဖြေကို တညီတညွတ်တည်း တွေ့ရှိရပါသည်။ ဥစ္စာကံစောင့်၊ အသက်ဉာဏ်စောင့်ဆိုသည့်အတိုင်း ဉာဏ်နှင့်ယှဉ်ကာနေထိုင်ကြခြင်းကြောင့် အသက်ရှည်စွာ နေထိုင်ကြရခြင်း ဖြစ်သည်။
စာရေးသူတို့ လူငယ်ကျောင်းသားအရွယ်က ထမင်းကိုအဆမတန်စားလျှင်သော်လည်းကောင်း၊ စားသည့် ထမင်းဟင်းတို့တွင် ဆီစားသုံးမှုများလျှင်သော်လည်းကောင်း မိဘဘိုးဘွားများက ဤသို့မစားရန်တားမြစ်လေ့ ရှိသည်။ ငယ်ရွယ်သူတို့သဘာဝအရ အစားစားတာကိုပင် လူကြီးတွေက နှမြောတယ်ဟု ထင်မှတ်မှားခဲ့သည်။
အမှန်အားဖြင့် အတွေ့အကြုံရှိပြီးသော မိဘဘိုးဘွားတို့က ကျန်းမာရေးနှင့် ညီညွတ်အောင် စေတနာမေတ္တာ အပြည့်ဖြင့် ပြောဆိုသည်ကို အထင်လွဲခဲ့မိခြင်း ဖြစ်သည်။ ယခုအခါ နိုင်ငံတော် အစိုးရအနေဖြင့် အများပြည်သူ တစ်ရပ်လုံး ကျန်းမာရေးအတွက် ဆန်ကိုလျှော့စားရန်၊ ဆီလျှော့စားရန် စသည်ဖြင့် ပြောကြားလာသည်ကိုပင် အကောင်းမြင်မရှိသူတို့က ကျွန်တော်တို့ငယ်ငယ်က တွေးမိသလိုတွေးထင်နေကြမည် ထင်ပါသည်။
အမှန်တကယ်တော့ အစိုးရတစ်ရပ်ဆိုသည်မှာ ပြည်သူလူထု၏ ကိစ္စအ၀၀ကို တာဝန်ယူနေကြရသူများ ဖြစ်သည်။ ပြည်သူတွေ အသက်ရှည်ရှည် နေစေချင်သည်။ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ရှိစေချင်သည်။ အနာရောဂါ ကင်းရှင်း၍ အသက်တစ်ရာနေထိုင်နိုင်ကြသော တိုင်းသူပြည်သားများအဖြစ် မြင်တွေ့လိုကြသည်။ နိုင်ငံတော် အကြီးအကဲပြောလေ့ ရှိသောစကားမှာ လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိဟူသော စကားပင်ဖြစ်သည်။ ထို့ကြောင့် ကိုဗစ်-၁၉ ရောဂါအမြင့်ဆုံးကူးစက်မှုခံနေရချိန်နှင့် အဖျက်သမားတို့က ကျန်းမာရေးဆိုင်ရာ မျိုးစုံနှောင့်ယှက်မှုရှိနေချိန်တွင်ပင် နိုင်ငံတော်အစိုးရ၏ အနီးကပ်ဦးဆောင်မှု၊ တိုင်းသူ ပြည်သားတို့၏ အသိဉာဏ်မြင့်မားစွာ ပူးပေါင်းပါဝင်မှုတို့ကြောင့် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ခဲ့သည်။ ထိုသို့ထိန်းချုပ်နိုင်သွားသော်လည်း နိုင်ငံတော်အစိုးရ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများမှာ အရှိန်အဟုန်လျော့သွားခြင်းမရှိပါ။
ဤသည်မှာ နိုင်ငံတော်အစိုးရတစ်ရပ်၏ ကျန်းမာရေးဆိုင်ရာ စေတနာထားလုပ်ဆောင်မှုတွင် ပြည်သူများ ကလည်း ပူးပေါင်းပါဝင်ကြသောအခါ အောင်မြင်မှုရှိသည်ကို ညွှန်းပြခြင်း ဖြစ်သည်။ ထို့အတူ နိုင်ငံတော် အကြီးအကဲက ပြည်သူလူထု ကျန်းမာရေးအတွက် ဆီစားသုံးမှုလျှော့ကြရန်၊ စားအုန်းဆီတင်သွင်းမှု လျှော့ချရန်၊ ပြည်တွင်းမှာရှိနေသော ဆီများပိုမို ထုတ်လုပ်ကြရန်၊ ဆီအုန်းစိုက်ပျိုးမှု ပိုမိုဖြစ်ထွန်းအောင်မြင်အောင် စသည်ဖြင့် တိုက်တွန်းနေသည်မှာ နိုင်ငံနှင့်ပြည်သူတို့ အတွက်သာဖြစ်သည်။ ပြည်ပမှတင်သွင်းနေရမှု လျော့နည်းပြီး မိမိတို့ကပြည်ပသို့ ပြန်လည်တင်ပို့နိုင်လျှင် နိုင်ငံအတွက် ကုန်သွယ်မှုပိုငွေများပြားလာပေမည်။ ထို့အတူ ပြည်သူတို့၏ သက်တမ်းများသည်လည်း ပိုမိုရှည်ကြာမည်ဖြစ်သည်။
မြန်မာနိုင်ငံရှိ နိုင်ငံသားတို့၏ မျှော်မှန်းသက်တမ်းသည် ၆၇ ဒသမ ၈ နှစ်ရှိပေရာ မျှော်မှန်းသက်တမ်း နည်းလှသည်။ ဤနေရာတွင် မျှော်မှန်းသက်တမ်းနှင့် ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏အဓိပ္ပာယ် ဖွင့်ဆိုချက်ကို ဖော်ပြရလျှင် မျှော်မှန်းသက်တမ်းဆိုသည်မှာ လက်ရှိတိုင်းပြည်၏ သေဆုံးမှုနှုန်းများအတိုင်း အနာဂတ်မှာ ဆက်ဖြစ်နေမည် ဆိုလျှင် ထိုနှစ်အတွင်း မွေးဖွားလာမည့် ကလေးတစ်ယောက်၏ ပျမ်းမျှ သက်တမ်းဖြစ်သည်။ ထို့ကြောင့် တိုင်းပြည်တစ်ပြည်၏မျှော်မှန်းသက်တမ်းဆိုသည်မှာ တိုင်းပြည်အတွင်း နေထိုင်ကြသော လူဦးရေတစ်ရပ်လုံး၏ သေဆုံးမှုနှုန်းကို ရောင်ပြန်ဟပ်သည်ဟူ၍ အကြမ်းဖျင်းဆိုနိုင်သည်။
သေဆုံးမှုများတွင် ကလေး၊ ဆယ်ကျော်သက်၊ အရွယ်ရောက်ပြီးသူ၊ သက်ကြီးရွယ်အိုအစရှိသော အသက် အရွယ်အားလုံး၏ သေဆုံးမှုနှုန်းကိုပြောဆိုခြင်း ဖြစ်သည်။
အစာလည်းဆေး၊ ဆေးလည်းအစာ ဆိုသော်လည်း လွန်ကဲစွာ စားသုံးခြင်းမှာ ဘေးဖြစ်စေတတ်ပါသည်။
ဆီမပါလျှင်ဟင်းမဖြစ်တတ်သလို ဆီများလွန်းလျှင်လည်း အပင်းဖြစ်တတ်ပါသည်။ အပင်းဆိုသော ဝေါဟာရကိုမြန်မာ အဘိဓာန်တွင် ပယောဂအတတ်ဖြင့် လူ၏ခန္ဓာကိုယ်တွင်းသို့ သွတ်သွင်းသော အစာဟူ၍ ဖွင့်ဆိုပါသည်။ ခန္ဓာကိုယ်ကိုဒုက္ခပေးခြင်းမို့ အပင်းဟုဆိုလိုက်ခြင်း ဖြစ်သော်လည်း ဆီကိုများများ စားသုံးခြင်းက ထို့ထက်ပိုမိုဆိုးရွားနိုင်သည်။ ဆီစားသုံးမှု လွန်ကဲခြင်းကြောင့် မိမိပတ်ဝန်းကျင်တွင် အသက်ငယ်ငယ်နှင့် ရောဂါထူပြောပြီး ကွယ်လွန်သူများကို တွေ့မြင်နိုင်သလိုရုပ်မြင်သံကြားတွင် အသိပေးပြသနေသော ဇာတ်လမ်းများတွင်လည်း တွေ့မြင်နိုင်သည်။
မြန်မာတို့ကဆီကိုရေချိုး၊ ဆေးရိုးမီးလှုံဟူ၍ ကြွယ်ဝချမ်းသာခြင်းကို ပြဆိုထားသော်လည်း ထိုခေတ်ထိုအခါက လူတို့သည်ရိုးသားကြသည်။ မည်သည့်ဓာတုပစ္စည်းမျှ ရောနှောထားခြင်း မရှိသေးသည့်အတွက် ဆီစားသုံးမှုလွန်ကဲခြင်းကြောင့်ရောဂါရရှိမှုနည်းပါးခဲ့သည်။ အလှူမင်္ဂလာပွဲတိုင်းတွင် ကြက်သားဆီပြန်၊ ဝက်သားဆီပြန် စသည်ဖြင့် ရွာလုံးကျွတ်ကျွေးမွေးသော အလေ့အထရှိခဲ့သည်။ ယနေ့ခေတ်တွင်မူ ဓာတုပစ္စည်းများတွင် ကျယ်လာခြင်းကြောင့် မူလအစစ်အမှန်ကုန် ပစ္စည်းရှားပါးလာသည်။ လူသားတို့လောဘ ကြီးမားလာခြင်းနှင့်အတူ ကပ်ရောဂါတို့ ဖြစ်ပွားလာရသည်။ ဆီအမျိုးမျိုးပေါ်ပေါက်လာခြင်းနှင့်အတူ ရောဂါမျိုးစုံကြုံတွေ့နေရသည်။
ထို့ကြောင့် ဆီလျှော့စားသုံးကြရန်တိုက်တွန်းနေခြင်းမှာ တိုင်းသူပြည်သားအားလုံး၏ ကောင်းကျိုးအတွက် တိုက်တွန်းခြင်းသာဖြစ်သည်။
လူအများသုံးစွဲနေသောစားအုန်းဆီများတွင် ကျန်းမာရေးအရ သင့်တင့်စွာစားသုံးနိုင်သည့် မပြည့်ဝဆီများ၊ တတ်နိုင်သမျှလျှော့၍ စားသုံးသင့်သည့် ပြည့်ဝဆီများနှင့် လုံးဝမစားသုံးသင့်သော အသွင်ပြောင်းဆီများဟူ၍ ရှိသည်။ မပြည့်ဝဆီဆိုသည်မှာ မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီနှင့် ငါးမှရသော အဆီများဖြစ်သည်။ ထိုဆီများကိုသင့်တင့်စွာ စားသုံးခြင်းဖြင့် ခန္ဓာကိုယ်အတွက် ကောင်းမွန်သော သွေးတွင်းအဆီဓာတ်တို့ကို မြင့်တက်စေပြီး မကောင်းသောအဆီဓာတ်တို့အား လျှော့ချပေးသည်။ နှလုံးရောဂါနှင့် အမျိုးအစား-၂ ဆီးချို စသည့်မကူးစက်နိုင်သော ရောဂါများ ဖြစ်ပွားနိုင်ခြေကို လျော့နည်းစေပါသည်။
စားအုန်းဆီ၊ စားအုန်းဆီရောနှောဆီများ၊ ဆီကြော်အစားအစာများနှင့် တိရစ္ဆာန်မှရသော အဆီများသည် ပြည့်ဝဆီများဖြစ်သည်။ ပြည့်ဝဆီစားသုံးခြင်းကြောင့် မကောင်းသော သွေးတွင်းအဆီဓာတ်များ လွန်ကဲစွာ မြင့်တက်စေသည်။ အဝလွန်ခြင်း၊ အသည်းအဆီဖုံးခြင်း၊ လေးဖက်နာ၊ နှလုံးသွေးကြောပိတ်ရောဂါနှင့် လေဖြတ်ခြင်းတို့ကိုဖြစ်စေနိုင်ပါသည်။ အဝလွန်သူ၊ အဆီပိုသူများနှင့် ကိုယ်အလေးချိန်ကျဆင်း လိုသူများအနေဖြင့် ပြည့်ဝဆီတိုက်ရိုက်ပါရှိသော ကြက်၊ ဘဲအရေခွံများနှင့် ခြေလေးချောင်းသားအဆီများ၊ ဝက်အူချောင်း၊ စည်သွတ်ဘူး၊ အသားလုံးစသည်ဖြင့် အထူးတလည်ပြုပြင်ထားသော အရန်သင့်အစားအစာများ၊ အုန်းနို့၊ စားအုန်းဆီများနှင့် ထိုအဆီတို့ဖြင့် ချက်ပြုတ်ထားသောဟင်းလျာများ ရှောင်သင့်ပါသည်။
လူသားတို့ကျန်းမာရေးအတွက် လုံးဝမစားသုံးသင့်သည်မှာ အသွင်ပြောင်းဆီဖြစ်သည်။ အသွင် ပြောင်းဆီသည် အစားအသောက်များ ပိုမိုတာရှည်ခံ၍ အရသာရှိစေရန် ပုံမှန်အသုံးပြုသော ဆီတွင် ဟိုက်ဒရို ဂျင်ဓာတ်ထည့်ပေါင်းထားသောဆီဖြစ်ပြီး ပြည့်ဝဆီ စားသုံးခြင်း၏ ဆိုးကျိုးများအပြင် သွေးတွင်းဆီများကို ပိုမိုတက်စေခြင်း၊ ကောင်းမွန်သောသွေးတွင်း အဆီဓာတ်ကို ကျစေခြင်းနှင့် ခန္ဓာကိုယ်တွင်းရောင်ရမ်းမှု များဖြစ်စေသည်။ အသင့်စားနိုင်သော အစားအစာများ ဖြစ်သည့် အာလူးကြော်၊ ကြက်ကြော်၊ ကိတ်မုန့်၊ ပေါင်မုန့်
စသည်တို့တွင် အသွင်ပြောင်းဆီပါဝင်သည်။ ဆီကြော်အစားအစာများကို စားသုံးခြင်းက ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်ပါသည်။ ရောဂါဖြစ်ပွားနိုင်သည်မို့ ဆီကိုလျှော့စားခြင်းက ကျန်းမာရေးကို ကောင်းမွန်စေသည်မှာ အမှန်ပင်ဖြစ်သည်။
ဆီအမျိုးမျိုး၊ ဟင်းအဆီအနှစ်များနှင့် ဆီကြော်အစားအစာများ မကြာခဏစားသုံးခြင်းမှာ အဝလွန် အဆီပိုစေရုံမျှမက ဦးနှောက်ထိခိုက်စေပါသည်။ ယနေ့ကမ္ဘာ့လူသားများကို ခြိမ်းခြောက်နေသော မကူးစက် တတ်သည့်ရောဂါများဖြစ်သည့် နှလုံး၊ နှလုံးသွေးကြောရောဂါအမျိုးမျိုး၊ သွေးတိုး၊ ဆီးချို၊ လေငန်းရောဂါများ၊ သွေးအတွင်းဘေးဖြစ်စေသော ကိုလက်စထရောမြင့်ရောဂါ စသည်တို့သည် ဆီစားများခြင်းနှင့် ပတ်သက် ဆက်နွှယ်နေသော ရောဂါဆိုးများ ဖြစ်ပါသည်။ ထိုရောဂါဆိုးများ မဖြစ်ပွားစေရန်မှာ အသက်ကို ဉာဏ်စောင့် ဆိုသည့်အတိုင်း ဆင်ခြင်ဉာဏ်ဖြင့် ဆုံးဖြတ်ကာ ဆီကိုလျှော့၍ စားသုံးရမည်သာ ဖြစ်ပေသည်။ ထိုသို့လျှော့ချ စားသုံးခြင်းဖြင့် မိမိတို့၏ လူ့သက်တမ်းကို မြှင့်တင်ရမည် ဖြစ်သည်။ လူတစ်ဦးချင်း သက်တမ်းမြင့်မားလာပါက မြန်မာနိုင်ငံ၏ ပျမ်းမျှသက်တမ်းမှာလည်း မြင့်မားလာမည် ဖြစ်ပါသည်။
ယနေ့ကာလသည် အတုအပပေါများလှသည်ဖြစ်ရာ အတုဆိုသည်မှာ လူတိုင်း၏ ကိုယ်စိတ်နှလုံးတို့ကို ထိခိုက်စေပါသည်။ စားအုန်းဆီအတုနှင့် ပဲဆီအတုများက စားသုံးသူများကို ထိခိုက်စေသည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေး အပြောင်းအလဲတစ်ရပ် ပေါ်ပေါက်လာသည်ကို မလိုလားသူများက အတုမှန်သမျှ ဖန်တီးနေကြသည်။ ပြည်ပမှ မှာယူ တင်သွင်းနေရသော ကုန်ပစ္စည်းများကို လျှော့ချနိုင်ခြင်းဖြင့် တိုင်းပြည်အတွက် ကုန်သွယ်မှု ပိုငွေထွက်လာမည်ဖြစ်သလို လူသားတို့အတွက် အသက်အန္တရာယ်ထိခိုက်စေမှုကိုလည်း ကာကွယ်ပေးပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (၁)နှစ်ပြည့်နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့မှုနှင့် ပတ်သက်၍ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ကပြောကြားရာတွင် ကျွန်တော်တို့နိုင်ငံမှာ ခန့်မှန်းလူဦးရေ ၅၅ သန်းခန့်ရှိပါတယ်။ ကျန်းမာရေးအရ လူတစ်ဦးတစ်ရက်မှာ အနည်းဆုံးစားသုံးသင့်တဲ့ဆီ ၂ ဒသမ ၂ ကျပ်သားဖြစ်ပြီး တစ်နှစ်တာ စားသုံးဆီ ၈ ပိဿာနဲ့တွက်ရင် တစ်နှစ်မှာ ကျွန်တော်တို့ နိုင်ငံအတွင်းမှာရှိတဲ့ ခန့်မှန်းလူဦးရေအရ စားသုံးသင့်တဲ့ စားသုံးဆီဟာ တန်ချိန် ၇ သိန်းမျှသာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ဆီထွက်သီးနှံများဖြစ်တဲ့ မြေပဲ၊နှမ်း၊ နေကြာ၊ ပဲပုပ်၊ ပန်းနှမ်းနဲ့ ဆီအုန်းများကနေ စားသုံးဆီများ ထုတ်လုပ်နေတဲ့အတွက် ကျွန်တော်တို့ ပြည်သူပြည်သားတွေဟာ လူတစ်ဦး တစ်ရက်မှာ အနည်းဆုံးစားသင့်တဲ့ စားသုံးဆီထက် ပိုမိုစားသုံးနေတာ တွေ့ရှိရပါတယ်။ စားသုံးဆီ အလွန်အကျွံစားသုံးမှုကြောင့် တစ်ဦးချင်းကုန်ကျမှုများ၊ ၎င်းမှနိုင်ငံအဆင့် ကုန်ကျမှုများ များပြားလာမှာဖြစ်တဲ့အပြင် တစ်ဦးချင်းရဲ့ ကျန်းမာရေး၊ နိုင်ငံအဆင့်အမျိုးသား ကျန်းမာရေးကိုပါ ထိခိုက်စေမှာဖြစ်ပါတယ်ဟူ၍ ဆီလျှော့စားသုံးရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ ထို့ကြောင့် ပြည်သူလူထုတစ်ဦးချင်း ကျန်းမာရေး၊ တစ်ဦးချင်းဝင်ငွေ တိုးတက်ရေးကို ရှေးရှုပြီး ကျန်းမာရေးနှင့် ညီညွတ်သော စားသုံးဆီပမာဏကိုသာ သုံးစွဲကြပါရန်နှင့် ဆီစားသုံးမှု လျှော့ချခြင်းဖြင့် အသက်ရှည်ရာ အနာမဲ့ကြောင်း ကောင်းမြတ်သော အကျိုးကိုရရှိမည် ဖြစ်ပါကြောင်း ရေးသား တင်ပြအပ်ပါသတည်း။ ။
အာကာမောင်မောင်