
ဆက်လက်မြင့်တက်လာဦးမည့် မောင်းသူမဲ့ လေယာဉ်များ၏ ခြိမ်းခြောက်မှုများ
လက်ရှိ မျက်မှောက်ခေတ် ကမ္ဘာ့နိုင်ငံများတွင် နည်းပညာ တိုးတက်မြင့်မားလာမှုကြောင့် တိုးတက်လာသည့် စစ်လက်နက် ပစ္စည်းများ၏ ခြိမ်းခြောက်မှုများမှာလည်း ပြောင်းလဲလာပြီဖြစ်သည်။
အလားတူပင် ကမ္ဘာ့နိုင်ငံများရှိ လူသားများအပေါ် ကျရောက်လာနိုင်သည့် လက်နက်စနစ်များ၏ ခြိမ်းခြောက်မှုမှာလည်း ယခင်ကထက် ပိုမိုမြန်ဆန်လာပြီဟု ဆိုနိုင်သည်။ အကြောင်းမှာ ပြောင်းလဲလာသည့် နည်းပညာမြင့် စစ်လက်နက်ပစ္စည်းများ အနက် လူသားများက မြေပြင်မှနေ၍ ထိန်းချုပ် မောင်းနှင်နိုင်သည့် မောင်းသူမဲ့ လေယာဉ်များကို ယခုအခါ အင်အားကြီး နိုင်ငံများသာမက နိုင်ငံအဆင့်မရှိသည့် အဖွဲ့အစည်းများ၊ အကြမ်းဖက် အဖွဲ့အစည်းများကပါ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာခြင်းကြောင့်ဖြစ်သည်။
မောင်းသူမဲ့ လေယာဉ်စနစ်များသည် တခြားနည်းပညာမြင့် စစ်လက်နက်ပစ္စည်းများနှင့် နှိုင်းယှဉ်ပါက ဈေးသက်သာပြီး အလွယ်တကူ ဝယ်ယူရရှိနိုင်သည့် အပြင်ရန်သူ သို့မဟုတ် ပြိုင်ဘက်နိုင်ငံများနှင့် ဆန့်ကျင်ဘက် အဖွဲ့အစည်းများက ရှာဖွေ ထောက်လှမ်းရာတွင် ခက်ခဲမှုရှိနိုင်သောကြောင့် အဆိုပါမောင်းသူမဲ့ လေယာဉ်များသည် ပြိုင်ဘက်နိုင်ငံများကြား ပြိုင်ဆိုင်ရာတွင် အဓိက အသုံးချသည့် လက်နက်စနစ် တစ်ခုအဖြစ် ထွက်ပေါ်လာပြီဖြစ်သည်။ မောင်းသူမဲ့ လေယာဉ်စနစ်များသည် ရန်သူ၏ လက်နက်ကိုင်တပ်ဖွဲ့များနှင့် ပြိုင်ဘက်အဖွဲ့အစည်းများ၏ ပစ်မှတ်များအပေါ်သို့ ဗုံးများ၊ ဒုံးကျည်များနှင့် လက်ပစ်ဗုံးများဖြင့် တိုက်ခိုက်နိုင်သည့်အပြင် ကင်းထောက်ခြင်းနှင့် ထောက်လှမ်းခြင်းတို့ကိုပါ လုပ်ဆောင်နိုင်စွမ်းရှိသောကြောင့် ယင်းမောင်းသူမဲ့ လေယာဉ်များ၏ အန္တရာယ်သည် နိုင်ငံအများအပြားကို တိုးမြှင့်ခြိမ်းခြောက်လာခြင်း ဖြစ်သည်။ ထို့ပြင် မြေပြင်၌ ရန်သူ၏ လက်နက်ကိုင်တပ်ဖွဲ့များနှင့် ရင်ဆိုင်တိုက်ခိုက်နေရသည့် ခြေလျင်တပ်များ အတွက် လေကြောင်းမှ ပစ်ကူပေးနိုင်ခြင်းကြောင့် မြေပြင်တပ်ဖွဲ့များ အတွက် ကြီးမားသည့် အထောက်အပံ့များကို ပေးနိုင်စွမ်းရှိသည်။
ယခုအခါ စစ်သွေးကြွများသည် မောင်းသူမဲ့လေယာဉ်များကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူအသုံးပြုနိုင်ပြီ ဖြစ်သည်။ အဆိုပါ စစ်သွေးကြွများသည် မောင်းသူမဲ့ လေယာဉ်များတွင် တပ်ဆင်ထားသည့် လက်နက်ခဲယမ်းများအား ပစ်ခတ်တိုက်ခိုက်ခြင်းအားဖြင့် အမေရိကန်တပ်များကို ခြိမ်းခြောက်နိုင်စွမ်းရှိကြောင်း အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားခဲ့သည့် စစ်ပွဲများတွင် တွေ့မြင်ခဲ့ရပြီးဖြစ်သည်။ စစ်သွေးကြွများ၏ မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်မှုသည် အီရတ်နိုင်ငံ မိုဆူလ်ထိုးစစ်ဆင် တိုက်ခိုက်မှုအတွင်း အမေရိကန်တပ်များအား အဓိက ခြိမ်းခြောက်ခဲ့သည့် ပြဿနာရပ်တစ်ခု ဖြစ်လာခဲ့သည်ဟုလည်း ဆိုနိုင်သည်။ စစ်သွေးကြွများသည် အဆိုပါမောင်းသူမဲ့ လက်နက်စနစ်များကို အသုံးပြု၍ သေးငယ်သော ဗုံးများကြဲချခြင်းကိုလည်း လုပ်ဆောင်နိုင်သည့်အပြင် စစ်ဆင်ရေး ပြီးဆုံးပြီးနောက် မိမိဘာသာပျက်ကျ ပျက်စီးစေရန်အတွက်လည်း စီစဉ်ထားနိုင်သည်။
လက်ရှိကာလတွင် တွေ့ကြုံနေရသည့် မောင်းသူမဲ့ လေယာဉ်စနစ်များ၏ ခြိမ်းခြောက်မှုများသည် အာဖဂန်နစ္စတန်နှင့် အီရတ်နိုင်ငံတို့တွင် ပြီးခဲ့သည့် ဆယ်စုနှစ်တစ်ခုအတွင်းက တာဝန် ထမ်းဆောင်ခဲ့ကြသည့် အမေရိကန်စစ်သည်များ ရင်ဆိုင်ခဲ့ရသော လက်လုပ်ဗုံးများ(IEDs)၏ ခြိမ်းခြောက်မှုနှင့် အလားသဏ္ဌာန်အားဖြင့် ဆင်တူမှုရှိနေသည်။ မောင်းသူမဲ့ လေယာဉ်များသည် လက်လုပ်ဗုံးများနှင့် ဒေသန္တရ လုပ်ဗုံးများ (လက်လုပ်ဖောက်ခွဲရေး ပစ္စည်းများ)ကဲ့သို့ပင် အချိုးမညီ ခြိမ်းခြောက်မှုများဖြစ်ပြီး အထူးသဖြင့် အခွင့်အလမ်းသာသည့် ပစ်မှတ်များကို တိုက်ခိုက်ရာတွင် အသုံးပြုလေ့ရှိသည့် လက်နက်များဖြစ်သည်။
ထို့ပြင် အဆိုပါ လက်နက်များသည် ကြီးမားသည့် ထိခိုက်မှုများကို ဖြစ်ပေါ်စေလေ့ရှိပြီး လူအများကြား အကြောက်တရားကို ဖြစ်ပွားစေရုံသာမက လက်နက်ကိုင် တပ်ဖွဲ့တစ်ဖွဲ့၏ စစ်ဆင်ရေး လုပ်ဆောင်မှုများကိုပါ ရပ်တန့်ပစ်နိုင်စွမ်းရှိသည်။ မောင်းသူမဲ့ လေယာဉ်စနစ်များကို အသုံးပြု၍ တိုက်ခိုက်သည့် အကြိမ်အရေအတွက်မှာ အမြောက်အမြား ရှိခဲ့ပြီး ယင်းတိုက်ခိုက်မှုများတွင် ရေတပ်စစ်ရေယာဉ်များ၊ စစ်ကစားနေသည့် တပ်ဖွဲ့များနှင့် ရှေ့တန်းစစ်မြေပြင်တွင် တိုက်ပွဲဝင်နေသည့် တပ်ဖွဲ့များ၏ အခြေစိုက်စခန်းများအား ပစ်မှတ်ထားခြင်း အပါအဝင် တိုက်ရိုက်ပစ်မှတ်ထား လုပ်ဆောင်သည့် လေယာဉ် တိုက်ခိုက်မှုများ၊ ကင်းထောက်လှမ်းခြင်းနှင့် ထောက်လှမ်းရေး လုပ်ဆောင်ရန် ပျံသန်းခြင်းများ အပြင် ပစ်မှတ်အား တိုက်ရိုက်ပစ်ခတ်နိုင်ရန် အတွက် ရှာဖွေဖော်ထုတ်ခြင်း စသည့် စစ်ဆင်ရေး လုပ်ငန်းများလည်း ပါဝင်လျက် ရှိသည်။
မကြာသေးမီ နှစ်များအတွင်း မောင်းသူမဲ့ လေယာဉ်စနစ်များနှင့် စပ်လျဉ်း၍ သုတေသန လုပ်ဆောင်မှုများ မြင့်တက်လာသည့် အပြင် ထုတ်လုပ်မှုများလည်း တိုးတက်လာသောကြောင့် မောင်းသူမဲ့လေယာဉ် စနစ်များအပေါ် အမှီသဟဲပြုမှုနှင့် အသုံးပြုမှုမှာ တိုးတက်လာခဲ့သည်။ သို့ရာတွင် မောင်းသူမဲ့လေယာဉ်စနစ်များကို အသုံးပြုမှုသည် လက်ရှိတွင် စမ်းသပ်ကာလတွင် ရှိနေပြီး ကျွမ်းကျင်မှုရှိသော ထိန်းချုပ်အသုံးပြုသူ နည်းပါးခြင်းမှာ အဓိကပြဿနာ အဖြစ် တည်ရှိနေသည်။
မောင်းသူမဲ့ လေယာဉ်စနစ်များသည် လက်လုပ်ဗုံးများကဲ့သို့ပင် အမျိုးအစားအားဖြင့် အများအပြား ကွဲပြားလျက်ရှိသည်။
လက်လုပ်ဗုံးများကို ပုံစံအမျိုးမျိုးဖြင့် အသုံးပြုနိုင်ပြီး အချိန်ကိုက်ဖောက်ခွဲခြင်း၊ ရေဒီယို၊လက်ကိုင်ဖုန်း၊ ဝိုင်ယာလက်များ၊ ရန်သူချဉ်းကပ်လာချိန်နှင့် ရန်သူ ဝင်ရောက်လာခြင်းမှ ဟန့်တားနိုင်ရေးအတွက် အသုံးပြုသည့် tripwire ၊၊ အနီအောက်ရောင်ခြည်သုံး လက်နက် သို့မဟုတ် pressure pad လက်နက်များအဖြစ်လည်း အသုံးပြု တိုက်ခိုက်နိုင်သည်။
ထို့ပြင် မောင်းသူမဲ့လေယာဉ်များကို အီရတ်နှင့်ဆီးရီးယားတွင် အထိနာခဲ့သည့် IS စစ်သွေးကြွအဖွဲ့အပြင် နိုင်ငံမဟုတ်သည့် အဖွဲ့အစည်း အမြောက်အမြားက အသုံးပြုလာကြပြီဖြစ်သည်။ အဆိုပါအဖွဲ့အစည်းများတွင် ယီမင်နိုင်ငံမှ ဟူသီသူပုန်အဖွဲ့၊ လက်ဘနွန်နိုင်ငံမှ ဟစ်ဇ်ဘိုလာ ပြောက်ကျားတပ်ဖွဲ့၊ ပါလက်စတိုင်းရှိ ဟားမက်အဖွဲ့၊ ကာ့ဒ်တပ်ဖွဲ့ တစ်ဖွဲ့ဖြစ်သည့် Kurdish Peshmerga အဖွဲ့၊ ကိုလံဘီယာရှိ FARC သူပုန်အဖွဲ့နှင့် ဆီးရီးယား၊ လစ်ဗျားနိုင်ငံအတွင်း လှုပ်ရှားနေသည့် အမျိုးမျိုးသော အကြမ်းဖက် အဖွဲ့အစည်းများနှင့် သူပုန်အဖွဲ့များ၊ ကိုလံဘီယာနှင့် မက္ကဆီကိုမှ မူးယစ်ဂိုဏ်းများ ပါဝင်လျက်ရှိသည်။
ယခုအခါ အီရန်နှင့် တခြားနည်းပညာ မြင့်မားသည့်နိုင်ငံများက မောင်းသူမဲ့လေယာဉ်များကို ထုတ်လုပ်၍ ကမ္ဘာ့ဈေးကွက်တွင် ဆက်လက် ရောင်းချလျက်ရှိပြီး တခြားနိုင်ငံများအား မောင်းသူမဲ့ လေယာဉ်စနစ်များ ထုတ်လုပ်နိုင်စေရန် အကူအညီပေးနေခြင်းတို့ကြောင့် အဆိုပါ မောင်းသူမဲ့ လေယာဉ်စနစ်များ၏ ခြိမ်းခြောက်မှုအန္တရာယ်မှာ ဆက်လက် ဖြစ်ပေါ်နေမည် ဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။ ။