
ရေနံဈေးနှုန်း အဆမတန်မြင့်တက်နေစဉ် အာရှဒေသရှိ ကုမ္ပဏီများက အီရန်မှ ရေနံပြန်သွင်းရန် စိတ်ဝင်စားလာ
ကမ္ဘာ့ရေနံဈေးနှုန်းသည် ခုနစ်နှစ်ကျော် ကာလအတွင်း အမြင့်ဆုံးသို့ ရောက်ရှိနေစဉ် အာရှဒေသရှိ ရေနံချက်စက်ရုံ ကုမ္ပဏီများက အီရန်မှရေနံများကို ပြန်လည်တင်သွင်းရန် စိတ်ဝင်စားလာသည်။
အထူးသဖြင့် လက်ရှိဖြစ်ပွားနေသော ကမ္ဘာ့အင်အားကြီး နိုင်ငံများ၏ နိုင်ငံရေး ကစားပွဲများကြောင့် စွမ်းအင်ထောက်ပံ့မှု ကဏ္ဍ ကမောက်ကမ ဖြစ်လာနိုင်သည်ကို မျှော်မှန်းကာ ရေနံဈေးနှုန်း မြင့်တက်နေခြင်းလည်း ဖြစ်သည်။
အာရှကုမ္ပဏီများသည် ယခင်ကအီရန်နိုင်ငံမှရေနံများကိုသာ အများဆုံး တင်သွင်းသူများ ဖြစ်သော်လည်း ၂ဝ၁၉ ခုနှစ်တွင် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်အစိုးရက အီရန်နျူကလီးယား သဘောတူ စာချုပ်မှ နုတ်ထွက်လိုက်မှုနှင့်အတူ ပြန်လည် ချမှတ်လိုက်သည့် အရေးယူပိတ်ဆို့မှုများကြောင့် အာရှကုမ္ပဏီများ အနေဖြင့် အခြားဈေးကွက်များမှ ရေနံကို တင်သွင်းခဲ့ရခြင်း ဖြစ်သည်။ ထိုသို့တင်သွင်း ရသော်လည်း ကပ်ရောဂါကာလမှ ပြန်လည်နာလန်ထူသည့်အချိန်တွင် လိုအပ်သော ဝယ်လိုအားကို ရေနံထုတ်လုပ်သူများက မပံ့ပိုးနိုင်မှုကြောင့် ရေနံဈေးနှုန်းမှာ အဆမတန်မြင့်တက် သွားရခြင်းဖြစ်သည်။ ယခုအခါ အဆိုပါနျူကလီးယား သဘောတူစာချုပ်ပြန်လည် အသက်ဝင်လာမည်ဆိုပါက အာရှကုမ္ပဏီများ အနေဖြင့် အီရန်မှရေနံပြန်လည် တင်သွင်းနိုင်မည် ဖြစ်ပြီး နောက်ဆက်တွဲ ရလဒ်အနေဖြင့် ကမ္ဘာ့ရေနံဈေးကွက်တွင် ရောင်းလိုအား များလာကာ ရေနံဈေးနှုန်း ပြန်လည်ကျဆင်းနိုင်မည်ဖြစ်သည်။
လက်ရှိအချိန်တွင် အီရန်နှင့် အမေရိကန် အစိုးရတို့က နှစ်နိုင်ငံကြား သွယ်ဝိုက်သော နည်းဖြင့် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်နေပြီဖြစ်ပြီး အခက်အခဲမှကျော်လွန် လွတ်မြောက်နိုင်မည်ဟု မျှော်လင့်သော်လည်း မဖြေရှင်းရသေးသည့် ကိစ္စကြီးများ ကျန်ရှိနေသေးကြောင်း အနောက်နိုင်ငံများမှ သံတမန်များက ပြောသည်။
တောင်ကိုရီးယားနိုင်ငံသည် အီရန်နျူကလီးယား သဘောတူစာချုပ် ပြန်လည် အသက်ဝင်နိုင်သည်ဟူသော မျှော်မှန်းချက် ဖြင့် အီရန်နိုင်ငံမှ ရေနံစိမ်းများ ပြန်လည်တင်သွင်းရေးနှင့် တောင်ကိုရီးယားရှိ အီရန်၏ ပိုင်ဆိုင်မှုများကို ပြန်ပေးရေးတို့အတွက် အလုပ်သဘော အစည်းအဝေးများ လုပ်ဆောင်နေပြီဖြစ်သည်။
အီရန်နိုင်ငံမှထွက်ရှိသော ရေနံစိမ်းသည် ငွေကြေးအရ ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် အပြင် အခြားသော ရေနံစိမ်းအမျိုးအစားများနှင့် နှိုင်းယှဉ်ပါက ကုန်ချောများအဖြစ် ထုတ်လုပ်မှုကို လွယ်ကူစွာ လုပ်ဆောင်နိုင်စွမ်း ရှိကြောင်း တောင်ကိုရီးယား ရေနံချက်စက်ရုံ ကုမ္ပဏီကြီးတစ်ခုက ပြောသည်။
အကယ်၍ နှစ်နိုင်ငံကြား ရေနံကုန်သွယ်ရေး ပြန်လည်စတင်ရန် ဆုံးဖြတ်သမျှကာလပတ်လုံး ၎င်းတို့အနေဖြင့် အီရန်ထံမှရေနံစိမ်းများကို ဝယ်ယူနိုင်ကြောင်း ကုမ္ပဏီမှ သတင်းအရင်းအမြစ် တစ်ခုကပြောသည်။
ထို့ပြင် ယခင်ကအီရန်နိုင်ငံမှ ဝယ်ယူခဲ့သမျှသော ရေနံစိမ်းများ၏ အရည်အသွေး ပြည့်မီခြင်းရှိ၊ မရှိကို နိုင်ငံအတွင်းရှိ စက်ရုံများ၌စမ်းသပ်ရဖူးခြင်း မရှိကြောင်း အဆိုပါအရင်းအမြစ်က ဆက်ပြောသည်။
အလားတူ ဂျပန်နိုင်ငံ၏ အထင်ကရ ရေနံချက်စက် လုပ်ငန်းဖြစ်သည့် အီနီယော့ဦးပိုင် ကုမ္ပဏီကလည်း ၂ဝ၁၅ ခုနှစ် အီရန်နျူကလီးယား သဘောတူစာချုပ်ပြန်လည် အသက်ဝင်ပါက အီရန်နိုင်ငံမှ ရေနံစိမ်း တင်သွင်းမှုကိုပြန်လည်စတင်ရန် စဉ်းစားသုံးသပ်သွားမည် ဖြစ်ကြောင်း ကုမ္ပဏီဥက္ကဋ္ဌက ဆိုသည်။
လက်ရှိအချိန်တွင် ထိုကဲ့သို့ ဝယ်ယူမှုနှင့် ပတ်သက်၍ ပြင်ဆင်မှုများ မရှိသေးကြောင်း၊ သို့သော် နျူကလီးယား သဘောတူစာချုပ် ပြန်လည်အသက်ဝင်ပါက အီရန်မှ ရေနံစိမ်းများကို ပြန်လည်တင်သွင်း သွားမည်ဖြစ်ကြောင်း ဥက္ကဋ္ဌ ဆူတိုမူဆူဂီမိုရီက သတင်းထောက်များကို ပြောသည်။
အီရန်နိုင်ငံ၏ဒုတိယအကြီးဆုံး ရေနံစိမ်း ဖောက်သည်ဖြစ်သည့် အိန္ဒိယနိုင်ငံကလည်း အီရန်မှ ရေနံစိမ်းဝယ်ယူရေးအတွက် ဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်း သတင်းအရင်းအမြစ် တစ်ခုကပြောသည်။
ထို့ပြင် ၎င်းတို့အနေဖြင့် အီရန်နျူကလီးယား သဘောတူစာချုပ် ရှင်းရှင်းလင်းလင်း ဖြစ်မှုအတွက် စောင့်ဆိုင်းနေခြင်း ဖြစ်ကြောင်း ရေနံချက်စက်ရုံ အသိုင်းအဝိုင်းမှ ထွက်ပေါ်လာသည့် ပြောစကားများအရ သိရသည်။ အရှေ့ဥရောပဒေသတွင် ဖြစ်ပွားနေသောတင်းမာမှုများသည် ကမ္ဘာ့ရေနံ ဈေးကွက်ကို လှုပ်ခတ်စေသော်လည်း အီရန်နှင့်အမေရိကန်တို့ကြား ဆက်ဆံရေး ပြေလည်ပါက ရေနံစိမ်းဈေး ကျဆင်းစေနိုင်ကာ ထိုနှစ်နိုင်ငံကြား ဆွေးနွေးနေပြီဆိုသည့် သတင်း ထွက်ပေါ်လာကတည်းက ရေနံစိမ်းဈေးနှုန်းမှာ အနည်းငယ် ကျရိပ်သန်းလာကြောင်း သိရသည်။