ဂျပန်ကားဈေးကွက်မှာ တိုးပေါက်နိုင်ဖို့ ပြည်ပကား ကုမ္ပဏီများက လျှပ်စစ်ကားများနဲ့ အခွင့်အလမ်းရှာလာ

ဂျပန်ကားဈေးကွက်မှာ တိုးပေါက်နိုင်ဖို့ ပြည်ပကား ကုမ္ပဏီများက လျှပ်စစ်ကားများနဲ့ အခွင့်အလမ်းရှာလာ

ပြည်ပမှ မော်တော်ကား ကုမ္ပဏီများ အနေဖြင့်   အစဉ်အလာကြီးမားသော ဂျပန်နိုင်ငံ၏   ကားဈေးကွက်အတွင်း တိုးပေါက်နိုင်ရေး အတွက် လျှပ်စစ်စွမ်းအင်သုံး မော်တော်ကားများ အသုံးပြုကာ အခွင့်အလမ်းများကို ရှာဖွေလာနေသည်။

ပြည်တွင်းဖြစ်ကိုသာ အားပေးလေ့ရှိသည့် ဂျပန်နိုင်ငံသား အချို့ကလည်း လျှပ်စစ်ကားချင်း တူလျှင်တောင်မှ Honda e ထက် Peugeot e-208 လိုကားမျိုးကို ရွေးချယ်လာကြသည်။

၎င်းတို့၏အကြောင်းပြချက်မှာ Peugeot  က အားတစ်ခါသွင်းပြီးလျှင် ခရီးအကွာအဝေးပိုသွားနိုင်သည့် အတွက်ကြောင့်ဟု ဆိုသည်။

ယခုကဲ့သို့ ဂျပန်နိုင်ငံသား အနည်းငယ်က ပြည်ပမှ လျှပ်စစ်ကားများကို  ဦးစားပေး ဝယ်ယူလာခြင်းသည် ဂျပန်ကားဈေးကွက် တစ်ခုလုံးကို ကြီးကြီးမားမား ထိခိုက်စေခြင်းမရှိပေ။ သို့သော် လျှပ်စစ်ကားများ အစား စွမ်းအင်နှစ်မျိုးစပ်ကားများ၊ ဟိုက်ဒရိုဂျင် လောင်စာစွမ်းအင်သုံး ကားများနှင့် အခြားသော လောင်စာများ အသုံးပြုနိုင်သည့် ကားများ ထုတ်လုပ်ရေးကိုသာ ဦးစားပေး လုပ်ဆောင်နေသော ပြည်တွင်းကား ကုမ္ပဏီများ အတွက် သတိပေး ခေါင်းလောင်းသံဖြစ်လာသည်။

လူငယ်အချို့ကဆိုလျှင် သဘာဝပတ်ဝန်းကျင်အတွက် အကောင်းဆုံးဖြစ်မည့် အရာမျိုးကိုသာ  ဝယ်ယူလိုသည်ဟုလည်း ဆိုထားပြန်သည်။

ကမ္ဘာကျော်ကား ကုမ္ပဏီဖြစ်သည့် တိုယိုတာက ၂ဝ၃ဝ ပြည့်နှစ်အထိ အမေရိကန်ဒေါ်လာ ၆၉ ဘီလီယံ ရင်းနှီးမြှုပ်နှံကာ လျှပ်စစ်စွမ်းအင်သုံး ကားများကို ဖန်တီးထုတ်လုပ်သွားမည်ဟု ကတိပြုထားသည်။

ထို့ပြင်  ယင်းနောက်ပိုင်းတွင် ကမ္ဘာတစ်ဝန်းသို့ လျှပ်စစ်ကားအစီးရေ ၃ သန်းခွဲဝန်းကျင် ရောင်းချသွားနိုင်မည်ဟု မျှော်မှန်းထားသည်။

အဆိုပါပမာဏသည် လက်ရှိတိုယိုတာ ကားကုမ္ပဏီက ကမ္ဘာတစ်ဝန်းတွင် ရောင်းချနေရသော နှစ်စဉ်ကား ရောင်းချရမှု စုစုပေါင်း၏ သုံးပုံတစ်ပုံသာရှိသည်။

ဂျာမနီနိုင်ငံ၏ ဗော့(စ်)ဝက်ဂွန်ကုမ္ပဏီကလည်း ၂ဝ၃ဝ ပြည့်နှစ်နောက်ပိုင်းတွင် ၎င်းတို့ထုတ်လုပ်သမျှသော ကားစုစုပေါင်း၏ ထက်ဝက်က လျှပ်စစ်ကားများ ဖြစ်လာမည်ဟုပြောထားသည်။

ဂျပန်နိုင်ငံ၌ နှစ်စဉ်ရောင်းချနေရသော ကားအစီးရေ ငါးသန်းအနက် ၁ဝ ပုံ ၉ ပုံမှာ ပြည်တွင်း ကုမ္ပဏီများဖြစ်သော တိုယိုတာ၊ ဟွန်ဒါနှင့် နစ်ဆန်း ကုမ္ပဏီတို့မှဖြစ်သည်။

သို့သော် ပြီးခဲ့သည့်နှစ်တွင် ဂျပန်နိုင်ငံအတွင်း ပြည်တွင်းထုတ်ကား ရောင်းချရမှု စုစုပေါင်းအရေအတွက်မှာ ၃ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းကာ ပြည်ပမှ တင်သွင်းသော ကားများရောင်းချရမှုက ၁ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်လာသည်။

အထူးသဖြင့်   လျှပ်စစ်ကားများ တင်သွင်းရောင်းချရမှုက အစီးရေ ၈၆၁ဝ အထိ သုံးဆမြင့်တက် လာခြင်းဖြစ်ကြောင်း ဂျပန်မော်တော်ကား တင်သွင်းသူများ အသင်း၏ ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ ကားများအနက် ထက်ဝက်ခန့်မှာ တက်စလာကုမ္ပဏီ ထုတ်ကားများ ဖြစ်သည်ဟု လေ့လာသူများ ဆိုသည်။ ယခုအခါ  ဂျာမနီနိုင်ငံ၏ အကြီးဆုံးကား ကုမ္ပဏီဖြစ်သော ဗော့(စ်)ဝက်ဂွန်က ဂျပန်နိုင်ငံအတွင်း လျှပ်စစ်ကားများ ရောင်းချနိုင်ရေးအတွက် မျှော်မှန်း လုပ်ဆောင်လာသည်။

၂ဝ၂၄ ခုနှစ်တွင် ဂျပန်နိုင်ငံ၌ ၎င်းတို့၏ လျှပ်စစ်ကားအစီးရေ ၁၂ စီးခန့်ရောင်းချနိုင်ရေး ရည်မှန်းထားသည်။ ထို့ပြင် ၎င်းတို့၏အစီအစဉ်များတွင် ဈေးနှုန်းချိုသာသော အော်ဒီနှင့် ဗော့(စ်)ဝက်ဂွန်ကားများကို ယခုနှစ်အတွင်း ဂျပန်နိုင်ငံ၌ အစီးရေ အများအပြား ရောင်းချနိုင်ရေးလည်း ပါဝင်သည်ဟုဆိုသည်။

အလားတူ တောင်ကိုရီးယား နိုင်ငံမှနာမည်ကျော် ဟွန်ဒေးကုမ္ပဏီကလည်း ဂျပန်နိုင်ငံအတွင်း အရောင်းထိုင်းသည့် အတွက်  ထွက်ခွာသွားရပြီးနောက် ၁၂  နှစ်ကျော်အကြာတွင် ယင်းနိုင်ငံသို့ပြန်လည် ဝင်ရောက်လာပြီဖြစ်သည်။

ဟွန်ဒေးကုမ္ပဏီက ဂျပန်ကား ဈေးကွက်သို့ပြန်လည် ဝင်ရောက်ရာတွင် ဟိုက်ဒရိုဂျင်လောင်စာသုံး ကားများနှင့်   လျှပ်စစ် စွမ်းအင်သုံးကားများဖြင့် ဝင်ရောက်လာခြင်း ဖြစ်သည်။ ထို့အတူ ၎င်းတို့၏ကားများ အရောင်းတွင်ကျယ်စေရေး အတွက် ဂျပန်နိုင်ငံရှိ ဆွမ်ပိုအာမခံကုမ္ပဏီနှင့် ပူးပေါင်းကာ အာမခံကာလအတွင်း တစ်စုံတစ်ရာဖြစ်ပွားပါက ကားအသစ်တစ်စီး အစားထိုးပေးမည့် အစီအစဉ်ကိုလည်း ချမှတ်ထားသည်။