ပေါင်းစည်းတူယှဉ် ပြည်ထောင်စုဥယျာဉ်

ပေါင်းစည်းတူယှဉ် ပြည်ထောင်စုဥယျာဉ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းစသော မြန်မာပြည်ဖွား တိုင်းရင်းသားလူမျိုး ၁၀၀ ကျော်တို့သည် ရှေးနှစ်ပေါင်းထောင်ချီ သောကာလကပင် စည်းလုံးညီညွတ်စွာ အတူလက်တွဲ နေထိုင်ခဲ့ကြသည်။ တောင်တန်း၊ ပြည်မဒေသမတူ၊ ဘာသာစကားမတူ၊ ကိုးကွယ်ယုံကြည်မှု၊ ဝတ်စားဆင်ယင်မှု မတူကွဲပြား ကြသော်လည်း မြန်မာပြည်သား ဟူသော စိတ်ဓာတ်တူညီမှုဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ခဲ့ကြသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် ပထဝီအနေအထားအရ သမိုင်းကြောင်းယဉ်ကျေးမှု ကြီးမားသော အိန္ဒိယယဉ်ကျေးမှုနှင့် တရုတ်ယဉ်ကျေးမှုတို့အကြားတွင် တည်ရှိနေသော်လည်း  ယနေ့အထိ ခိုင်မာသောမြန်မာ့ယဉ်ကျေးမှုကို တည်ဆောက်နိုင်ခဲ့ပေသည်။ ထိုသို့ မြန်မာ့ယဉ်ကျေးမှု တည်တံ့ခိုင်မာစွာ တည်ဆောက်နိုင်ခြင်းမှာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊  မွန်၊ ရခိုင်၊ ရှမ်း စသော တိုင်းရင်းသားပေါင်းစုံ၏ ယဉ်ကျေးမှုအဖုံဖုံတို့ ပေါင်းဆုံခြင်းမှ ကမ္ဘာ့အလယ်တွင် မြန်မာ့ယဉ်ကျေးမှု ဟူ၍ထည်ဝါစွာ ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်သည်။

ပညာရပ်များ လေ့လာသင်ကြားရာတွင်လည်း မတူညီသော အရာများပေါင်းစပ်မှု သီအိုရီအရ ဘာသာရပ် များကို ပေါင်းစပ်လေ့လာရာမှ ပိုမိုကျယ်ဝန်းသော စွမ်းရည်များ ပေါ်ထွက်လာသည်ကို တွေ့ရှိရသည်။ ယခုခေတ် လေ့လာ သင်ယူနေသော သိပ္ပံပညာရပ်များ၊ ဝိဇ္ဇာပညာရပ်များသည် ဘာသာရပ်တစ်ခုချင်းအလိုက် သီးခြားဂုဏ်ထူး ဝိသေသများ ရှိသော်လည်း ၎င်းဘာသာရပ်များကို လိုအပ်သလို ပေါင်းစပ်လိုက်သော အခါတွင် ပိုမိုကျယ်ဝန်းသော စွမ်းရည်များ ထွက်ပေါ်လာပေသည်။ 

ထို့အတူ နိုင်ငံတစ်နိုင်ငံ သို့မဟုတ် လူမျိုးတစ်မျိုး၏ Socioeconomy (လူမှုစီးပွားဘဝ)ကို လေ့လာလိုပါက ဝိဇ္ဇာပညာရပ်များ ဖြစ်သော သမိုင်း၊ ပထဝီဝင်၊ ဘောဂဗေဒ စသည့်ဘာသာရပ်များ ပေါင်းစပ် လေ့လာရပေသည်။

နိုင်ငံတစ်နိုင်ငံ၏ မဟာဗျူဟာ အချက်အချာကျမှုကို သိရှိရန် သမိုင်းနှင့်ပထဝီကို ပေါင်းစပ်ပြီး Geopolitic ဟူသော ပထဝီနိုင်ငံရေး ရှုထောင့်မှ လေ့လာရပေမည်။

ထိုကဲ့သို့ပင် မတူညီသော ပညာရပ်များကို လိုအပ်သလို ပေါင်းစပ်လေ့လာပါက လူ့လောကအတွက် ပိုမိုအကျိုးရှိစွာ ဆောင်ရွက်နိုင်မည် ဖြစ်သည်။ ယခုကာလတွင် နိုင်ငံတော် အစိုးရအနေဖြင့် မတူညီသော အရာများကို ပေါင်းစပ်ရာမှ ပေါ်ထွက်လာသည့် စွမ်းအင်များကို နိုင်ငံတော်ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ထိရောက်စွာ ဆောင်ရွက်ပေးရန် ကြိုးပမ်းနေပြီ ဖြစ်သည်။ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ နိုင်ငံတော်ဖွံ့ဖြိုးရေး လုပ်ငန်းများကို နယ်စပ်ဒေသများ၌ ထိရောက်စွာ ဆောင်ရွက်နိုင် ရန်အတွက် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်များ တည်ထောင်၍ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိသည်။

ထိုဒီဂရီကောလိပ်များ တက်ရောက်ရန်အတွက် တက္ကသိုလ် ဝင်စာမေးပွဲ အောင်မြင်သော နယ်စပ်ဒေသ အသီးသီးရှိ တိုင်းရင်းသားလူငယ်များအား   သတ်မှတ်ထားသော စည်းကမ်းများနှင့်အညီ ရွေးချယ်ပြီး ဝိဇ္ဇာဘွဲ့(B.A)၊ သိပ္ပံဘွဲ့ (B.Sc)၊ အင်ဂျင်နီယာဒီပလိုမာဘွဲ့ (AGTI) အတွက် သင်ကြားပို့ချလျက်ရှိသည်။

ဝိဇ္ဇာဘွဲ့အတွက်သင်ကြားရသော ဘာသာရပ်များမှာ စီးပွားရေးပညာ၊ မနုဿဗေဒ၊ မြန်မာစာ၊ ပထဝီဝင်၊ သမိုင်း၊ အင်္ဂလိပ်စာ၊ စိတ်ပညာတို့ဖြစ်ပြီး သိပ္ပံဘွဲ့အတွက် သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒနှင့် အင်ဂျင်နီယာ ဘွဲ့အတွက်  မြို့ပြ၊  အီလက်ထရွန်နစ်၊ လျှပ်စစ်စွမ်းအား၊ စက်မှုစွမ်းအားဘာသာရပ်များ ဖြစ်ကြသည်။ ကျောင်းသား၊ ကျောင်းသူအားလုံးအနေဖြင့် ကွန်ပျူတာသိပ္ပံ၊ ပြည်ထောင်စုစိတ်ဓာတ်ဘာသာရပ်နှင့် ယဉ်ကျေးမှု ဘာသာရပ်များကိုလည်း သင်ယူကြရသည်။ ထို့ကြောင့် ဤဒီဂရီကောလိပ်များမှ ကျောင်းသား၊ ကျောင်းသူများသည်  သက်ဆိုင်ရာစာပေ ဘာသာရပ်ပေါင်းစုံ၏ အခြေခံသဘောတရားများကို ခြုံငုံလေ့လာ နိုင်သောကြောင့် အတွေးအမြင်များ ကျယ်ပြန့်စွာ တွေးခေါ်နိုင်သကဲ့သို့ လက်တွေ့နယ်ပယ်၌ လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း လက်တွေ့ကျကျ ထိရောက်စွာ ဆောင်ရွက်နိုင်ပေမည်။    ဤဒီဂရီကောလိပ်တို့မှ အရည်အချင်းမီသူများသည် ဘွဲ့လွန်သင်တန်းများကို သက်ဆိုင်ရာတက္ကသိုလ်များတွင် ဆက်လက်တက်ရောက်

နိုင်ပြီး မဟာဘွဲ့၊  မဟာသုတေသနဘွဲ့၊  ပါရဂူဘွဲ့များ အသီးသီးရရှိနိုင်သည်။ ထို့ပြင် အင်ဂျင်နီယာဒီပလိုမာ ရရှိပြီးသော သူများအနက်မှ  ထူးချွန်ထက်မြက်သော သူများကို ဆက်လက်ပညာဆည်းပူးခွင့်ရအောင် စီစဉ်ပေးသဖြင့် အင်ဂျင်နီယာဘွဲ့ (B.E) နှင့် မဟာအင်ဂျင်နီယာဘွဲ့(M.E)များ ရရှိသည်အထိ ဆက်လက်ကြိုးစားခွင့်ရှိသည်။

ဤဒီဂရီကောလိပ်များတွင်  မြန်မာနိုင်ငံ၏ ဒေသပေါင်းစုံမှ တိုင်းရင်းသားများဖြစ်သော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းစသော တိုင်းရင်းသားလူငယ်များ လာရောက်ပေါင်းဆုံ၍ ပညာသင်ယူလျက်ရှိသည်။ ထိုတိုင်းရင်းသား လူငယ်များသည် မိမိတို့၏ကျောင်းစာများသာမက တက္ကသိုလ် ဗုဒ္ဓဘာသာအသင်းကြီး (ရန်ကုန်)က ကြီးမှူးကျင်းပသော အာဂုံဆောင်စာပြန်ပွဲများ၊ သာသနာရေးဝန်ကြီးဌာနက ကျင်းပသော အဘိဓမ္မာစာမေးပွဲများ၊ ကျောင်းတွင်း အားကစားလှုပ်ရှားမှုနှင့် အခြားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ပြီး ထူးချွန်ဆုများ ရရှိခဲ့ကြသည်။

ဤဒီဂရီကောလိပ်ကျောင်းများတွင် တိုင်းရင်းသားရေးရာဌာနကို ဖွင့်လှစ်ထားပြီး ပြည်ထောင်စုစိတ်ဓာတ်  ဘာသာရပ်၊ အဆင့်မြင့်ယဉ်ကျေးမှုဘာသာရပ်များကို ပထမနှစ်မှစတုတ္ထနှစ်အထိ သင်ကြားပို့ချလျက်ရှိသည်။ မျက်မှောက်ခေတ် မြန်မာ့ရေးရာသာမက ကမ္ဘာ့ရေးရာများကိုလည်း သင်ကြားပို့ချပေးသည်။ ထိုသို့ သင်ကြားရသည့်အတွက် ပြည်ထောင်စု စိတ်ဓာတ်ပိုမို ရှင်သန်ခိုင်မာလာပြီး   တိုင်းရင်းသား အချင်းချင်း နားလည်မှုရရှိကာ စည်းလုံးညီညွတ်မှု ခိုင်မြဲစေသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အနေဖြင့် ပြောင်းလဲလာသော အခြေအနေများနှင့်အညီ   ကမ္ဘာ့နိုင်ငံများနှင့် ကူးလူးဆက်ဆံရာတွင် ဝန်းရံ ထိုးဖောက်လာသော Cultural Globalization များကို ဘေးတွင်အကာအဖြစ် သာထားပြီး မျိုးချစ်ပြည်ချစ်စိတ်နှင့် ညီညွတ်မှုရှိသော   ပြည်ထောင်စုစိတ်ဓာတ် (Union Spirit)ကို အနှစ်အဖြစ်ထားကာ ကိုယ်ပိုင်ယဉ်ကျေးမှု ကိုယ်ခံအင်အားကို တည်ဆောက်ရမည် ဖြစ်သည်။ ကမ္ဘာ့နိုင်ငံများနှင့် ခေတ်မီ ရင်ပေါင်တန်းနိုင်ရန် တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်သည့် ပြည်ထောင်စုစိတ်ဓာတ် (Union Spirit)သည်သာ အဓိကစွမ်းအားဖြစ်ပေသည်။ ထို့ကြောင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရန်အတွက် တိုင်းရင်းသားအားလုံး ပြည်ထောင်စုစိတ်ဓာတ်ကို ခိုင်ကျည်စွာ မွေးမြူရန် အထူးလိုအပ်သည်။ သို့မှသာ ပတ်ဝန်းကျင်က ရိုက်ခတ်လာသောဒဏ်ကို ကြံ့ကြံ့ခံနိုင်ပြီး အမျိုးဂုဏ်၊ ဇာတိဂုဏ်၊ ရိုးရာယဉ်ကျေးမှုများကို ထိန်းသိမ်းလျက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး    တည်တံ့ခိုင်မြဲအောင် ဆောင်ရွက်နိုင်ပေမည်။

ဤဒီဂရီကောလိပ်များမှကျောင်းဆင်းသော ပညာတတ်လူငယ်များသည်   ဒို့တာဝန်အရေးသုံးပါးကို အသက်နှင့်ထပ်တူ ထိန်းသိမ်းစောင့်ရှောက်လိုသော စိတ်ရှိခြင်း၊ ပြည်ထောင်စု စိတ်ဓာတ် ရှင်သန်ခိုင်မာ၍ ပြည်ထောင်စု ဖြိုခွဲမည့် ရန်သူများအား ကာကွယ်ဖယ်ရှား စောင့်ရှောက်လိုစိတ်ရှိခြင်း၊ တိုင်းရင်းသားတို့၏ ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံများ မပျောက်ပျက်အောင် ထိန်းသိမ်းလိုစိတ်ရှိခြင်း၊ တစ်အူထုံ့ဆင်းညီရင်းအစ်ကိုများပမာ ဥမကွဲသိုက်မပျက် စည်းလုံးညီညွတ်စွာ နေထိုင်လိုခြင်း၊ အနာဂတ်တွင် တိုင်းရင်းသား လူမျိုးအချင်းချင်း တစ်ဦးနှင့်တစ်ဦးနားလည်ပြီး အေးအတူပူအမျှ အေးချမ်းသာယာသော  လူ့ဘောင်လောက ဖော်ဆောင်လိုခြင်းစသော လောကပါလတရားများ ပြည့်ဝသည့် လူကောင်းလူတော်၊ နိုင်ငံသားကောင်းများဖြစ်ပေါ်လာရန် စနစ်တကျ လေ့ကျင့်ကြိုးပမ်းခဲ့သူများ ဖြစ်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားများအားလုံး တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်ရေးကို ခေတ်အဆက်ဆက်နိုင်ငံတော် အစိုးရများက အစဉ်တစိုက်ရှေးရှု ဆောင်ရွက်ခဲ့ကြသည်။ ထိုဆောင်ရွက်ချက်များ၏ အသီးအပွင့်များအဖြစ် ပေါ်ထွန်းလာခဲ့သော  နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းများ၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်)၊ (စစ်ကိုင်း)တို့သည် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ခဲ့ပြီး ပြည်ထောင်စုဖွား တိုင်းရင်းသားလူငယ်များအား လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်အတွက် ဝန်ထမ်းကောင်း၊  ခေါင်းဆောင်ကောင်းများ ဖြစ်ပေါ်လာရေးတို့အတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြပေသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးသည် တိုင်းရင်းသားပေါင်းစုံစည်းလုံး တူယှဉ်ကာ ပွင့်လန်းနေသော ပန်းဥယျာဉ်ကြီးသာ ဖြစ်ပေတော့သည်။ မြန်မာပြည်ဖွား တိုင်းရင်းသားတို့၏ ချစ်ကြည်ပေါင်းစည်းမှုကို ဖော်ဆောင်သော ကဗျာတစ်ပုဒ်အား ဂုဏ်ပြုစပ်ဆို ဖော်ပြအပ်ပါသည်-

          မြောက်ဖျားမြန်မာ

          ကချင်ပြည်မှာ

          မေခ မလိခပေါင်းဆုံကာ

          တောလည်းတောင်သာ

          ဖြတ်ကျော်တော့

          ဧရာဝတီဖြစ်တည်ပေါ့။

          ချင်းပြည်နယ်လည်းဖြတ်သန်းလာ

          ဧရာချင်းတွင်းပေါင်းဆုံကာ

          မေတ္တာရေတွေ တိုးကာပွား

          တောင်ပေါ်မြေပြန့် ညီအစ်ကိုများ။

          ရှမ်းပြည်နယ်မှ

          ကိုရွှေလီ၊ ဧရာဝတီနဲ့

          ပေါင်းဆုံသည်

          မြန်ပြည်အလှတိုးကာပွား

          တစ်အူထုံ့ဆင်းညီအစ်ကိုများ။

          ရခိုင်ဒေသ ကစ္ဆပနဒီ

          စီးဆင်းလာသည့် မြန်ရွှေပြည် ၊

          ညီပုကလေးစစ်တောင်းလည်း

          အားဖြည့်ကာပင် စီးဆင်းမြဲ။

          ရွှေသံလွင်လည်း မနေသာ

          ကရင်၊ ကယား ၊ မွန်  မကျန် သယ်ဆောင်လာ

          မြန်ပြည်အင်အားတိုးကာပွား

          အေးအတူ ပူအမျှ ညီအစ်ကိုများ။

          ဤသို့သာပင်

          မြန်ပြည်တစ်ခွင်

          မြစ်နဒီတို့ အလှဆင်

          ကချင်လည်းချစ် ချင်းလည်းချစ်

          ရခိုင် မွန် ကယား ရှမ်းပါချစ်။

          တိုင်းရင်းသားတို့ မေတ္တာဝေ

          တောင်တန်းမြေပြန့် မခွဲခြားပေ

          ပေါင်းဆုံလာလို့ ချစ်ကြည်မဆုံး

          မြန်ပြည်သားတို့ တပြုံးပြုံး

          သွေးစည်းကြမည် တစ်သက်လုံး။   ။

မြတ်နိုးမေ