ငယ်ဘဝ

ယမန်နေ့မှအဆက်

မောင်ငြိမ်းချမ်းခေါင်းညိတ်ပြရင် မျက်ရည်တစ်ပေါက်ကျသွားပါသည်။

“ဆရာလည်း  အခွင့်သင့်တိုင်းပြန်လာပြီး  မင်းနဲ့တွေ့မှာပါ...”

မောင်ငြိမ်းချမ်းကို ဆုံးမစကား၊ အားပေးစကားများပြောပြီး ဆရာပြောင်းသွားပါသည်။ ဆရာပြောင်းသွားပြီးမှ မောင်ငြိမ်းချမ်း ဆရာ့ကိုသိပ်ချစ်ကြောင်းကောင်းစွာ သိလာရသည်။ ညအချိန်မှာ အိပ်၍ပင်မရ။ ဆရာ့ကို သတိရလွန်း၍ မျက်ရည်များစီးကျနေသည်။ ကျောင်းရောက်စတုန်းကလို အားငယ်စိတ်များလည်း ပြန်ဝင်လာမိသည်။

သို့သော် ဆရာမှာခဲ့သည့်အတိုင်း ဆရာ့ကိုသတိရလျှင် စာကိုပို၍ကြိုးစားသည်။ ပထမအစမ်းကလည်း တဖြည်းဖြည်းနီးလာပြီ။

ဆရာပြောသည်မှာ မှန်သည်။ ဤကျောင်းမှ ဒုတိယတန်းအောင်ပြီး တတိယတန်းသို့တက်လာကြသည်။

ဌေးအောင်၊    ဝင်းဇော်၊   ခင်နု၊   သဇင်တို့အုပ်စုမှာ စာသိပ်တော်သည်။ သိပ်လည်းကြိုးစားသည်။ အိမ်မှလည်း  ကူညီသင်ကြားပေးဟန်တူပါသည်။  ဆရာ၊ဆရာမများနှင့်လည်း  ခင်မင်ရင်းနှီးကြသည်။  စာမေးလိုက်တိုင်း  လက်ညှိုးလေးများ ထောင်ပြီး တလှုပ်လှုပ်တခါခါနှင့်    ဖြေချင်နေကြသည်။    မေးလျှင်လည်း ကောင်းစွာဖြေနိုင်သည်။

သူတို့ကို မောင်ငြိမ်းချမ်းအားကျမိသည်။ သူတို့ကို မီချင်စိတ်နှင့် အစွမ်းကုန်ကြိုးစားရသည်။ သို့သော်ဝေးလံသော ကျေးလက်တောရွာမှလာရ၍ မိဘအုပ်ထိန်းသူများနှင့်ဝေးကွာခြင်း၊ မိဘမဲ့ဘော်ဒါဆောင်မှာ နေရသူဖြစ်ခြင်း စသည်တို့ကလည်း အားငယ်စိတ်ရှိနေပါသည်။

ဆရာကပြောင်းသွားသောအခါ သိမ်ငယ်စိတ်ပါဖြစ်ရပြန်သည်။

ပထမအစမ်းစာမေးပွဲကို မောင်ငြိမ်းချမ်းကောင်းစွာဖြေနိုင်ပါသည်။       အောင်စာရင်းထွက်သည့်အခါ မောင်ငြိမ်းချမ်း ဘာသာစုံအောင်၍ အဆင့် ၇ ရပါသည်။

ဆရာဦးစံလှိုင် ဖြစ်စေချင်သည့်အတိုင်း အဆင့် ၁၀ အတွင်းဝင်၍ ဝမ်းသာရသေးသည်။

ဆရာကလည်း ပထမဆုံးအကြိမ် လခထုတ်သည့်နေ့မှာပင်    မိဘမဲ့ကျောင်းသို့ ပြန်ရောက်လာသည်။

မောင်ငြိမ်းချမ်းအတွက် ဆုပါလာကြောင်းပြောသည်။

“ကျွန်တော်   အဆင့်ဘယ်လောက်ရတယ်ဆိုတာ ဆရာမသိဘဲနဲ့ ဘာလို့ကြိုဝယ်လာရတာလဲ...”

ဆရာကပြုံးသည်။

“မင်းအဆင့် ၁၀ အတွင်းဝင်မယ်ဆိုတာ အသေအချာသိတာပေါ့ ကဲပြော...အဆင့်ဘယ်လောက်ရလဲ...”

ဆရာက   မောင်ငြိမ်းချမ်းကိုကြည့်၍    အဖြေကိုနားထောင်နေသည်။

“ခွန်...”

“တော်တယ်ကွာ...ဆရာထင်တဲ့တိုင်းပဲ...။

ဒုတိယအစမ်းကျရင် အဆင့်ငါးအတွင်းဝင်အောင်ကြိုးစား...”

ဆရာက မောင်ငြိမ်းချမ်းပခုံးနှစ်ဖက်ကို ချစ်ခင်စွာ ဆုပ်ကိုင်လှုပ်ရမ်း၍ ချီးကျူးပြီး ဒုတိယအစမ်းအတွက်လည်း အဆင့်ကို တိုးမြှင့်တောင်းဆိုလိုက်သည်။

ပြီးမှ အဆင့်သင့်ဝယ်လာသော ပိုင်းလော့ဖောင်တိန်လေးကို  ဘူးလေးနှင့်တကွ  မောင်ငြိမ်းချမ်းလက်သို့ ပေးသည်။ မောင်ငြိမ်းချမ်း ဘူးလေးကို ဖွင့်ကြည့်လိုက်သည်။

“ဟာ လှလိုက်တာ...”

မီးခိုးရောင် ကနုကမာကွက်ကလေးများနှင့် ပိုင်းလော့ဖောင်တိန်လေးကို မောင်ငြိမ်းချမ်း သဘောကျနေသည်။

မောင်ငြိမ်းချမ်းအတွက် ပထမဆုံးရသော ကိုယ်ပိုင်ဖောင်တိန်လေးဖြစ်သည်။

အဖေကြီး    ဖောင်တိန်နှင့်ရေးသည်ကိုမြင်ခဲ့ဖူး၍ ရေးကြည့်ချင်စိတ်ဖြစ်မိသည်။ သို့သော် ကိုယ်နှင့်မတန်သေးဟုထင်၍ တောင်းဆိုရန်ဆန္ဒပင်မဖြစ်မိသေး။ ယခုတော့ ဆရာ့ကျေးဇူးကြောင့် ကိုယ်ပိုင်ဖောင်တိန်နှင့် စတင်ရေးခွင့်ရတော့မည်။

“ဒီမှာ...”

ဆရာက ပိုင်းလော့မင်အိုးနှင့်  စုပ်ပိုက်ကလေးပါ ဝယ်လာသည်။

အပြည့်အစုံဝယ်လာပေးသောဆရာ့ကို ကျေးဇူးတင်ရပြန်သည်။

“အသေအချာကြည့်ထား    မင်ထည့်နည်းပြပေးမယ်...”

စနစ်တကျရှိသောဆရာက ဖောင်တိန်ဖွင့်နည်း၊ မင်အိုးဖွင့်နည်း၊   မင်အိုးထဲမှမင်ကို   ပိုက်ဖြင့်စုပ်၍ ဖောင်တိန်ထဲသို့ထည့်နည်း၊ မင်မလျှံအောင်ပိတ်နည်းများကို အသေအချာသင်ပြပေးသည်။

“ကဲ...ရေးကြည့်”

ဆရာက ဖောင်တိန်အသစ်ကလေးနှင့် ရေးကြည့်ရန် စက္ကူချောလေး ထုတ်ပေးသည်။

“ဆရာဦးစံလှိုင်”ဟုရေးလိုက်သည်။

ချောညက်စွာရေးကောင်းသော ဖောင်တိန်လေးကို သဘောကျနေမိသည်။

“ကျေးဇူးတင်ပါတယ်”ဟု မပြောမိသော်လည်း ဆရာ့ကို ကျေးဇူးတင်စွာ ကြည့်နေမိသည်။

မောင်ငြိမ်းချမ်းကိုကြည့်ပြီး ဆရာသဘောကျစွာ ပြုံးနေပါသည်။

ဆရာ ဘော်ဒါဆောင်မှာတစ်ညအိပ်၍ မောင်ငြိမ်းချမ်းနှင့်အတူ နေသွားသည်။

နောက်တစ်နေ့တွင် တနင်္ဂနွေဖြစ်၍ မောင်ငြိမ်းချမ်းကို မြို့ထဲခေါ်သွားပြီး လက်ဖက်ရည်တိုက်သည်။ မုန့်ဝယ်ကျွေးသည်။ ဆရာနှင့်ခဏ အတူနေရသည်ဖြစ်သော်လည်း မောင်ငြိမ်းချမ်း အားတက်ပျော်ရွှင်နေသည်။

ဆရာလည်းပျော်ပါသည်။

ဆရာက တစ်လတစ်ခါလခထုတ်နေ့တိုင်း ပြန်လာမည့်အကြောင်း ပြောပါသည်။

မောင်ငြိမ်းချမ်းက စာပိုကြိုးစားပါမည်ဟု ဆရာ့ကို ကတိပြုသည်။

 ဆက်လက်ဖော်ပြပါမည်။

လယ်တွင်းသားစောချစ်