စည်းလုံးညီညွတ်သောကမ္ဘာဖြစ်ရေးကိုပုံဖော် ပေကျင်းဆောင်းရာသီ အိုလံပစ်ပွဲတော်

စည်းလုံးညီညွတ်တဲ့ ကမ္ဘာကြီးဖြစ်ရေးဆိုတဲ့ကြီးမားတဲ့ မျှော်မှန်းချက်တစ်ရပ်ကို ထည့်သွင်းပုံဖော်ထားတဲ့ ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲတော်ကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်မှာ စတင်ကျင်းပခဲ့ရာ ဖေဖော်ဝါရီ ၂၂ ရက်မှာ ကျင်းပပြီးစီးခဲ့ပြီဖြစ်ပါတယ်။

တကယ်တော့ ဒီဆောင်းရာသီအိုလံပစ်ပွဲတော်ဟာ ဂျပန်နိုင်ငံမှာ လွန်ခဲ့တဲ့ခုနစ်လခန့်က ကျင်းပပြီးစီးခဲ့တဲ့ နွေရာသီအိုလံပစ်ပွဲတော်အပြီး ဆက်လက်ကျင်းပနိုင် ခဲ့တာပဲဖြစ်ပါတယ်။  ဂျပန်နိုင်ငံမှာ နွေရာသီအိုလံပစ် အားကစားပွဲတော်ကို ၂၀၂၀ ပြည့်နှစ်ကတည်းက ကျင်းပဖို့ စီစဉ်ထားခဲ့ပေမယ့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားပျံ့နှံ့မှု မြင့်မားခဲ့တာကြောင့် ဂျပန်အိုလံပစ်ပွဲတော်ကို ၂၀၂၁ ခုနှစ်ဇူလိုင်လမှာ ပြောင်းရွှေ့ကျင်းပခဲ့ရတာပဲ ဖြစ်ပါတယ်။

အခုကျင်းပတဲ့ ပေကျင်းဆောင်းရာသီအိုလံပစ်ကာလမှာလည်း ကိုဗစ်-၁၉ရောဂါဟာ အကင်းမသေသေးဘဲ ကူးစက်ပျံ့နှံ့နေဆဲဖြစ်ပါတယ်။  သို့ပေမယ့် ပြိုင်ပွဲတာဝန်ရှိသူတွေ၊ အားကစားသမားတွေဟာ ကိုဗစ်စည်းကမ်းချက်တွေနဲ့အညီ စနစ်တကျလိုက်နာဆောင်ရွက်ခဲ့လို့ ဒီပြိုင်ပွဲကြီးကို အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့တာပဲဖြစ်ပါတယ်။    

ပေကျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ပေကျင်းမြို့ရဲ့ အထင်ကရအားကစားရုံကြီး ဖြစ်တဲ့အမျိုးသားအားကစားရုံကြီး(ငှက်သိုက်အားကစားရုံကြီး)မှာကျင်းပခဲ့ပါတယ်။ ၂၀၀၈ ခုနှစ် ပေကျင်းနွေရာ သီအိုလံပစ်ပွဲတော်ကို အဲဒီအားကစားရုံကြီးမှာ ကျင်းပခဲ့သောကြောင့်  ထင်ရှားတဲ့ အားကစားကွင်းကြီးတစ်ခု ဖြစ်လာပါတယ်။ ဒီငှက်သိုက်အားကစားကွင်းကြီး တည်ဆောက်မှုဟာ လက်ရာမြောက်လှပါတယ်။  တာဝန်ရှိသူတွေရဲ့ အဆိုအရ အဲဒီအားကစားကွင်းကြီးမှာ ဖွင့်ပွဲနဲ့ပိတ်ပွဲကိုသာ ကျင်းပမယ်လို့ သိရပါတယ်။ ဖွင့်ပွဲအခမ်းအနားမှာ ထူးခြားချက်တစ်ရပ်ကတော့ ဆောင်းရာသီရဲ့ သင်္ကေတဖြစ်တဲ့ နှင်းပွင့်လေးတွေကို ပုံဖော်တဲ့ပြကွက်ပဲ ဖြစ်ပါတယ်။ ညအမှောင်မှာ နိုင်ငံအလိုက်ကိုယ်စားပြုတဲ့ နှင်းပွင့်ငယ်လေးတွေဟာ လေပေါ်ပျံဝဲတက်လာပြီး အားလုံးပေါင်းစည်းပြီးနောက် နှင်းပွင့်ကြီးတစ်ပွင့်အဖြစ် စုစည်းပေါ်ထွက်လာတာပဲ ဖြစ်ပါတယ်။ အလွန်လှပတဲ့မြင်ကွင်းဖြစ်သလို ကမ္ဘာ့နိုင်ငံများရဲ့ ပေါင်းစည်းညီညွတ်ခြင်းကို ပီပြင်စွာ သရုပ်ဖော်နိုင်တာ တွေ့ရပါတယ်။

https://www.myawady.net.mm/sites/default/files/24222x1.jpg

အခမ်းအနားကို တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်က ဖွင့်လှစ်ပေးခဲ့ပြီး  အပြည်ပြည်ဆိုင်ရာ အိုလံပစ် ကော်မတီဥက္ကဋ္ဌ Mr.Bach က အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

အိုလံပစ်ကော်မတီဥက္ကဋ္ဌက အဖွင့်မိန့်ခွန်းမှာ-

မတူကွဲပြားမှုတွေ၊ ပဋိပက္ခတွေ၊ မယုံကြည်မှုတွေ မြင့်တက်ပြီး ပျက်စီးလွယ်တဲ့ ယနေ့ကမ္ဘာကြီးမှာ တစ်ချိန် တည်းမှာပဲ ဒီပြိုင်ပွဲဟာနိုင်ငံအချင်းချင်း၊ အားကစားသမား အချင်းချင်း စည်းလုံးညီညွတ်စွာ၊ ငြိမ်းချမ်းစွာ၊ အပြန်အလှန်လေးစားမှုရှိစွာနဲ့   ပြိုင်ပွဲကို  အားကြိုးမာန်တက် ယှဉ်ပြိုင်နိုင်ကြတယ် ဆိုတာ ကမ္ဘာကိုပြသနိုင်မယ့် ပွဲပဲ ဖြစ်ပါတယ်။      

ဒီလိုငြိမ်းချမ်းစွာအတူတကွယှဉ်ပြိုင်ခြင်းဖြင့် အချင်းချင်း စည်းလုံးညီညွတ်မှုကို ဖော်ပြနိုင်တယ်ဆိုတဲ့ အချက်ဟာ ဒီအိုလံပစ်ပြိုင်ပွဲရဲ့ ရည်မှန်းချက်ပဲ ဖြစ်ပါတယ်။ကျွန်ုပ်တို့ တစ်တွေဟာ အမြဲတမ်းပေါင်းကူး တံတားတွေ ပဲတည်ဆောက်ကြမယ်၊ ဘယ်တော့မှပိုင်းခြားတဲ့ နံရံတွေ မစိုက်ထူ၊ မတည်ဆောက်ဘူး၊ ကျွန်ုပ်တို့ တစ်တွေဟာ

ဘယ်လိုပင်မတူ ကွဲပြားနေကြပါစေ ဒီပြိုင်ပွဲကတစ်ဆင့် လူသားတွေပေါင်းစည်းနိုင်တယ်ဆိုတာ ကမ္ဘာကို ပြသနိုင်ဖို့ပဲ ဖြစ်ပါတယ် လို့ ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။

တကယ်တော့ ပေကျင်းဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲမှာ ဖော်ပြပါထူးခြားချက် ဝိသေသရှိရုံတင်မက အခြားထူးခြားချက် တစ်ခုလည်း ရှိပါသေးတယ်။ ဒီပြိုင်ပွဲမှာ အသုံးပြုတဲ့ မီးရှူးတိုင်တွေ၊ လောင်စာတွေကတစ်ဆင့် ထွက်ပေါ်လာမယ့် ကာဗွန်ဒိုင်အောက်ဆိုက်ကို လျှော့ချနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဒီအိုလံပစ်အားကစားပွဲတော်ရဲ့ လက်ဆင့်ကမ်းလှုပ်ရှားမှုမှာ အသုံးပြုတဲ့ မီးရှူးတိုင်တွေမှာ လောင်စာအဖြစ် ဟိုက်ဒရိုဂျင်ကို အသုံးပြုထားတာပဲ ဖြစ်ပါတယ်။ ဆောင်းရာသီအိုလံပစ် အားကစားပြိုင်ပွဲ သမိုင်းမှာ မီးရှူးတိုင်ရဲ့ သုညကာဗွန်ထုတ်လွှတ်မှုကို ပထမဆုံးအကြိမ်    အကောင်အထည်ဖော်နိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။ ၎င်းမီးရှူးတိုင်မျိုးဟာအဆင့် ၁၀ ဆင့်ရှိတဲ့လေပြင်း၊ သုညအောက် ၄၀ ဒီဂရီစင်တီဂရိတ်ရှိတဲ့ လေထုအပူချိန်၊ မိုးသည်းထန်စွာရွာသွန်းမှုနဲ့ ပင်လယ်ရေပြင်အထက် မီတာ ၅၀၀၀ အမြင့်ရှိတဲ့ နေရာ စတဲ့ဆိုးရွားတဲ့ သဘာဝအခြေအနေမျိုးမှာတောင် တည်ငြိမ်စွာ လောင်ကျွမ်းနိုင်တယ်လို့ ဆိုပါတယ်။ ဒါတင်မက ဟိုက်ဒရိုဂျင်လောင်စာသုံးဘတ်စကားတွေနဲ့ လျှပ်စစ်ယာဉ်တွေဟာ အိုလံပစ်ပွဲမှာ ဝန်ဆောင်မှုပေးတဲ့ယာဉ်တွေ စုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းရှိတယ်လို့ ဆိုပါတယ်။

ပြောရရင်   ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲတော် ဖြစ်ပေါ်လာခြင်းရဲ့အစဟာ ၂၀၁၃ ခုနှစ်ကလို့ဆိုရမှာ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် ဆောင်းရာသီအိုလံပစ်ပွဲတော်အတွက် ကျင်းပမယ့်မြို့ကို နိုင်ငံများက ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၁၄ ရက် နောက်ဆုံးထားပြီး လျှောက်ထားကြရပါတယ်။    လျှောက်ထားမှုတွေကို  အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီက   စိစစ်ရွေးချယ်ပါတယ်။

လျှောက်ထားသည့်နိုင်ငံအချို့မှ အိုလံပစ်ကော်မတီတို့ဟာ ပြိုင်ပွဲကျင်းပစရိတ်များပြားခြင်း၊ ဒေသတွင်း ထောက်ပံ့မှု အားနည်းခြင်း တို့ကြောင့် နုတ်ထွက်သွားခဲ့ကြပြီး ၂၀၁၄ ခုနှစ် ဇူလိုင်လ ၇ ရက်ရွေးချယ်မှု အပြီးတွင် နော်ဝေနိုင်ငံအော်စလိုမြို့၊ တရုတ်နိုင်ငံ ပေကျင်းမြို့နှင့် ကာဇက်စတန်နိုင်ငံ အာမာတီမြို့တို့သာ ဆန်ခါတင်ကျန်ခဲ့ပါတယ်။  သို့သော်  နော်ဝေနိုင်ငံအိုလံပစ်ကော်မတီဟာ ကုန်ကျမည့်စရိတ်ကို လွှတ်တော်သို့တင်ရာ ပယ်ချခံရသဖြင့် ပြိုင်ပွဲကျင်းပရန် လျှောက်ထားခြင်းမှ နုတ်ထွက်သွားခဲ့ပါတယ်။ သို့နှင့် ၂၀၁၅ ခုနှစ် ဇူလိုင် ၃၁ ရက်က  မလေးရှားနိုင်ငံ  ကွာလာလမ်ပူမြို့၌ ကျင်းပတဲ့နောက်ဆုံး ရွေးချယ်ပွဲမှာ တရုတ်နိုင်ငံပေကျင်းမြို့က လေးမှတ်အသာဖြင့် အနိုင်ရပြီးရွေးချယ်ခံခဲ့ရခြင်း ဖြစ်ပါတယ်။

၂၀၂၂ ပေကျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲမှာ အားကစားနည်းခုနစ်မျိုးတွင် ပွဲစဉ်ပေါင်း ၁၀၉ ခု ပါဝင်ကျင်းပ ခဲ့ပါတယ်။ ဒေသတွင်းနဲ့နိုင်ငံပေါင်း ၉၀ ခန့်က ပြိုင်ပွဲဝင်ပေါင်း သုံးထောင်ခန့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ပြိုင်ပွဲကျင်းပတဲ့ နေရာအတော်များများဟာ ၂၀၀၈ နွေရာသီအိုလံပစ်ပြိုင်ပွဲ ကျင်းပတဲ့ နေရာတွေကို စနစ်တကျ ပြန်လည်ပြုပြင်ပြီး အသုံးပြုခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။ တကယ်တော့ပြိုင်ပွဲ ကျင်းပတဲ့နေရာကြီးဟာ သုံးနေရာပဲရှိပါတယ်။ ဒါတွေကတော့ ပေကျင်းဇုန်၊ Zhangjiakou ဇုန်နဲ့ ရန်ချန်းဇုန်ဆိုတဲ့ အားကစားရွာတို့ပဲ ဖြစ်ပါတယ်။

ပေကျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲဟာ(၂၄)ကြိမ်မြောက်ပြိုင်ပွဲ ဖြစ်ပါတယ်။ ပထမအကြိမ်အိုလံပစ်ပွဲတော်ကို ၁၉၂၄ ခုနှစ်မှာ ပြင်သစ်နိုင်ငံကစတင် ကျင်းပခွင့်ရခဲ့တာ ဖြစ်ပါတယ်။ ဆောင်းရာသီအိုလံပစ် သမိုင်းကို ပြန်ကြည့် ရင်ဒုတိယအကြိမ်ကို ဆွစ်ဇာလန်(၁၉၂၈)၊ အဲဒီနောက်အမေရိကန်(၁၉၃၂)၊ ဂျာမနီ(၁၉၃၆)၊ ဂျပန် (၁၉၄၀လျာထားချက်)၊ အီတလီ(၁၉၄၄လျာထားချက်)၊ ဆွစ်ဇာလန်(၁၉၄၈)၊    နော်ဝေ(၁၉၅၂)၊  အီတလီ(၁၉၅၆)၊  အမေရိကန်(၁၉၆၀)၊ သြစတြီးယား(၁၉၆၄)၊ ပြင်သစ်(၁၉၆၈)၊ ဂျပန်(၁၉၇၂)၊ သြစတြီးယား(၁၉၇၆)၊ အမေရိကန်(၁၉၈၀)၊ ယူဂိုဆလားဗီးယား(၁၉၈၄)၊ ကနေဒါ(၁၉၈၈)၊ ပြင်သစ်(၁၉၉၂)၊  နော်ဝေ(၁၉၉၄)၊  ဂျပန်(၁၉၉၈)၊ အမေရိကန်(၂၀၀၂)၊ အီတလီ(၂၀၀၆)၊ ကနေဒါ(၂၀၁၀)၊ ရုရှား(၂၀၁၄)၊ တောင်ကိုရီးယား(၂၀၁၈)၊ တရုတ်(၂၀၂၂)တို့မှာ ကျင်းပခဲ့တာ လေ့လာတွေ့ရှိရပါတယ်။

ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲတွေကျင်းပနိုင်ဖို့ နိုင်ငံတိုင်းမှာ မဖြစ်နိုင်ပါဘူး။ အဓိကအချက်နှစ်ချက်ကြောင့် ဖြစ်ပါတယ်။ ပထမအချက်က ကျင်းပတဲ့နိုင်ငံဟာ ငွေကြေးအများအပြား အကုန်အကျခံနိုင်ဖို့ လိုပါတယ်။

နောက်တစ်ချက်က ရေခဲတွေ၊ ဆီးနှင်းတွေဖုံးလွှမ်းတဲ့ နိုင်ငံမျိုးဖြစ်ဖို့ လိုပါတယ်။     ဝင်ရောက်ယှဉ်ပြိုင်တဲ့ အားကစားသမားတွေကလည်း ရေခဲပြင်အားကစား၊ ဆီးနှင်းပြင်အားကစားတွေနဲ့ အလေ့အကျင့်ဖြစ်နေဖို့ လိုပါတယ်။ ဆောင်းရာသီ အားကစားပြိုင်ပွဲကို အပူပိုင်းဒေသက အားကစားသမားတွေ ပြိုင်ပွဲဝင်နိုင်ကြတာဟာ အအေးပိုင်းနိုင်ငံတွေမှာ  ပြိုင်ပွဲမဝင်မီ  အချိန်ယူ သွားရောက် လေ့ကျင့်ခဲ့ကြလို့ပဲ ဖြစ်ပါတယ်။

ဒီနေရာမှာအလျဉ်းသင့်လို့ နွေရာသီအိုလံပစ်ပြိုင်ပွဲ ကျင်းပခဲ့မှု သမိုင်းကိုလည်း ဖော်ပြချင်ပါတယ်။  ပထမ အကြိမ်ပြိုင်ပွဲကို ၁၈၉၆ ခုနှစ်မှာ ဂရိနိုင်ငံအေသင်မြို့မှာ စတင်ကျင်းပခဲ့ပါတယ်။ အဲဒီနောက်ပြင်သစ်(၁၉၀၀)၊ အမေရိကန်(၁၉၀၄)၊ ဗြိတိန်(၁၉၀၈)၊ ဆွီဒင်(၁၉၁၂)၊ ဂျာမနီ(၁၉၁၆-လျာထား)၊ ဘယ်လ်ဂျီယံ(၁၉၂၀)၊ ပြင်သစ်(၁၉၂၄)၊ နယ်သာလန်(၁၉၂၈)၊ အမေရိကန်(၁၉၃၂)၊ ဂျာမနီ(၁၉၃၆)၊ ဂျပန်(၁၉၄၀-လျာထား)၊ ဗြိတိန်(၁၉၄၄-လျာထား)၊ ဗြိတိန်(၁၉၄၈)၊ ဖင်လန်(၁၉၅၂)၊ သြစတြေးလျ(၁၉၅၆)၊ အီတလီ(၁၉၆၀)၊ ဂျပန်(၁၉၆၄)၊ မက္ကဆီကို(၁၉၆၈)၊ ဂျာမနီ(၁၉၇၂)၊ ကနေဒါ(၁၉၇၆)၊ ရုရှား(၁၉၈၀)၊ အမေရိကန်(၁၉၈၄)၊ တောင်ကိုရီးယား(၁၉၈၈)၊ စပိန်(၁၉၉၂)၊ အမေရိကန် (၁၉၉၆)၊ သြစတြေးလျ(၂၀၀၀)၊ ဂရိ(၂၀၀၄)၊ တရုတ်(၂၀၀၈)၊ ဗြိတိန်(၂၀၁၂)၊ ဘရာဇီး(၂၀၁၆)၊ ဂျပန်(၂၀၂၀-၂၀၂၁ ဇူလိုင်)မှာ   ကျင်းပခဲ့တာကို လေ့လာတွေ့ရှိခဲ့ရပါတယ်။

ပေကျင်းမှာကျင်းပတဲ့ ဆောင်းရာသီအိုလံပစ်ပွဲတော် ပြိုင်ပွဲဝင်တွေထဲမှာ အရှေ့တောင်အာရှကနိုင်ငံအချို့ အပါအဝင်ကမ္ဘာ့တိုက်ကြီးလေးတိုက်က အားကစားသမားတွေ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။

တကယ်တော့  ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲတော်ကို ကမ္ဘာကိုရှေးရှုခြင်း၊ အနာဂတ်ကိုရှေးရှုခြင်း၊ ခေတ်မီရေးကိုရှေးရှုခြင်း စတဲ့ခံယူချက်တွေနဲ့အညီ ကျင်းပတာလို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ စည်းလုံးညီညွတ်သော ကမ္ဘာဖြစ်ရေး ဆိုတဲ့ဆောင်ပုဒ်ကို ထားရှိဖော်ဆောင်တယ်လို့လည်း ဆိုပါတယ်။ ဒီဆောင်ပုဒ်နဲ့အညီ အားကစားသမားတစ်ဦးချင်း၊ တစ်နိုင်ငံချင်းစီဟာ စည်းလုံးညီညွတ်စွာနဲ့ တစ်လှေတည်းစီးတစ်ခရီးတည်းသွား မိသားစုပမာ စည်းလုံးညီညွတ်စွာ ခရီးဆက်ယှဉ်ပြိုင်နိုင်ခဲ့ကြပါပြီ။ တစ်နည်းအားဖြင့်ဆိုရသော် ပေကျင်းဆောင်းရာသီအိုလံပစ် အားကစားပြိုင်ပွဲကြီးဟာ ကမ္ဘာ့နိုင်ငံများအကြား စည်းလုံးညီညွတ်ရေးကို ပုံဖော်နိုင်တဲ့ အားကစားပွဲကြီးဖြစ်ပါကြောင်း ဖော်ညွှန်း ရေးသားလိုက်ရပါတယ်။   ။                

မြင့်ဝေလှိုင်