ဂျပန်ဝန်ကြီးချုပ်အသစ် ယိုရှီဟီဒေးဆူဂါက ၎င်းအနေဖြင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နှင့် ကြိုတင်သတ်မှတ်ချက် မထားသည့် တွေ့ဆုံပွဲတစ်ခုလုပ်ရန် ဆန္ဒရှိကြောင်းနှင့် ထိုဆန္ဒမှာ ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၏ နိုင်ငံတကာဆက်ဆံရေးမူဝါဒကို အကောင်အထည်ဖော်ခြင်း ဖြစ်ကြောင်း စက်တင်ဘာ ၂၆ ရက်တွင် ကုလသမဂ္ဂအထွေထွေညီလာခံ၌ပြောသည်။
ဂျပန်နိုင်ငံအနေဖြင့် မြောက်ကိုရီးယား၏ နျူကလီးယားလက်နက်များနှင့် ဒုံးကျည်ကိစ္စရပ်များ၊ ဂျပန်နိုင်ငံသားများ ပြန်ပေးဆွဲခံရမှုများကို ဖြေရှင်းကာ နှစ်နိုင်ငံဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ယိုရှီဟီဒေးဆူဂါက ပြောသည်။
နှစ်နိုင်ငံကြား အပြုသဘောဆောင်သော ဆက်ဆံရေးတည်ဆောက်ခြင်းသည် နှစ်နိုင်ငံစလုံး၏ အကျိုးစီးပွား အတွက်သာမက ဒေသတွင်းတည်ငြိမ်အေးချမ်းရေးကိုပါ ပံ့ပိုးပေးရာရောက်ကြောင်း ၎င်းကဆက်ပြောသည်။
ယိုရှီဟီဒေးဆူဂါသည် စက်တင်ဘာ ၂၄ ရက်တွင် တောင်ကိုရီးယားသမ္မတမွန်ဂျေးအင်နှင့်လည်း ဆက်သွယ်ဆွေးနွေးပြီး နှစ်နိုင်ငံဆက်ဆံရေးသည် ခက်ခဲသော အခြေအနေတွင် ရှိကြောင်း၊ သို့သော် လျစ်လျူရှုထား၍ မရကြောင်းနှင့် မြောက်ကိုရီးယားအရေးနှင့်ပတ်သက်၍ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောသည်။
ဂျပန်ဝန်ကြီးချုပ်တစ်ဦးက တောင်ကိုရီးယားသမ္မတနှင့် ဆက်သွယ်စကားပြောဆိုမှုသည် နှစ်နိုင်ငံဆက်ဆံရေး တင်းမာ နေသည့် ကိုးလအတွင်း ပထမဆုံးအကြိမ် ဖြစ်ကြောင်း သိရသည်။
Ref: TST