ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အခမဲ့ပေးရန် လက်တင်အမေရိက ခေါင်းဆောင်များက ကုလသမဂ္ဂကိုတောင်းဆို

နောင်တစ်ချိန်တွင်ရရှိလာမည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အခမဲ့ပေးရန် လက်တင်အမေရိကဒေသရှိ နိုင်ငံများမှ ခေါင်းဆောင်များက ကုလသမဂ္ဂကိုတောင်းဆိုသည်။

ထို့ပြင် ကမ္ဘာ့အင်အားကြီးနိုင်ငံများ အနေဖြင့်လည်း ကမ္ဘာကြီးပြန်လည်ကျန်းမာစေရေးအတွက် ကပ်ရောဂါဆိုးကို ကူညီတိုက်ထုတ်ပေးရန် ၎င်းတို့က တိုက်တွန်းထားသည်။

လက်တင်အမေရိကဒေသ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ ၉ သန်းနီးပါးနှင့် သေဆုံးသူ ၃၃၀၀၀၀ ကျော်ရှိပြီး ထိုပမာဏသည် ကမ္ဘာပေါ်တွင် အဆိုပါရောဂါကြောင့် သေဆုံးသူစုစုပေါင်း၏  သုံးပုံတစ်ပုံဖြစ်ကြောင်း  တရားဝင်ထုတ်ပြန်ချက်များအရ သိရသည်။

လက်တင်အမေရိကဒေသသည် ဆင်းရဲသည့်ဒေသ ဖြစ်သည့်အပြင် ကမ္ဘာ့ကပ်ရောဂါကိုပါ ရင်ဆိုင်နေရသောကြောင့် ဒေသတွင်းရှိ ပြည်သူများအနေဖြင့် ကိုယ့်နည်းကိုယ့်ဟန်နှင့်    မည်သို့မျှအသက်ရှင်ရပ်တည်နိုင်မည်မဟုတ်ကြောင်း    အာဂျင်တီးနားသမ္မတ   အယ်ဘာတိုဖာနန်ဒက်က   ကုလသမဂ္ဂအထွေထွေညီလာခံ၌ ပြောသည်။

ထို့ပြင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ကမ္ဘာ့ပြည်သူများ ရပိုင်ခွင့်ရှိသည့် အရာအဖြစ် ကြေညာပေးရန် ၎င်းကတောင်းဆိုထားသည်။

အလားတူ ကမ္ဘာ့အင်အားကြီး နိုင်ငံများဖြစ်သည့် အမေရိကန်နှင့်တရုတ်နိုင်ငံတို့ အနေဖြင့် ထိပ်တိုက်ရင်ဆိုင်မှုများ လုပ်နေမည့်အစား ကမ္ဘာ့ကပ်ရောဂါကို တိုက်ဖျက်ရန်နှင့် ကျဆင်းနေသည့် ကမ္ဘာ့စီးပွားရေးကို နာလန်ထူရန် ဦးစီးလုပ်ဆောင်သင့်ကြောင်း ချီလီသမ္မတ ဆီဘက်ရှန်ပိုင်နီရာက ပြောသည်။

ကမ္ဘာပေါ်၌ ဖော်စပ်နေသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အမျိုးပေါင်းများစွာ ရှိသော်လည်း အရေးကြီးသည့် နောက်ဆုံးအဆင့်လက်တွေ့စမ်းသပ်မှု လုပ်ခွင့်ရသော ကာကွယ်ဆေး ၁၁ မျိုးသာ ရှိသည်။

ကုလသမဂ္ဂအနေဖြင့် ၂၀၂၁ ခုနှစ်အကုန်တွင် ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ဆေးအလုံးပေါင်း ၂ ဘီလီယံအထိရရှိနိုင်ရေး  မျှော်မှန်းထားသော ရှေ့ပြေးစီမံကိန်းတစ်ခုကို  အကောင်အထည်ဖော်နေပြီး ထိုအစီအစဉ်တွင် ပါဝင်သော နိုင်ငံများအနေဖြင့် ကာကွယ်ဆေးကို အချိုးကျခွဲဝေရရှိမည် ဖြစ်သည်။

ထို့ပြင် လက်တင်အမေရိက ဒေသခေါင်းဆောင်များသည် ကပ်ရောဂါကြောင့်ဖြစ်သည့် စီးပွားရေးအလွန်အမင်း ကျဆင်းမှုကို လျှော့ချနိုင်ရန် ကမ္ဘာ့နိုင်ငံများအနေဖြင့် ၎င်းတို့အား အတိုးမဲ့ချေးငွေချေးပေးရန်လည်း တောင်းဆိုထားသည်။        

Ref: TST