အနံ့ဆိုးများကိုလည်း စစ်ထုတ်ပေးနိုင်မယ့် နှာခေါင်းစည်းအသစ်

ယနေ့အချိန်မှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု မြင့်တက်လာတာနဲ့အမျှ တစ်ကိုယ်ရေသုံး အကာအကွယ် ပစ္စည်းတွေရဲ့ ဈေးကွက်ကလည်း အလွန်ကို ကြီးမားကျယ်ပြန့်လာပြီး သီတင်းပတ်တစ်ပတ်ကို  ပစ္စည်းအသစ်တစ်မျိုးထွက်တဲ့ အထိပါပဲ။

အခုလည်း အိန္ဒိယနည်းပညာ တက္ကသိုလ်က နှာခေါင်းစည်းအမျိုးအစားအသစ်တစ်ခုကို ဖန်တီးလိုက်ပြန်ပါပြီ။ နှာခေါင်းစည်းပုံစံကတော့ N95 နှာခေါင်းစည်းပုံစံ ဖြစ်ပေမယ့်လည်း ထည့်သွင်းအသုံးပြုထားတဲ့ ကုန်ကြမ်းပစ္စည်းတွေ ကတော့ သာမန် N95 နှာခေါင်းစည်းတွေနဲ့ ကွဲပြားပါတယ်။

အဲဒီနှာခေါင်းစည်းရဲ့ အပြင်ဘက်ဆုံး အလွှာကို နန်နိုအမှုန်လေးတွေနဲ့ လုပ်ထားတာဖြစ်တဲ့အတွက် ဗိုင်းရပ်တွေရှေ့ဆက် မတိုးနိုင်အောင် အတားအဆီးအဖြစ် ဆောင်ရွက်ပေးနိုင်ပါတယ်။

အဓိကကျတဲ့ ပြုပြင်ပြောင်းလဲမှု ကတော့ အလွန်မှုန့်ညက်အောင် ပြုပြင်ဖန်တီးထားတဲ့ ကာဗွန်အလွှာနဲ့ အနံ့ဆိုးကင်းနည်းပညာကို အသုံးပြုထားခြင်းပဲ ဖြစ်ပါတယ်။

မိမိတို့အနေနဲ့ လက်ရှိကာလမှာ နှာခေါင်းစည်းကို မဖြစ်မနေအသုံးပြုလာရသူတွေ များပါတယ်။ အသုံးပြုတဲ့ အခါမှာလည်း အချိန်အနည်းငယ် ကြာလာတဲ့အခါ ခံတွင်းနံ့နဲ့ ဗက်တီးရီးယားတို့ ပေါင်းစပ်ပြီး အနံ့ဆိုးတွေရတာကို နှာခေါင်းစည်း အသုံးပြုသူတိုင်း ခံစားဖူးမှာပါ။

ဒါကြောင့် အိန္ဒိယနည်းပညာတက္ကသိုလ်မှ သုတေသီတွေက ဗိုင်းရပ်ကို စစ်ထုတ်နိုင်ရုံသာမက အနံ့ဆိုးတွေကိုလည်း ပြယ်လွင့်စေတဲ့ ကာဗွန်နည်းပညာကို အသုံးပြုလာတာ ဖြစ်ပါတယ်။

အခုတော့ ဒီနည်းပညာ အသုံးပြုထားတဲ့ နှာခေါင်းစည်းတွေကို လက်တွေ့စမ်းသပ်မှု အောင်မြင်စွာ လုပ်ဆောင်ထားပြီးပါပြီ။ ထုတ်လုပ်ဖို့သာကျန်ပါတော့တယ်။

တကယ်တမ်း ဈေးကွက်ဝင်လာပြီဆိုရင်လည်း သမားရိုးကျ N95 နှာခေါင်းစည်းတွေထက် ဈေးအနည်းငယ်ပိုကြီးမှာ ဖြစ်ပေမယ့် သူ့ရဲ့ထိရောက်မှုနဲ့ ကာကွယ်နိုင်စွမ်းကလည်း သမားရိုးကျ N95 ထက်ပိုတာ တွေ့ရမှာ ဖြစ်ပါတယ်။

နွေဦး