၂၅ မိနစ်အတွင်း ကိုယ်တိုင်လုပ်နိုင်တဲ့ နားကြားကိရိယာ

ကမ္ဘာပေါ်ရှိ အသက် ၆၅ နှစ်ကျော်ပြီ ဖြစ်တဲ့ လူပေါင်းသန်း ၂၀၀ ကျော်မှာ တော်ရုံအားဖြင့် အကြားအာရုံ ချို့ယွင်းလာလေ့ ရှိပါတယ်။ ဒါပေမဲ့လည်း အများစုက နားကြားကိရိယာ ကောင်းကောင်းတစ်ခုကို ဝယ်ဖို့ မတတ်နိုင်ကြပါဘူး။

ဒါကြောင့်     ဂျော်ဂျီယာနည်းပညာတက္ကသိုလ်မှ သုတေသီတွေက ကုန်ကျငွေ တစ်ဒေါ်လာသာရှိပြီး ဘယ်သူမဆိုအလွယ် တကူလုပ်နိုင်တဲ့ နားကြားကိရိယာဖန်တီးမှုကို တီထွင်မျှဝေခဲ့ပါတယ်။

အခုတီထွင်ဖန်တီးမှုက အသက်ကြီးလာလို့ သဘာဝအလျောက်အကြားအာရုံချို့ယွင်းသူတွေအတွက်သာ ဖြစ်ပြီး တခြား ဈေးကြီးနားကြား ကိရိယာတွေလောက်တော့ မစွမ်းဆောင်နိုင်ပေမယ့် သက်ကြီးရွယ်အို တွေအတွက်တော့  တော်တော်လေးကို ထိရောက်မှုရှိစေမှာပါ။

သုတေသီတွေဟာ  LoCHAid  လို့အမည်ပေးထားတဲ့  ကိရိယာတစ်မျိုးကို တီထွင်လိုက်ပါတယ်။   အဲဒီကိရိယာရဲ့ ကုန်ကျငွေက တစ်ဒေါ်လာသာ ရှိပါတယ်။

ဒါမှမဟုတ် ကိုယ်တိုင်လုပ်မယ်ဆိုရင်လည်း အလွယ်တကူလုပ်လို့ရအောင် သူတို့အသုံးပြုတဲ့နည်းပညာကို ဝေမျှပေးထားပါတယ်။ LoCHAid မှာပါတဲ့ပစ္စည်းတွေက PCB ဘုတ်ပြားတစ်ခု၊ RC Filter များ၊ Power Source များ၊ မိုက်ခရိုဖုန်းအသေးတစ်ခု၊ အသံထွက်ပေါက်တစ်ခု၊ Poten-tiometer တစ်ခု၊ အဖွင့်အပိတ်ခလုတ်၊ Class D အသံချဲ့ကိရိယာ တစ်ခုနဲ့ နားကျပ်တို့ဖြစ်ပါတယ်။

အဲဒီပစ္စည်းတွေ အားလုံးသာရပြီဆိုရင် ကိုယ်တိုင်လုပ်နားကြားကိရိယာ တစ်ခုဖန်တီးဖို့အတွက် အချိန် ၂၅ မိနစ်သာ ပေးရပါမယ်။

အရွယ်အစားကတော့ နည်းနည်းကြီးသွားမှာ ဖြစ်တဲ့အတွက် လည်ပင်းမှာ ချိတ်ဆွဲထားရမှာပါ။ ဒါပေမဲ့လည်း အလေးချိန် ကတော့  ပြောပလောက်အောင် မရှိတဲ့အတွက် သက်ကြီးရွယ်အိုတိုင်း အသုံးပြုနိုင်တဲ့ နားကြားကိရိယာတစ်ခု ဖြစ်မှာအမှန်ပါပဲ။ 

  နွေဦး