မျက်မမြင်တွေကို အလင်းဖွင့်ပေးမယ့် ကမ္ဘာ့ပထမဆုံးသောအရာ

ကမ္ဘာပေါ်မှာ အမြင်အာရုံချို့ယွင်းသူတွေကို အလင်းဖွင့်ပေးဖို့အတွက် အထောက်အကူပြု ကိရိယာမျိုးစုံ ထွက်ပေါ်လာခဲ့ဖူးပါတယ်။ ဒါပေမဲ့ အခုတင်ပြပေးမယ့် အရာကတော့ ကမ္ဘာပေါ်မှာ ပထမဆုံးဖြစ်တဲ့အပြင် ယခင်အထောက်အကူပြုကိရိယာတွေထက်ပိုပြီး ထိရောက်မှုရှိပါလိမ့်မယ်။

အခုမျက်မမြင်အထောက်အကူပြုကိရိယာလေးကို တီထွင်ထားတာကတော့ မိုနက်(ရှ်)တက္ကသိုလ်မှ သုတေသီများပဲ ဖြစ်ပါတယ်။ သူတို့ဟာ ဒီကိရိယာလေးကိုရရှိဖို့ ၁၀ နှစ်ကျော်ကြာကြိုးပမ်းခဲ့တာပါ။

လက်ရှိအချိန်အထိတော့ လူသားတွေနဲ့လက်တွေ့ မစမ်းသပ်ရသေးပေမယ့် ဇူလိုင်လမှာလုပ်တဲ့ စမ်းသပ်မှုတစ်ခုမှာတော့ အမြင်အာရုံဆုံးရှုံးနေတဲ့ သိုးသုံးကောင်ကို အမြင်အာရုံ ပြန်ရစေနိုင်ခဲ့တာ တွေ့ရပါတယ်။

ဒီကိရိယာလေးရဲ့  လုပ်ဆောင်မှုက ဘယ်လိုမျိုးလဲဆိုရင် ဦးနှောက်ထဲမှာရှိတဲ့ အမြင်အာရုံလက်ခံဌာနဆီ အချက်ပြမှုတွေ ထုတ်လွှတ်ရာမှာ အလယ်ကနေပိတ်ထားတဲ့ အမြင်အာရုံကြောတွေကို ကျော်ပြီး ချိတ်ဆက်တာမျိုး ဖြစ်ပါတယ်။     အဲဒီအမြင်အာရုံကြောတွေ ဆိုတာကလည်း ထိခိုက်မှု တစ်ခုခုကြောင့် ပျက်စီးနေတာမျိုးပါ။

သူ့ရဲ့လုပ်ဆောင်မှုက ဘယ်လိုလဲဆိုတာကို ပြောလိုက်ရတာက လွယ်ပါတယ်။ တကယ် တမ်းမှာ အဲဒီလိုဖြစ်လာ နိုင်ဖို့အတွက် ၁၀ နှစ်လောက် ကြိုးစားခဲ့ရတာပါ။

အဲဒီစနစ်မှာဆိုရင် ကင်မရာတစ်လုံး၊ ကြိုးမဲ့ထုတ်လွှင့်မှုစနစ်တစ်ခု၊ အမြင်အာရုံပုံဖော်ရေးစနစ်နဲ့ ဆော့ဝဲတစ်ခု၊ ငုတ်တိုင်လေးများ ပါဝင်ပါတယ်။ ငုတ်တိုင်လေးတွေကို  ဘာအတွက်သုံးတာလဲဆိုရင်  အမြင်အာရုံချို့ယွင်းနေသူရဲ့  ဦးနှောက်ထဲမှာ ထည့်သွင်းတပ်ဆင်ဖို့ ဖြစ်ပါတယ်။

ကင်မရာကမြင်ကွင်းတွေကို ဖမ်းယူပြီး အမြင်အာရုံပုံဖော်ရေးစနစ်ဆီကို ပို့တယ်။ အဲဒီစနစ်ကရရှိတဲ့ အချက်အလက်တွေကို ပြန်လည်ပြုပြင်ဖန်တီးပြီး ကြိုးမဲ့ထုတ်လွှင့်မှု စနစ်ကနေတစ်ဆင့် အလွန်ရှုပ်ထွေးလှပြီး ငုတ်တိုင်လေးတွေပါတဲ့   ဆားကစ်ပြားဆီ ပို့လိုက်ပါတယ်။

ဆားကစ်ပြားဆီရောက်လာတဲ့ အချက်အလက်တွေက  လျှပ်စစ်လှိုင်းတိုပုံစံတွေ အဖြစ်ပြောင်းလဲပြီး ဆံခြည်မျှင်လျှပ်ခေါင်း တွေကနေတစ်ဆင့် ဦးနှောက်ကိုလှုံ့ဆော်ပါတယ်။ အဲဒီအခါမှာ အမြင်အာရုံချို့ယွင်းနေသူဟာ မျက်စိပြန်မြင်သကဲ့သို့ အရာဝတ္ထုတွေကို မြင်တွေ့လာရတာ ဖြစ်ပါတယ်။

တကယ်လို့    ဒီစနစ်ကိုလူသားတွေမှာ လက်တွေ့စမ်းသပ်မှု အောင်မြင်သွားတယ်ဆိုရင် အဲဒီစနစ်ကို တခြားနေရာမှာ အကျိုးရှိစွာ အသုံးပြုနိုင်ဦးမှာပါ။ အဲဒါကတော့ ကိုယ်လက်အင်္ဂါမသန်စွမ်းသူတွေကို အရင်လို လှုပ်ရှားနိုင်စွမ်း ပြန်ပေးဖို့ ဖြစ်ပါတယ်။

                           နွေဦး