တစ်ရေးနိုးလည်း ဖြစ်နေတဲ့စိတ်

မှတ်မှတ်ရရပြောရရင်တော့ ပြီးခဲ့တဲ့တစ်ပတ်စနေနေ့ ညနေစောင်းလောက်ပေါ့။ ကျွန်မဆီကိုဖုန်းနဲ့ သတင်းပို့လာတာက သမားတော်လေးအောင်အောင်ပေါ့။ သူကဒီနေ့ရဲ့သမားတော်ဂျူတီလေ။ သူပြောတာက လူနာတစ်ဦးက   အထက်လှန်အောက်လျှောဖြစ်ပြီး ဆေးရုံရောက်လာတယ်။ သွေးပေါင်လည်း ကျနေတယ်။ သွေးထဲမှာ အောက်ဆီဂျင်ဓာတ်လည်း နည်းနေတယ်။ ရောဂါရာဇဝင်ကို သေသေချာချာ မေးကြည့်တော့ ချောင်းဆိုးနေတာ   တစ်ပတ်ရှိပြီလို့ပြောတယ်။ အဲဒီတော့ COVID ဖြစ်နေတယ်လို့ ထင်တယ်။ စိုးရိမ်ရတဲ့ အနေအထားပေါ့။ အဲဒီတော့သူလည်းလိုအပ်တဲ့ကုသမှုတွေလုပ်ပြီး COVID သံသယလူနာတွေထားတဲ့ဆေးရုံကို ချက်ချင်းပို့လိုက်တယ်ပေါ့။ နှာခေါင်းတို့ဖတ်လည်း ယူလိုက်တယ်။ အဲဒါတွေအားလုံးနားထောင်ပြီး ကျွန်မက တစ်ခွန်းပဲသူ့ကို မေးလိုက်ပါတယ်။ “မင်းလူနာကို ပလတ်စတစ်ခန်းစီး ကာထားတဲ့ အခန်းထဲမှာထားပြီး ရောဂါရာဇဝင်မေးတာလား။ ကာကွယ်ရေးဝတ်စုံဝတ်ထားလား” ဆိုတော့ သူက “ဟုတ်ကဲ့အစ်မ” လို့ဖြေပါတယ်။

ကျွန်မစိတ်ထဲမှာ တွေးနေတာကတော့ ဒီ COVID လူနာဟာ  သွေးပေါင်ချိန်လည်းကျ၊   သွေးထဲမှာ အောက်ဆီဂျင်ဓာတ်လည်း ကျဆိုတော့ သူ့အသက်ကို တော်တော်လေးလုပြီး ကယ်တင်ရတောင် မလွယ်ဘူးလို့ ထင်ပါတယ်။ အမှန်အတိုင်းဝန်ခံရရင် လူနာအတွက် ပူတာထက် သူ့ကိုကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့ ဆရာဝန်တွေနဲ့ သူနာပြုတာတွေ ရောဂါကူးသွားမှာကို ပိုပြီးစိုးရိမ်နေပါတယ်။ ဒီဆရာဝန်တွေ၊ သူနာပြုတွေ နေကောင်းကျန်းမာနေမှ လူနာတွေအများကြီးကို ကယ်နိုင်မှာမို့လား။ ဒါကြောင့်မို့လို့လည်း ကျွန်မတို့ဆေးရုံမှာ အရေးပေါ်လူနာတွေ ကြည့်တဲ့နေရာမှာ ကာကွယ်ရေး ဝတ်စုံတွေဝတ်ဖို့၊ နှာခေါင်းစည်း၊ မျက်နှာအကာ၊ ဦးခေါင်းစွပ်၊ လက်အိတ်ဝတ်ဖို့ထပ် တလဲလဲ သတိပေးနေရတာပါ။ အခုလို COVID ရောဂါကပ်ရောဂါအသွင်နဲ့ တစ်ကမ္ဘာလုံးဖြစ်နေတဲ့ အချိန်မှာ အရေးပေါ်လူနာကြည့်တဲ့နေရာကိုအကြမ်းဖျင်းအားဖြင့် နှစ်မျိုးခွဲခြားထားပါတယ်။

ပထမတစ်ခုက ဖျားတဲ့လူနာတွေ ကြည့်တဲ့နေရာပါ။ နောက်တစ်ခုက အဖျားမရှိတဲ့လူနာ တစ်နည်းအားဖြင့် COVID ဖြစ်နိုင်ခြေနည်းပါးတဲ့ လူနာတွေ ကြည့်တဲ့နေရာပါ။ အဲဒီကိုလာတာ တွေကတော့ သတိမေ့လို့၊ လေဖြတ်လို့၊ မောလို့၊ ဝမ်းပျက်လို့၊ ဖောလို့၊ ဗိုက်အောင့်လို့ ဖြစ်ကြတာများပါတယ်။ ဖျားတဲ့လူနာတွေကြည့်တဲ့နေရာမှာတော့ လူနာတွေကနေမကောင်းဘူး၊ ဖျားနေပါတယ်လို့   ပွင့်ပွင့်လင်းလင်း အတိအကျပြောတဲ့ လူနာတွေကို ပဏာမစစ်ဆေးပြီး ဃဥဠှီု နဲ့တူရင် နှာခေါင်းတို့ဖတ်ယူလိုက်တာပေါ့။ ရောဂါရာဇဝင်မေးတဲ့အခါမှာလည်း တယ်လီဖုန်းနဲ့ သေသေချာချာ မေးတယ်။ စမ်းသပ်တဲ့ အခါမှာလည်း ကာကွယ်ရေးဝတ်စုံအပြည့်အ၀၀တ်တယ်။ အဲဒီတော့ ဖျားတဲ့လူနာတွေ ကြည့်တဲ့နေရာမှာ လူနာဆီက COVID ရောဂါပိုးက ဆရာဝန်၊ ဆရာမ၊ သူနာပြုတွေကို ကူးစက်နိုင်နှုန်းက မရှိသလောက်ကို နည်းပါးပါတယ်။

အဖျားမရှိတဲ့လူနာတွေပြည့်တဲ့ နေရာကိုလာတဲ့ လူနာတွေကတော့ COVID မဖြစ်မီအချိန်လိုပဲ။

ဖြစ်လေ့ဖြစ်ထရှိတဲ့၊ လာလေ့လာထရှိတဲ့ အရေးပေါ် လူနာတွေပါပဲ။ ဒီနေရာမှာလည်း COVID ရောဂါရှိတဲ့လူနာတွေ ရောပြီး ပါလာနိုင်တာမို့လို့ လူနာစမ်းသပ်ခန်းထဲမှာ ပလတ်စတစ်အထူနဲ့ နေရာအကန့်အသတ်လုပ်ထားရတာပေါ့။ လူနာရဲ့ရောဂါရာဇဝင်ကို အကန့်ရဲ့အပြင်ကနေ အရင်မေးပြီး COVID ဖြစ်နိုင်ခြေနီးလားဆိုတာ အရင်စဉ်းစားရတာပေါ့။ ဖြစ်နိုင်ခြေရှိရင် ဖျားတဲ့လူနာတွေကြည့်တဲ့ နေရာကိုပို့ပြီး ဆက်လုပ်ရတာပေါ့။ COVID  ဖြစ်နိုင်ခြေမရှိဘူးလို့ ထင်တဲ့အခါမှ အဲဒီလူနာကို လူနာဆောင်(ပုံမှန်လူနာထားတဲ့ ဖျားနာဆောင်)မှာထားပြီး လိုအပ်တဲ့ကုသမှုတွေ ပေးရတာပေါ့။

ဒီဘက်လပိုင်းမှာ  COVID  ဖြစ်တဲ့နှုန်းကလည်း အရမ်းများလာတာမို့လို့ ကျွန်မတို့က ကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့  ဝန်ထမ်းတွေအားလုံးကို ရောဂါမကူးအောင် အထူးသတိရှိဖို့ ကာကွယ်ရေး ဝတ်စုံတွေ အပြည့်အ၀ ၀တ်ဖို့ကို ထပ်ခါထပ်ခါ သတိပေးနေရတာပေါ့။

ဒီနေရာလေးနှစ်ခုအနက် အဖျားမရှိတဲ့လူနာတွေ ကြည့်တဲ့နေရာမှာ သမားတော်လေးအောင်အောင်က စောစောကလူနာကို စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလူနာက ဝမ်းပျက်ပြီး သွေးပေါင်ကျတဲ့ အကြောင်းပဲပြောပေမယ့် သမားတော်လေးက ရောဂါရာဇဝင်ကို သေသေချာချာ မေးကြည့်လိုက်တော့မှ ဖျားနေတာနဲ့ချောင်းဆိုးတာငါးရက်၊ တစ်ပတ်လောက်ရှိပြီ ဆိုတာသိရတာပါ။ အဲဒီတော့ ဒီလူနာရဲ့ COVID ရောဂါဖြစ်နိုင်ခြေဟာ ရာနှုန်းပြည့်ပဲပေါ့။

ဒီနေရာမှာ ကျွန်မတို့တွေ သင်ခန်းစာယူရမှာကတော့ မည်သည့်လူနာမဆို တကယ်ဖျားနေတာကို ပြောပြတာလည်း ရှိတယ်။ ဖျားနေတာကို မေ့ပြီးမပြောမိတာလည်း ရှိတယ်။ ဒါမှမဟုတ်ရင်  ဖျားနေတာကို  တမင်ကို မပြောတာလည်း ဖြစ်နိုင်တာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို့ ကျန်းမာရေး ဝန်ထမ်းတွေကတော့ ကိုယ်တွေကို လုံခြုံမှုရှိအောင် အမြဲသတိပြုရမှာပေါ့။

တနင်္ဂနွေနေ့ နေ့လယ်ဘက်မှာတော့ သမားတော်လေးအောင်အောင်က ထပ်ပြီးဖုန်းဆက်လာပါတယ်။

“အစ်မရေ ကျွန်တော်တို့အဖွဲ့တော့  Q  ဝင်ရမယ်။ မနေ့ကလူနာက နှာခေါင်းတို့ဖတ် အဖြေက ကိုဗစ်ပိုးတွေ့တယ်တဲ့လေ။ ထင်တဲ့အတိုင်းပဲပေါ့။” အဲတော့ ကျွန်မက ပြန်မေးရတယ်။ “မင်းပြောတော့ ပလတ်စတစ် အထူကာထားတဲ့ သီးသန့်အခန်းအပြင်ကကြည့်တယ်ဆို။” အဲတော့မှပဲ သမားတော်လေးအောင်အောင်က အဖြစ်မှန်ကို ပြောတော့တယ်။

အဲဒီလူနာကို သူ့ကိုလာပို့တဲ့ကားပေါ်က ပွေ့ပြီးချတာက  သမားတော်လေးအောင်အောင်တို့ တစ်ဖွဲ့လုံးက လုပ်တာ။ တစ်ဖွဲ့လုံးဆိုတာ အလုပ်သင်ဆရာဝန်၊ လက်ထောက်ဆရာဝန်နဲ့သူနာပြုအဖွဲ့ကို ပြောတာပါ။

ကားဆိုက်ဆိုက်ချင်း  ဘာဖြစ်တာလဲလို့မေးတော့ ဝမ်းသွားတာပါလို့  လူနာနဲ့လူနာရှင်က  ဖြေတာကိုး။

လက်ဖျားခြေဖျားလည်း အေးစက်နေတယ်၊ အမောလည်း ဖောက်နေတယ်ဆိုတော့ ဆရာဝန်နဲ့သူနာပြုတို့ရဲ့ စိတ်ရင်းအတိုင်း၊ တစ်နည်းအားဖြင့် လူနာကို အမြန်ကုသပြီး ကယ်ဆယ်ချင်တဲ့စိတ် အမြန်ဆုံးဝိုင်းဝန်းပြီး မလိုက်တာပေါ့။ ပြီးတော့ အောက်ဆီဂျင်ပေးကြ၊ အကြောဆေးသွင်းဖို့ လုပ်ကြတာပေါ့။ တစ်ချိန်တည်းမှာပဲ ရာဇဝင်မေးလိုက်တော့မှ ကိုဗစ်နဲ့တူတယ်ဆိုမှ ကိုယ့်အဖွဲ့က အနီးကပ်ကိုင်တွယ်ပြီးသား ဖြစ်သွားပြီ။

ကျွန်မတို့တွေ ဘယ်လိုပဲ အလေ့အကျင့်လုပ်ပေးထားထား၊ ဘယ်လိုပဲ သတိပေးထားထား ဆရာဝန်နဲ့ သူနာပြုတို့ရဲ့ နှလုံးသားထဲမှာ တစ်ရေးနိုးလည်း ဖြစ်နေတဲ့စိတ်က လူနာကိုမျက်စိအောက်မှာ တွေ့တွေ့ချင်း ကိုယ့်အတွက် လုံခြုံအောင် ကာကွယ်ရမယ်ဆိုတဲ့စိတ် မေ့သွားကြတာပါပဲ။ တစ်နည်းအားဖြင့် လူနာအတွက်ဆိုရင် အားလုံးဦးစားပေးအဆင့်တစ်၊ အလျင်အမြန်ဆုံးကယ်ဆယ်လို့ရအောင် လုပ်လိုက်တာပေါ့။ မိမိကိုယ်မိမိအတွက်လည်း တကယ်မေ့သွားတာပေါ့။

အခုတော့ သမားတော်အောင်အောင်တို့တစ်ဖွဲ့လုံး ျှ ဝင်နေတယ်လေ။ အကယ်၍များ သမားတော်လေးအောင်အောင် ကိုဗစ်ရောဂါဖြစ်ပွားရင် ဆိုးဆိုးရွားရွား ဖြစ်သွားရင်  သူ့ကိုအားထားနေရတဲ့ လူနာအများစုအတွက် နစ်နာတာပေါ့။ ဒါတောင် သူ့အမျိုးသမီးနဲ့ကလေး နှစ်ဦးကို ထည့်မတွက်သေးပါ။

ကျွန်မတို့ကသာ သမားတော်အောင်အောင်အတွက် အကြီးအကျယ ်စဉ်းစားပေးနေတာလေ။ သမားတော် လေးအောင်အောင်ကတော့ အဲဒီနေ့က သူ့လူနာကို မြန်မြန်ဆန်ဆန် ကုသမှုပေးလိုက်တဲ့အတွက် အသက်ရှင်နေတာကို ကျေနပ်နေပါတယ်။ Q ဝင်ရတဲ့အတွက်လည်း စိတ်ဆင်းရဲတဲ့ ပုံမပေါ်ပါဘူး။ သူ့ကို ကိုဗစ်ပိုးကူးသွားပေမယ့်လည်း နောင်တမရပါ။ ကျွန်မတို့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ ဒီလိုမျိုးစိတ်ဓာတ် အမြဲတစေနှလုံးသားမှာတည်တဲ့စိတ် တစ်နည်းအားဖြင့် တစ်ရေးနိုးလည်း ဖြစ်ရတဲ့စိတ်မဟုတ်ပါလား။

ကျွန်မစဉ်းစားပြီး စိတ်ပူနေတာကတော့ “ကျွန်မတို့ ကျန်းမာရေး ဝန်ထမ်းတွေ ဘယ်လောက်ပဲ COVID အတွက် ရောဂါမကူးအောင်၊ လုံခြုံမှုရှိအောင်လေ့ကျင့်မှုတွေပေးပေး၊ သတိပေးတာတွေလုပ်လုပ် ကိုယ့်မျက်စိရှေ့မှာ အရေးကြီး လူနာတွေ့ရင် (အင်္ဂလိပ်လိုတော့ SE-COND NATURE) “တစ်ရေးနိုးလည်းဖြစ်နေတဲ့စိတ်” က အားလုံးကို အနိုင်ယူသွားပါတယ်။ ဒီလိုလူနာသာလျှင် အဓိက မိမိက ဒုတိယဆိုတဲ့စိတ်ကို ဘယ်သူမှပြောင်းလဲလို့ရမယ်လို့ မထင်ပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီ COVID ကာလမှာ ကျန်းမာရေးဝန်ထမ်းတွေအားလုံး မိမိကိုယ်မိမိလုံခြုံမှုရှိဖို့က ပထမဖြစ်ပါတယ်။ ကိုယ့်အတွက်လုံခြုံမှ သူများကိုကယ်ဖို့စဉ်းစားပါ။ ကိုယ်လုံခြုံမှ တစ်နည်းအားဖြင့် ကိုယ်ကျန်းမာမှလူနာအများစုကို အသက်ကယ်နိုင်မှာပေါ့။ ပိုပြီးကြီးကြီး ကျယ်ကျယ်ပြောရရင် ကိုယ်လုံခြုံမှ၊ ကိုယ်ကျန်းမာမှ ဒီ COVID ကိုအနိုင်ယူနိုင်မှာ ပေါ့။ ကျန်းမာရေးဝန်ထမ်းတွေအားလုံး ဒီကာလမှာပိုပြီး သတိပြုအောင် ရည်ရွယ်ပါတယ်။   ။

ပါမောက္ခဒေါက်တာခင်ဖြူပြာ