အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခံရသည့် စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာမြင့်နိုင်အပေါ် စီရင်ချက် အမိန့်ချမှတ်
နေပြည်တော် ဖေဖော်ဝါရီ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့သော ဒေါက်တာမြင့်နိုင်အပေါ် လုပ်ငန်းတာဝန်ထမ်းဆောင်စဉ် အဂတိလိုက်စားမှု ကျူးလွန်ကြောင်း တိုင်ကြားခြင်းနှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ပြီး စစ်ဆေး တွေ့ရှိချက်အရ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ မြင့်နိုင်သည် နိုင်ငံရေးရာထူး လက်ရှိဖြစ်ခဲ့စဉ်က ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် တင်ဒါလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ထုံးလုပ်နည်း စည်းကမ်းများ ဖောက်ဖျက်သဖြင့် တင်ဒါ ကြမ်းခင်းဈေးနှုန်းများ သတင်းပေါက်ကြားပြီး တင်ဒါတန်ဖိုး ငွေကျပ်သန်းပေါင်း ၂ဝဝဝဝ ကျော်ရှိသည့် လုပ်ငန်း ၆၆ ခုမှာ မူလကြမ်းခင်းဈေးအတိုင်း တင်ဒါအောင်မြင်ခဲ့ကြသည့်အပေါ် နိုင်ငံတော်အတွက် သက်သာခွင့်ရရှိမည့် ငွေကြေးများ ဆုံးရှုံးနစ်နာခဲ့ခြင်း။
၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် တင်ဒါခေါ်ယူရာတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးစိုးဦး၏ ကိုယ်ရေးအရာရှိဖြစ်သူ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝေလင်းလှိုင်နှင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြတ်သန့်စင်တို့အား တင်ဒါလုပ်ငန်း အချက်အလက်များအတွက် ငွေကြေးရယူ ဆောင်ရွက်မှုတို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအရ အရေးယူဆောင်ရွက်ခြင်း မပြုနိုင်ရန် စုံစမ်းစစ်ဆေးရေးအဖွဲ့၏ တွေ့ရှိချက် အစီရင်ခံစာအား ဖုံးကွယ်၊ ဖျောက်ဖျက်ခြင်းများ ပြုလုပ်ခဲ့ခြင်း။
မုံရွာမြို့နယ်၊ လယ်တီရပ်ကွက်အတွင်းရှိ စစ်ကိုင်းတိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာနပိုင်အင်းမြေ စုစုပေါင်း ၅ ဒသမ ၇၈ ဧကအား နိုင်ငံတော်ပိုင်မြေဖြစ်ကြောင်း သိလျက်နှင့် ငွေကြေးရယူကာ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေး ကော်မတီအစည်းအဝေးတွင် လူပုဂ္ဂိုလ်တစ်ဦးသို့ အခြားနည်း သုံးစွဲခွင့် ခွင့်ပြုခဲ့သဖြင့် နိုင်ငံတော်ပိုင်မြေ ၅ ဒသမ ၇၈ ဧက၏ ကာလတန်ဖိုး ငွေကျပ်သိန်း ၈၆၇ဝ နစ်နာဆုံးရှုံးခဲ့ခြင်း။
မုံရွာမြို့ရှိ လုပ်ငန်းဆက်စပ်သည့် ကုမ္ပဏီပိုင်ရှင် တစ်ဦးထံမှ ငွေကျပ်သိန်း ၁၁ဝ တန်ဖိုးရှိ HIJET အမျိုးအစား မော်တော်ယာဉ် တစ်စီးအား ၎င်းကိုယ်တိုင် ဦးစီးဖွင့်လှစ်ထားသည့် ဂေဟာအဆောက်အအုံတွင် အသုံးပြုရန်အတွက် တောင်းခံ လှူဒါန်းစေခဲ့ခြင်း၊ ဂေဟာနှင့် တစ်ဆက်တည်းရှိနေသော မြေဧက ၂ ဒသမ ၈၅ ဧကပေါ်တွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှု ဗဟိုကော်မတီ၏ ခွင့်ပြုချက် တစ်စုံတစ်ရာရရှိခြင်း မရှိသေးဘဲ ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ ဂေဟာမှူးအိမ်အဖြစ် ဆောက်လုပ် အသုံးပြုထားသည့် အတွက် နိုင်ငံတော်ပိုင်မြေ ၂ ဒသမ ၈၅ ဧက ဆုံးရှုံးနစ်နာခဲ့ခြင်း။
ဝန်ကြီးချုပ်ဟောင်း ဒေါက်တာမြင့်နိုင်သည် မြန်မာ့သတ္တုတွင်းဥပဒေ၊ နည်းဥပဒေ များကို လိုက်နာရန်နှင့် ကြီးကြပ်ဆောင်ရွက်ရန် ပျက်ကွက်ခဲ့ပြီး ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်မှ ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ်အတွင်း ခွင့်ပြုချထားပေးသည့် ရွှေသတ္တုလုပ်ကွက်များ အနက် အသေးစားလုပ်ကွက် ၂၄၃ ကွက်နှင့် လက်လုပ်လက်စား လုပ်ကွက် ၄၇ ကွက်တို့အတွက် တိုင်းဒေသကြီး ဘဏ္ဍာစာရင်းသို့ ကြိုတင်ပေးသွင်းရမည့် အခွန်အခများကို ကောက်ခံခြင်းမပြုဘဲ လုပ်ငန်းလုပ်ကိုင် ခွင့်ပြုခဲ့သဖြင့် နိုင်ငံတော်ကရရှိမည့် အခွန်ငွေ ငွေကျပ်သိန်း ၂၉ဝဝဝ ကျော် နစ်နာဆုံးရှုံးခဲ့ခြင်း တို့ကို စစ်ဆေးပေါ်ပေါက်သဖြင့် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာမြင့်နိုင် အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ အရ စစ်ကိုင်းတိုင်းဒေသ ကြီး တရားလွှတ်တော်တွင် ၂ဝ၂၁ ခုနှစ် မေ ၁၇ ရက်၌ တရားစွဲဆို တင်ပို့ခဲ့ရာ ရာဇဝတ်ကြီးမှု အမှတ် ၁/၂ဝ၂၁ မှ ၇/၂ဝ၂၁ အထိ အမှု ခုနစ်မှုဖြင့် လက်ခံစစ်ဆေးခဲ့သည်။
အဆိုပါအမှုများအပေါ် ပြစ်မှုထင်ရှားသဖြင့် စစ်ကိုင်းတိုင်း ဒေသကြီးတရား လွှတ်တော်က ယနေ့တွင် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာမြင့်နိုင်ကို ရာဇဝတ်ကြီးမှုအမှတ် ၁/၂ဝ၂၁ မှ ၇/၂ဝ၂၁ အထိတို့အတွက် အမှုတစ်မှုလျှင် အလုပ်နှင့် ထောင်ဒဏ် ၃ နှစ်စီဖြင့် စုစုပေါင်းအမှု ခုနစ်မှုအတွက် အလုပ်နှင့်ထောင်ဒဏ် ၂၁ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ သိရသည်။